Social Icons

Pages

Friday, October 28, 2016

ဓာတ်မတည့်ခြင်း


ဓာတ်မတည့်ခြင်း

ဒေါက်တာ လွင်သန့်

လူတစ်ဦးနဲ့ တစ်ဦး ဓာတ်မတည့်ခြင်း မတူညီနိုင်ပါ။ အမေရိကန် ပြည်ထောင်စုမှာ လူဦးရေရဲ့ ၁ဝ ရာခိုင်နှုန်း ဟာ အကြောင်း တစ်စုံတစ်ရာ ကြောင့် ဓာတ်မတည့်ခြင်း ခံစားရတယ် ဆိုတယ်။

ဓာတ်မတည့်ခြင်း ဆိုရာမှာ အရာဝတ္ထု တစ်ခုခုကို သွားရောက် ထိမိရင်၊ စားသောက်ရင်၊ ရှူရှိုက်မိရင်၊ အခြား လူမှာမဖြစ်ဘဲ ဓာတ်မတည့် သူမှာသာ ယားယံခြင်း၊ အဖုအပိမ့် ထွက်ခြင်း၊ နှာချေခြင်း၊ ရင်ကျပ်ခြင်း၊ အော့အန်ခြင်း စတဲ့ လက္ခဏာတွေ ပေါ်ပေါက် လာတာကို ဓာတ်မတည့်ခြင်း ဟု ခေါ်ပါတယ်။

လူတစ်ဦးနဲ့ တစ်ဦး ဓာတ်မတည့်ခြင်း မတူညီနိုင် သောကြောင့် ဓာတ်မတည့် စေတဲ့ အကြောင်းအရာ နဲ့ ထိတွေ့ဆက်စပ် မိတဲ့အခါတိုင်း ဓာတ်မတည့်တဲ့ လက္ခဏာများ ပေါ်ပေါက် လာလေ့ ရှိပါတယ်။

လူရဲ့ခန္ဓာကိုယ်မှ ပဋိပစ္စည်း မျိုးစုံရှိတယ်။ ယင်းတို့ဟာ မိမိနဲ့ သက်ဆိုင်တဲ့ ပဋိပစ္စည်းလှုံ့ (Antigen) တို့ကိုသာ ခုခံတိုက်ခိုက် နိုင်စွမ်းရှိတယ်။ ခန္ဓာကိုယ် မှလည်း ယင်း ပဋိပစ္စည်းများကို လိုအပ်သလို ဖြစ်ပေါ် စေနိုင်တယ်။ ဓာတ်မတည့် စေတဲ့ ပစ္စည်းဟာ ပဋိပစ္စည်း လှုံ့တစ်မျိုး ဖြစ်တယ်။

တကယ်လို့ အကြောင်း အမျိုးမျိုးကြောင့် ယင်းပဋိပစ္စည်း လှုံ့ဝင်ရောက် လာတဲ့အခါ ဓာတ်မတည့် စေတဲ့ အကြောင်း အချက်များ ဖြစ်ပေါ်လာတဲ့ အခါ ယင်းတို့နဲ့ ခန္ဓာကိုယ် အတွင်း၌ သက်ဆိုင်တဲ့ ပဋိပစ္စည်းများ တွေ့ဆုံ တိုက်ဆိုင်ကြ ခြင်းက ဓာတ်မတည့်တဲ့ လက္ခဏာ ပေါ်ပေါက်လာတယ်။ ယင်းတို့ရဲ့ တိုက်ပွဲဟာ သွေးလန့် တစ်သျှူးများ ဖြစ်တဲ့ သွေးကြောများနဲ့ အသက်ရှူ လမ်းကြောင်း၊ အစာ လမ်းကြောင်း၊ အဆုတ် စတာတွေမှ အမြှေးပါး များပါ ထိခိုက်စေတယ်။

ဓာတ်မတည့်ခြင်း ဖြစ်စဉ် အမျိုးမျိုးမှာ ဟစ်တမင် ခေါ် ဓာတ်တစ်မျိုး ထွက်လာတယ်။ ယင်းဟာ အရေပြား ယားယံစေပြီး သွေးကြောငယ်များ ကျယ်လာစေတယ်။ အရေပြားမှာ နီပြီး အဖုအပိမ့် ပေါ်ထွက်လာတယ်။ 

သွေးကြောငယ် တွေ ကျယ်ပြန့်လာဖို့ သွေးဖိအားလည်း ကျလာလို့ ဓာတ်မတည့်ခြင်းမှ တစ်ခါတစ်ရံ သွေးလန့် မေ့မြောခြင်း ဖြစ်လာပါတယ်။ ပင်နီဆီလင် မတည့်ခြင်းမှာ သည်လို အဖြစ်ပျက်မျိုး ဖြစ်ပြီး ဆေးအချိန်မီ မထိုးနိုင်ရင်သေဆုံးတတ် ပါတယ်။

ကဏန်း၊ ပုစွန်၊ ဘဲဥ၊ ကြက်ဥ၊ ငါး၊ ဝက်သား၊ ပုရစ်၊ အရက်၊ မှို၊ မျှစ်၊ ခရမ်းသီး၊ ဆေးသကြား စတဲ့ အစားအစာတွေ စားသောက်မိရင်၊ နိုင်လွန်၊ သိုးမွေး၊ သားရေ၊ တက်ထရွန် စတဲ့ အဝတ်အစားတွေ ဝတ်ဆင်မိရင်၊ မိတ်ကပ်၊ ပေါင်ဒါ၊ နှုတ်ခမ်းနီ၊ ရေမွှေး၊ ဆံပင်ဆိုးဆေး စတဲ့ အသုံးအဆောင်တွေ အသုံးပြုမိရင် ပန်းရနံ့ အမျိုးမျိုး၊ ညှော်နံ့၊ စက်ဆီနံ့၊ ရေမွှေး၊ ဓာတ်ငွေ့အမျိုးမျိုး၊ အနံ့ဆိုး အမျိုးမျိုး၊ နွားချေး၊ ကြက်ချေး၊ ကြမ်းပိုးနဲ့၊ ဖုန်မှုန့်၊ ပေါင်ဒါမှုန့် စတာတွေ ရှူရှိုက်မိရင် ဓာတ်မတည့်ခြင်း ဖြစ်ပေါ် လာပါတယ်။

အချို့ကလည်း အပူအအေး၊ ရာသီဥတုကို လိုက်ပြီး ဓာတ်မတည့်ခြင်း ဖြစ်ပါတယ်။ အိမ်မွေး တိရစ္ဆာန် အချို့နဲ့ နီးနီးကပ်ကပ် နေတဲ့အခါတွေမှာ ဓာတ်မတည့်ခြင်း ဖြစ်လေ့ ရှိပါတယ်။ အချို့ ဆေးဝါးတွေ၊ ပင်နီဆီလင်၊ ဆာဖာဆေးများ၊ ကန့်ဓာတ် ပါတဲ့ဆေး၊ ဘားပလက်ဆေး၊ အင်ဖရွန်ဆေး တို့ ဓာတ်မတည့်ခြင်း ဖြစ်လို့ ထိုးဆေး၊ သောက်ဆေး အနေနဲ့ ဓာတ်မတည့်ခြင်း ဖြစ်စေပါတယ်။

စိတ်အနှောင့်အယှက် အမျိုးမျိုး၊ စိတ်ညစ်ညူး မှုတွေ ပူပင်သောကနဲ့ ထူးထူးခြားခြား ကြုံတွေ့ရရင် လူအချို့ ဓာတ်မတည့်ခြင်း ဖြစ်တတ်ပါတယ်။ အဖြစ်များတဲ့ ပန်းနာရင်ကျပ် ရောဂါဟာ မျိုးရိုးလိုက် တတ်ပါတယ်။ ပန်းနာရင်ကျပ် ထတဲ့အခါ ချောင်း တဟွပ်ဟွပ် ဆိုးခြင်း၊ အသက်ရှူမဝ ဖြစ်ခြင်း၊ ရင်တွင်း ဆို့ကျပ်ပြီး မောပန်းနေလို့ ဒုက္ခရောက် ရလေ့ရှိတယ်။ ကလေးနဲ့ သက်ကြီးရွယ်အို တွေ အဖြစ်များ ပါတယ်။ ကလေးအရွယ်  ကစပြီး ဖြစ်တတ် ပါတယ်။

အစားအစာ၊ အနံ့၊ စိတ်၊ ရာသီဥတု ပြောင်းလဲ ရင်လည်း ပန်းနာရင်ကျပ် ဖြစ်လေ့ရှိတယ်။ ယင်းရောဂါဟာ မျိုးရိုး လိုက်လေ့ရှိပြီး ပျောက်ကင်းဖို့ ကုသရန် ခဲယဉ်းပါတယ်။ ယင်းနဲ့အတူ နှင်းခူ၊ အအေးမိ နှာစေးခြင်းတို့ တွဲပြီး ဖြစ်တတ်ပါတယ်။

ဓာတ်မတည့်ခြင်းမှာ ကုသဖို့ လွယ်ကူပေမယ့် ကာကွယ်ဖို့ ခက်ခဲပါတယ်။ ဓာတ်မတည့်ခြင်း ဖြစ်တဲ့အခါ ဟစ်တမင်ဓာတ် ကို ဆန့်ကျင် တိုက်ဖျက်တဲ့ ဆေးများ၊ အင်တီဟစ် တမင်၊ ပိုင်ရီတွင် ဆေးများနဲ့ ကုသပေးရင် အမြန်သက်သာ လာနိုင်တယ်။

ဓာတ်မတည့်ခြင်း မဖြစ်ဖို့ ဓာတ်မတည့် စေတဲ့ အကြောင်းအရာ များနဲ့ မိမိ ခန္ဓာကိုယ် ဘယ်လိုမှ ထိတွေ့ခြင်း မဖြစ်စေဖို့ ရှောင်ရှားဖို့ လိုပါတယ်။ တစ်ကြိမ် ဓာတ်မတည့်ခြင်း ဖြစ်ရင် နောက်တစ်ကြိမ် မပတ်သက်ဖို့ ဆင်ခြင် နေထိုင်သင့် ပါတယ်။ အရဲစွန့်ပြီး စားသုံးမှု မလုပ်သင့်ပါဘူး။ ဓာတ်မတည့်တဲ့ အရာကို ကြိုတင်ပြီး သိရှိဖို့နည်း အချို့၊ ဥပမာ အရေပြားမှာ စမ်းသပ်ထိုးကြည့် နိုင်ပါတယ်။

ခန္ဓာကိုယ် ရှနာပေးပြီး ဓာတ်မတည့် စေတဲ့ ပစ္စည်းကို ထိကြည့်ရင် ယင်းနေရာ တစ်ဝိုက် နီရဲဖောင်းကြွ ယားယံကာ ယင်းပစ္စည်းများနဲ့ ဓာတ်မတည့် တာလို့ ယေဘုယျ ယူဆ နိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း အနည်းငယ်စီ ဝင်ရောက် ထိတွေ့စေခြင်းက ယဉ်ပါးလာပြီး ဓာတ်မတည့်ခြင်း မဖြစ်နိုင်တာ မျိုးလည်း ရှိပါတယ်။ ဓာတ်မတည့်တဲ့ အကြောင်းအရာ တွေက များပြားသလို ယင်းနည်းလမ်း တွေအသုံးပြုရင် ခက်ခဲမှုရှိပြီး စရိတ်စက လည်း အကုန်အကျ များလာနိုင် ပါတယ်။

အင်ပျဉ်ထခြင်း အချို့ဟာ ဓာတ်မတည့်ခြင်း တုံ့ပြန်မှုတစ်ခု ဖြစ်နိုင်တယ်။ ဓာတ်မတည့် တုံ့ပြန်မှုဟာ မိနစ်ပိုင်း အတွင်း ထိတွေ့ရုံနဲ့ ဖြစ်ပေါ် နိုင်ပါတယ်။ အရေပြားက ယားယံပြီး အရှိုးရာ ထင်အောင် ရောင်ရမ်း လာတတ်တယ်။ 

အလယ်မှာ အရောင်ဖျော့ပြီး ဘေးဘက် နီမြန်းလာကာ အင်ပျဉ်ထတယ်၊ အဖုအပိမ့် အကွက်တွေ တွေ့ လိုက်၊ လျော့လိုက်၊ များလိုက်ဖြစ်ပြီး မိနစ်ပိုင်းမှ ရက် အနည်းငယ် အထိ ကြာနိုင်ပါတယ်။ အင်ပျဉ်ထခြင်း ကို နှုတ်ခမ်းတွေ မျက်လုံးတွေ ရောင်ရမ်းကာ ပြင်းထန်လာ တယ်။ သွေးဖိအားပါ ကျဆင်းပြီး သွေးလန့်ခြင်းပါ ဖြစ်ရင် အက်ဒရီနယ်လင် ချက်ချင်းထိုးလို့ ကုသရမယ် သို့မဟုတ် စတီးရွိုက်၊ ဘာမီတွန် ထိုးနှံပြီး ကုသပေးနိုင် ပါတယ်။

မတည့်တဲ့ အစားအစာ စားပြီး ဓာတ်မတည့် ခြင်းမှာ အစားအစာ အချို့စားပြီး ဓာတ်မတည့်ခြင်း ဖြစ်ခဲ့ရင် ထိုအချက်ကို မှတ်သားထားပြီး ရှောင်ရှားရင် ကိုယ်နဲ့ မတည့်တဲ့ အစာကို ဖော်ထုတ်နိုင်မှာ ဖြစ်တယ်။ စတော်ဘယ်ရီ အနံ့နဲ့ ဓာတ်မတည့်ရင် စားသောက်ဖို့ မကြိုးစားသင့် ပါဘူး။ ရက်လွန်ဒိန်ခဲ၊ ကြက်အူချောင်း၊ ဆာဒင်း၊ မက်ကာရင်၊ တူနာငါးတွေ နဲ့ပြုလုပ်ထားတဲ့ ငါးအူချောင်း၊ ဝက်အူချောင်း၊ ဂေါ်ဖီထုပ်ချဉ်၊ အရက်၊ ဝိုင်အနီတွေ မတည့်ရင်ရှောင်ရှားဖို့ လိုပါတယ်။

ကစီဓာတ်ပမာဏ များနေရင် အစာအိမ် အူလမ်းကြောင်းထဲ ဗက်တီးရီးယား တွေက တုံ့ပြန်မှုကြောင့် ဇီဝတွင်း ပရိုတိန်း ဖြစ်ပျက်မှုက ထွက်တဲ့ ပစ္စည်းတွေ ထုတ်ပေးပါတယ်။ ကစီဓာတ် များတဲ့ သစ်သီး၊ ဟင်းရွက်တွေ လျှော့စား သင့်ပါတယ်။ လတ်လတ်ဆတ်ဆတ် ရှိတဲ့ ဒိန်ချဉ်က အူထဲက အကျိုးပြု ဗက်တီးရီးယား ပမာဏကို ထိန်းညှိပေး ပါတယ်။ ကစီဓာတ်များတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် တွေ လျှော့စားရင် ကီဝီသီး၊ လိမ္မော်သီးနဲ့ စပျစ်သီး လို သစ်သီးတွေကနေ ဗီတာမင် ပြည့်ဝအောင် စားသုံးခြင်းက ခုခံမှုစနစ် မြင့်တက်စေပြီး ဓာတ်မတည့်မှုများ အပေါ် ခံနိုင်ရည် ရှိပါတယ်။

ပြည်သူတို့အနေနဲ့ ဓာတ်မတည့်တဲ့ လက္ခဏာတွေ ပေါ်ပေါက်လာရင် သက်သာလာဖို့ မိမိရဲ့ အစားအသောက်၊ အဝတ်အစား၊ အနေအထိုင် တို့ကို ခေတ္တပြုပြင် ပြောင်းလဲပြီး ဓာတ်မတည့်စေတဲ့ အကြောင်းအရာကို ဆင်ခြင် စဉ်းစားသင့် ပါတယ်။ ဓာတ်မတည့် စေတဲ့ အကြောင်းအရာ နဲ့ ဘယ်လိုမှ နီးစပ်မှု၊ ပတ်သက်မှု မရှိစေဘဲ ဝေးဝေးက ရှောင်ရှား ဆင်ခြင်ရင် ဓာတ်မတည့်တဲ့ အန္တရာယ်မှ ကာကွယ်နိုင်မှာ ဖြစ်ကြောင်း မြဝတီ သတင်းစာဖတ် ပရိသတ် အတွက် သတင်းကောင်း ပါးလိုက်ပါတယ်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...