Social Icons

Pages

Monday, October 17, 2016

အမေရိကန်နှင့် ရုရှား သဘောတူညီမှု မရခဲ့သည့် ဆီးရီးယားအရေး ဆွေးနွေးမှု


Aleppo before & after: Shocking images underscore war devastation of ancient Syrian city

( ရှိန်းထက် )

အောက်တိုဘာ ၁၅ ရက်က ဆွစ်ဇာလန် နိုင်ငံ၌ ဆီးရီးယား အရေးကို အမေရိကန်နှင့် ရုရှားတို့ ပြန်လည် ဆွေးနွေး ခဲ့ကြသည်။

ဒေသတွင်း အင်အားကြီးနိုင်ငံ များဖြစ်သည့် ဆော်ဒီအာရေဗျ၊ ကာတာ၊ အီရန်၊ ဂျော်ဒန်၊ အီရတ်၊ အီဂျစ်နှင့် တူရကီ တို့လည်း အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ကြပြီး ဆွေးနွေးပွဲသည် အဖြေရှာ မရဘဲ ပြီးဆုံး သွားခဲ့သည်။ 

ဆီးရီးယားစစ်ပွဲ အတွင်း ပိတ်မိနေသူ နှစ်သိန်းခွဲကျော် အထိရှိပြီး သေဆုံးသူ သုံးသိန်းကျော် အထိရှိပြီ ဖြစ်သည်။ ရွှေ့ပြောင်းသူ အရေအတွက် ငါးသန်း အထိရှိလာပြီ ဖြစ်ရာ အလက်ပိုမြို့၌ အာဆတ် နှင့် ရုရှားတို့ လေကြောင်း ထိုးစစ်ဆင်မှုများ လာသည့်အတွက် အမေရိကန်က သတိပေး ခဲ့သည်။သို့သော်လည်း ရုရှားတို့က အလက်ပိုကို ဆက်လက်ဗုံးကြဲ နေပြီး အာဆတ် ကတော့ အလက်ပိုကို ရရှိရန် သူ၏ မဟာဗျူဟာ ကျသည့် ဆောင်ရွက်မှု တစ်ခုဟုဆိုပြီး ဆီးရီးယား တစ်နိုင်ငံလုံးကို ပြန်လည် သိမ်းပိုက်ရန် ကြုံးဝါးထားသူ ဖြစ်သည်။ ထိုအချိန်တွင် အမေရိကန်နှင့် ရုရှားတို့က အပစ်အခတ် ရပ်စဲရေးကို အကောင်အထည် ဖော်နေကြချိန် ဖြစ်သည်။ ရုရှားကလည်း အမေရိကန် နှင့် ပတ်သက်လာလျှင် ဆတ်ဆတ်ထိ မခံနိုင်သူ၊ အာဆတ်ကိုလည်း ဆီးရီးယား တစ်နိုင်ငံလုံး၏ ၉ဝ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခွင့် ရှိသည်ဟု ယူဆထားသူ ဖြစ်သည်။

ထို့ပြင် အရှေ့အလယ်ပိုင်း မဟာဗျူဟာ ကိုလည်း အမေရိကန် တို့နှင့် ရုရှားတို့အပြိုင် စစ်မျက်နှာ ဖွင့်လှစ်ချင် နေသူဖြစ်သည်။ ယခု ရုရှားတို့က လေကြောင်း ကာကွယ်ရေးစနစ် S-300 ကိုပင်ချထားခဲ့သည်။ ထို့ပြင် မြေပြင် အင်အားနှင့် လေကြောင်းအင်အား ကိုလည်း အင်အားတိုးချဲ့ရန် ပြင်ဆင်နေပြီး ရုရှားတို့ ဆီးရီးယားကို အလုံးအရင်းဖြင့် ကူညီရန် ပြင်ဆင်နေသည်။

ထို့ကြောင့် ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေး မရမချင်း ရုရှားတို့ ဆီးရီးယား၌ စစ်မျက်နှာ ဖွင့်လှစ်နေမည် ဖြစ်ကာ ရုရှားကို ဆန့်ကျင်ပြီး အရှေ့ အလယ်ပိုင်း၌ အမေရိကန်တို့ စစ်ရေးအရ တိုက်ရိုက် မတွေ့ဆုံချင်ပေ။ ယခုပင် ရုရှားက စစ်အေးတိုက်ပွဲ မဖြစ်ဘဲ နျူကလီးယားနှင့် စွမ်းအင် သဘောတူညီချက် များကို ဆိုင်းငံ့ထားလိုက်ပြီ ဖြစ်သည်။

ထိုအရာများသည် ဥရောပနှင့် နေတိုးတို့ နယ်စပ်ပြဿနာ ဖြစ်ပြီး အမေရိကန်က ဥရောပဘက်ကို လိုက်ကာ ကိုယ်ပိုင်ဒုံး ကာကွယ်ရေးစနစ်များ တပ်ဆင်မှုမှ အစပြု၍ ဆီးရီးယား အရေးကို ရုရှားနှင့် ဆက်ဆံရေး ဖြတ်တောက် လိုက်သောကြောင့် အခြေအနေ ပိုဆိုးခဲ့သည်။ ယခု ရုရှားကလည်း ဆီးရီးယား၌ ထိုးစစ်ကို ရပ်တန့်မပေးနိုင်၊ အမေရိကန် ကလည်း သူပုန်တို့ကို ပံ့ပိုးကူညီမှု ရပ်တန့် မပေးနိုင်၊ အမေရိကန်တို့က ရပ်တန့်ပေး လိုက်လျှင်လည်း နိုင်ငံရေးအရ ရုရှားကို အမေရိကန်တို့ ရှုံးမည်။ 

အမေရိကန် ကလည်း ကမ္ဘာ လုံးဆိုင်ရာ စစ်ရေးလွှမ်းမိုးမှု ပုံရိပ်များ ကျဆင်းမည်။ ထို့ကြောင့် စစ်ရေးအရ ထိပ်တိုက် မတွေ့လိုသည့် အမေရိကန် အတွက် ဆီးရီးယား၌ ရုရှားနှင့် အဆင်ပြေရေး ဆွေးနွေးပွဲ ကို အကောင်အထည် ဖော်ရရန်သာ ရှိသည်။

ယခု ရုရှားက ဆီးရီးယား နယ်မြေ တစ်ဝက်ကို သိမ်းပိုက် ထားသည်ဟု ဆိုနိုင်သည်။ လေတပ်၊ ကြည်းတပ်၊ ရေတပ် တို့ဖြင့် ရုရှားတို့က ဆီးရီးယား ထိုးစစ်အတွက် အလုံးစုံ ပြင်ဆင်ထားသူ များဖြစ်သည်။ ရုရှားတို့၏ စစ်ရေးဗျူဟာ ဖြန့်ကြက်မှု များသည် ခရိုင်းမီးယား နှင့် ဆီးရီးယား တို့၌ အမေရိကန် အတွက် အံ့အားသင့်စရာ များကို ပြသခဲ့သည်။ အလျင်မြန်ဆုံး ဖြန့်ကြက်နိုင်မှု စွမ်းအား က ရုရှားတို့ကို လက်ဦးမှု ရရှိစေခဲ့ကာ ခရိုင်းမီးယား ကို ရုရှားစစ်သည် များနှင့် ယူကရိန်း ခွဲထွက်ရေး သူပုန်များ စစ်ယူနီဖောင်း ဝတ် တိုက်ခဲ့ပြီး ကြာလာမှသာ အမေရိကန်တို့ ရိပ်မိခဲ့သည်။ ထိုအချိန် ခွဲထွက်ရေး သူပုန်တို့က အစိုးရနှင့် စစ်ရေးကို အောင်မြင် လုနီးပြီ ဖြစ်သည်။

ဆီးရီးယား ၌လည်း ထိုအတိုင်းပင်၊ ရုရှားစစ်သည် အင်အား သိန်းချီနှင့် လေတပ်များ ဆောက်နေတော့မှ အမေရိကန်တို့ သတင်း ရရှိခဲ့သည်။ ထိုတစ်လအတွင်း မှာပင် စစ်ရေးကို အကောင်းဆုံး ဖြန့်ကြက် နိုင်သည့် ရုရှား ပြည်ပ စစ်ရေးကို နိုင်ငံတကာက အံ့အားသင့် ခဲ့ရသည်။

ယခု ရုရှားတို့၏ လေကြောင်းထိုးစစ် များက သူပုန်တို့ကို ပစ်မှတ်ထားပြီး အလက်ပိုမြို့ ကိုပြန်ရရန် ကြိုးပမ်းမှု ပြင်းထန်လာသည်။ အလက်ပိုမြို့ သည် အမေရိကန် ကျောထောက် နောက်ခံပေး ထားသည့် သူပုန်တို့ ပိုင်ဆိုင် ထားသော အကောင်းဆုံး နေရာ ဖြစ်သည်။ ထိုနေရာကိုသာ ပေးလိုက်ရပါက သူပုန်တို့ အတွက် စစ်ရေးဗျူဟာ အရ ကျဆုံးခန်းဟု ဆိုရမလို ဖြစ်နေသည်။ ယခုစစ် ဖြစ်နေသည့် အတောအတွင်း ဆီးရီးယား တစ်နိုင်ငံ လုံးသည် ဗုံးဒဏ်ခံရ သော်လည်း အလက်ပို ကတော့ အထူးခံတပ် တစ်ခု ဖြစ်နေသေး သည်။ ဆေးရုံများ၊ အစားအသောက် ပံ့ပိုးမှု အနည်းငယ်နှင့် အလက်ပို သည် ဆီးရီးယား၌ရှင်သန်ရန် အကောင်းဆုံး မြို့တစ်မြို့ ဖြစ်နေ သေးသည်။ 

သို့သော်လည်း အလက်ပို၏ လေးပုံသုံးပုံ လောက်သည် အပြိုအပျက် များနှင့် ပြာပုံဘဝ ရောက်နေပြီ ဖြစ်သည်။ ရုရှားက ဗုံးကြဲတာ တစ်မျိုး အာဆတ်က ဗုံးကြဲတာ တစ်မျိုးနှင့် အလက်ပို ၌ ကျန်ရှိသော ပြည်သူများ ထွက်၍လည်း မရဘဲ ပိတ်မိနေသည့် မြို့ဖြစ်သည်။

ယခင်လများတွင် အလက်ပို ကပိတ်မိ နေသူများကို သူပုန်တို့က ကုလသမဂ္ဂ အကူအညီဖြင့် ထွက်ခွာခွင့် ပေးခဲ့သော်လည်း အနည်းငယ်သာ ထွက်ခွာ လာနိုင်ခဲ့သည်။ ယခုတော့ ထွက်၍လည်း မရ၊ ဝင်၍လည်း မရ၊ အစာရေစာ ကလည်း လုံလောက်မှု မရှိ။ ယခင် ရုရှားက အစားအစာ ထောက်ပံ့မှု ပေးသည်ကို သူပုန်တို့က ပစ်ချ၊ ကုလသမဂ္ဂ က အထောက်အပံ့ ပေးသည်ကို ရုရှား သို့မဟုတ် အာဆတ် ကပစ်ချနှင့် ဆီးရီးယား သည် အကူအညီ ပေးမည့်သူ မရှိ ဖြစ်နေ တော့သည်။

နိုဝင်ဘာလ အစောပိုင်းက BBC က ရိုက်ကူးခဲ့သော အလက်ပိုမြို့ က ကလေးတို့ ဘဝ ဟူသော ခေါင်းစဉ်ဖြင့် ဗီဒီယိုဖိုင်တွင် ကလေးများ အားလုံးသည် တိုက်ပြိုတိုက်ပျက် ကြားများ၌သာ ကျီးလန့်စာ စားဘဝဖြင့် နေရသည်။  ရုရှားတို့က အရှေ့ပိုင်းကို ဗုံးကြဲသည့် အချိန်ကြဲသည်။ အာဆတ် က တောင်ပိုင်းကို ဗုံးကြဲသည့် အချိန် ကြဲသည်။ မြောက်ပိုင်းကို ဗုံးကြဲသည့် အချိန်ကြဲသည်။ ထိုကြားထဲ ဆေးရုံများ ကိုပါ ဗုံးကြဲသောကြောင့် အခြေအနေ ကလည်း ဆိုးသထက် ဆိုးလာကာ ဆေးရုံများ၌ ဆေးဝါး ပြတ်တောက်လျက် ရှိသည်။ လူနာ၊ ဆေးဝါးနှင့် နေရာမမျှတ မှုများက အလက်ပို၌ ဖြစ်နေပြီး ကလေးများ ကလည်း အာဟာရ ပြတ်လပ်ကာ ပိန်လှီနေသည်။ အလက်ပို၌ ဗုံးကြဲ ပီးနောက် လမ်းပေါ်သို့ ပြန့်ကျဲနေသော အဆောက်အအုံ အပိုင်းအစ များကို ရှင်းလင်းသည့် ဘတ်ဟိုးယာဉ် တစ်စီးသာ အလုပ်ရှုပ် နေသည်။

ထို့ကြောင့် အလက်ပိုကို သူပုန်နှင့် အာဆတ်တို့ ပိုင်ဆိုင်ရန် ကြိုးစားနေရင်း ကပင် ကြားထဲက ပြည်သူနှင့် ကလေးများက မြေစာပင် ဖြစ်ခဲ့ရသည်။ ယခု အမေရိကန် နှင့်သူပုန်တို့က ဆီးရီးယား၌ ငြိမ်နေပြီး ရုရှားနှင့်အာဆတ် တို့က ထိုးစစ်များကို တိုးမြှင့်နေသည်။

ထို့ကြောင့် အာဏာတစ်ခု အတွက် နေရာဒေသ ပိုင်ဆိုင်မှုကို ရှေးရှုပြီး ဆီးရီးယားကို ပိုင်ဆိုင်ရန်ထက် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို အလေးထားပြီး ငြိမ်းချမ်းရေး လမ်းစဉ်ဘက် လိုက်သင့်နေပြီ ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...