Social Icons

Pages

Friday, September 16, 2016

လေဖြတ်နိုင်သလား သတိထားပါ


လေဖြတ်နိုင်သလား သတိထားပါ

ကြည်လွင်မြင့် (မုဒြာ)

လေဖြတ်ရောဂါ ဖြစ်မှာ ကြောက်သလား ဟု မေးလျှင် လူတိုင်းပင် ကြောက်သည် ဟု ဖြေကြမည် ဖြစ်သည်။ လေဖြတ်၊ ဦးနှောက် သွေးကြောပြတ်ပြီး တစ်ခါတည်း အသက်ဆုံးရှုံး သွားလျှင် ကိစ္စမရှိပါ။ ငွေကုန်ကြေးကျ များစွာ ဆေးကုသပြီး ကိုယ်တစ်ခြမ်း သေ၊ တစ်ပိုင်းသေ နှင့် အိပ်ရာထဲတွင် နေပြီး အသက်ရှင် ရသောဘဝ၊ တွဲကြပါ၊ ထူပေးကြပါ။ ဝမ်းသွားဖို့၊ ဆီးသွားဖို့ ကအစ သူများကူမှ ကိစ္စပြီးရသည့် ဘဝဆိုးတွင် အသက်ရှင် နေလျှင်လည်း သေရသည် ကမှ ကောင်းသေးသည်။ မိသားစုကို ဒုက္ခပေး အသက်ရှင် ရမည့်ဘဝကို မလိုလားပါ။ ဘဝ သေသည်ထက် အသက်သေသည် ကမှ ကောင်းသေးသည် ဟု ဆိုကြပါသည်။

လေဖြတ်သည့် လူနာများကို မေးသည့် အခါတိုင်း အထက်ပါအဖြေ ကို ရသည်။ လေဖြတ်ပြီး ကိုယ်တစ်ခြမ်း သို့မဟုတ် တစ်စိတ်တစ်ပိုင်း မသန်စွမ်းသော ဘဝဖြင့် မည်သူကမျှ အသက်မရှင် လိုပါ။ သို့သော် လေဖြတ်သူ  များကိုကြည့်ပြီး လေမဖြတ်ချင်ပါ ဟု ပြောသူများသည် မည်သို့ ကာကွယ်ရမည် ကိုလည်း မသိရှိသူက များသည်။ အမှန်မှာ လေဖြတ်မည့် ရှေ့ပြေးနိမိတ် လက္ခဏာများ ရှိသည်ကို မသိကြ၍သာ ဖြစ်သည်။

ကျန်းမာရေး အထူးလိုက်စားသူ တစ်ဦးသည် ကျန်းမာရေး အတွက် နေ့စဉ် နံနက်တိုင်း ဂေါက်သီး ရိုက်သည်။ စနေ၊ တနင်္ဂနွေ အားလပ်ရက် များတွင် တစ်နေကုန် ဂေါက်ကွင်းတွင် အချိန်ကုန်သည်။ ဂေါက်သီး ရိုက်ခြင်း၏ အရသာမှာ လေကောင်းလေသန့် ရသည့် ကွင်းပြင်ကျယ် ကြီးနှင့် မြက်ခင်းစိမ်းများ ပေါ်တွင် လမ်းလျှောက်သွား ရခြင်းဖြစ်သည်။ ဂေါက်သီး ရိုက်ခြင်းသည် နည်းစနစ် နှင့်စတိုင်ကျပြီး ပင်ပန်းမှုလည်း အလွန်အကျွံ မရှိသည့် ကစားနည်း ဖြစ်သည်။

နွေနေပူသည့် နေ့လယ်ခင်း တစ်ခုတွင် ဂေါက်သီးရိုက်ခြင်းကို ခေတ္တနားသည်။ ဂေါက်ကွင်းတွင် ရှိသော အနားယူသည့် နေရာတွင် အစားအသောက် ရောင်းချသည့်ဆိုင်၊ အရက်ကောင်တာ၊ ဂေါက်သီး အပိုပစ္စည်း များ ရောင်းချသည့်ဆိုင်၊ ကော်ဖီဆိုင် ရှိသည်။ ထို့ပြင် ခေါင်းလျှော် ပေးသည့် ဗြူတီးဆလွန်း လည်းရှိသည်။ ဂေါက်သီး ရိုက်ရာမှ နေပူ၍ ခေတ္တနားသူ အသက် ၅ဝ ကျော် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးသည် အပန်းဖြေရင်း ခေါင်းလျှော် လိုက်ရာမှ သတိလစ် သွားသည်။ အပူထဲမှလာပြီး ရေအေးနှင့် ခေါင်းလျှော်ခြင်း ကြောင့် ဦးနှောက်အတွင်းမှ သွေးကြော ပေါက်သွားခြင်း ဖြစ်သည်။ အသက်မဆုံးရှုံး သော်လည်း လေဖြတ်ဝေဒနာ ရေရှည် ခံစားရသူ အဖြစ်နှင့် နောက်ပိုင်း ဂေါက်သီးလည်း မကစား နိုင်တော့ပါ။ လွန်ခဲ့သော ငါးနှစ်ခန့်ကလည်း ထိုကဲ့သို့ ပင် ဂေါက်သီးရိုက်သူ လူကြီးတစ်ဦး အနားယူချိန်တွင် ခေါင်းလျှော် လိုက်ရာမှ ဦးနှောက် သွေးကြောပြတ် အသက်ဆုံးရှုံး သွားခဲ့ဖူးသည် ဟု ကြားသိရသည်။ နေပူထဲမှ ပြန်လာပြီး ရုတ်တရက် ရေအေးဖြင့် ဦးခေါင်းကို လောင်း၍ေ ခါင်းလျှော်ခြင်း သည် အလွန် အန္တရာယ် ကြီးသည်။

တခြား လေဖြတ်သူ တစ်ဦးမှာ ကျန်းမာရေးကို အလွန် ဂရုစိုက်လွန်းပြီး ဆေးသောက် မကြောက်သူ ဖြစ်သည်။ ဆေးဝါးမျိုးစုံကို ကျန်းမာရေး အတွက် သုံးစွဲသည်။ အားဆေးများ ကိုလည်း နေ့စဉ် မှီဝဲသည်။ အညောင်း အကိုက် ဝေဒနာကအစ အဖြစ်မခံ။ ထစ်ခနဲ ဆိုလျှင် ပါရာစီတမော သောက်သည်။ ဆေးအမျိုးမျိုးကို ဖတ်ရှု လေ့လာပြီး အိမ်တွင် ဆောင်ထားသည်။ တစ်ရက်တွင် နေပူထဲမှ ပြန်လာပြီး ချွေးထွက်များ လာသည်။ သူ့ ခန္ဓာကိုယ်မှ ဓာတ်ဆားများ ဆုံးရှုံးသွားပြီ ဟု ယူဆကာ ဓာတ်ဆားထုပ် တစ်ထုပ်ကို ရေကျက်အေး တစ်ပုလင်း နှင့်ဖျော်ပြီး ကုန်အောင် သောက်လိုက်သည်။ ထိုသို့ သောက်ပြီး နောက်ပိုင်းတွင် ခေါင်းမူးလာပြီး လဲကျသွား သည်။ အိမ်အနီးမှ ဆေးခန်းပြ သောအခါ သွေးပေါင်ချိန် အလွန်အမင်း တက်နေသည်ကို တွေ့ရသဖြင့် ဆေးရုံတင်လိုက် ကြသည်။ သွေးတိုးတက်ပြီး ကိုယ်တစ်ခြမ်း လေဖြတ်သော ဝေဒနာကို ခံစားသွား ရသည်။ ဆရာဝန် ညွှန်ကြားချက် မရှိဘဲ ဆေးများကို မိမိ သဘောဖြင့် သောက်သုံးလေ့ ရှိသူများ၏ အမှားပင် ဖြစ်သည်။

စာရေးသူ ကြုံတွေ့ဖူးသော တခြား လေဖြတ်သူ တစ်ဦးမှာ ခေတ်ပညာတတ်၊ စာပေ ဝါသနာရှင် တစ်ဦးဖြစ်သည်။ အသက် ၆ဝ ကျော် (အငြိမ်းစား) တစ်ဦးဖြစ်ပြီး စာအလွန် ဖတ်သည်။ အလွန်ဖတ်သည် ဆိုရခြင်းမှာ အိမ်သာတက် သည့် အခါတိုင်း စာအုပ်တစ်အုပ် သို့မဟုတ် ဂျာနယ်တစ်စောင်၊ နှစ်စောင် အိမ်သာထဲ ယူသွားပြီး ဖတ်လေ့ရှိသည်။ တစ်ရက်တွင် အိမ်သာထဲမှ ထွက်မလာ။ တံခါးခေါက် သော်လည်း မထူးသဖြင့် အိမ်နီးချင်း များ အကူအညီခေါ်ပြီး တံခါးဖျက်ဝင် သောအခါ အိမ်သာထဲတွင် လဲကျပြီး သတိလစ် နေသည်ကို တွေ့ရသည်။ အိမ်သာကြာကြာ ထိုင်သူများသည် ခြေနှစ်ဖက်ကို ကွေးပြီး ဆောင့်ကြောင့် ထိုင်ရသည်။ ထိုသို့ ထိုင်သောအခါ  လူဝလျှင် တံကောက်ကွေးရှိ သွေးကြောကို ခေါက်ပြီး ပိတ်ထား သကဲ့သို့ ဖြစ်သည်။ နှလုံးမှ ညှစ်ထုတ် ပို့လွှတ်သော သွေးသည် တံကောက်ကြော တွင် အချိန်ကြာကြာ ပိတ်မိသောအခါ နောက်ကြောင်း ပြန်ပြီး နှလုံးသို့စီးဆင်း ရာမှ ဖိအားတစ်ခု ဖြစ်ပေါ်လာပြီး သွေးပေါင်တက် လာတတ်သည်။ သွေးဖိအားကြောင့် ဦးနှောက် အတွင်းရှိ သွေးကြောငယ် လေးပေါက်ထွက် သွားပြီး အိမ်သာထဲမှာ ပင် မူးလဲသွားခြင်း ဖြစ်သည်။ ဦးနှောက် သွေးကြောပိတ် လျှင်ဖြစ်စေ၊ ပေါက်လျှင်ဖြစ်စေ ခန္ဓာကိုယ် တစ်ခြမ်း လေဖြတ်နိုင်သည်။

လူကြီးများ အသက်ကြီး လာလျှင် ဆောင့်ကြောင့် ထိုင်ရသော ရိုးရိုးအိမ်သာ အစား ဗိုလ်ထိုင်ဟု ခေါ်ကြသော ထိုင်သွားရသော အိမ်သာကြွေအိုး ကို သုံးသင့်သည်။ တံကောက် သွေးကြောပိတ်ခြင်း၊ ခေါက်ထိုင်ရ ခြင်းကို သက်သာစေသဖြင့် အိမ်သာထဲတွင် သွေးကြောပိတ်၍ မူးလဲကျခြင်းမှ သက်သာ စေနိုင်သည်။ အသက် ကြီးလာလျှင် ငယ်ရွယ်သူများ ကဲ့သို့ သွေးကြောများ ပျော့ပျောင်းမှု မရှိတော့သဖြင့် ပိတ်လွယ်၊ ပေါက်လွယ်သည် ကို သတိပြုသင့်သည်။ ပလတ်စတစ် ပိုက်များ အသုံးပြုစက ပျော့ပျောင်း နေသော်လည်း ကြာလာသော အခါ မာဆတ် လာသည်ကို သတိပြု သင့်သည်။

နေပူထဲမှ ပြန်လာပြီး အိမ်ရောက် ရောက်ချင်း ရေခဲသေတ္တာထဲမှ ရေသန့်တစ်ဘူး ထုတ်ယူပြီး မော့ချလိုက်ရာမှ မူးလဲကျသွားပြီး ဦးနှောက် သွေးကြောပြတ် လေဖြတ် သွားသူတစ်ဦး ကိုလည်း လွန်ခဲ့သောလက မန္တလေးမြို့ တွင် တွေ့ရဖူးသည်။ ထိုသူမှာလည်း အသက် ၅ဝ ကျော်မျှသာ ရှိသေးသည်။ နိုင်ငံခြားအထိ သွားရောက်ကုသ သော်လည်း ရာနှုန်းပြည့် ပြန်ကောင်း မလာပါ။ ရေခဲရေ တစ်ခွက်နှင့် လေဖြတ်လဲကျ သွားသူများ အကြောင်း မကြာခဏ ကြားသိရသည်။

သွေးတိုးခြင်း၊ ဆီးချိုတက်ခြင်း နှင့် လေဖြတ်ခြင်းမှာ ဆက်နွှယ်နေသဖြင့် အဆိုပါရောဂါများ ဝင်လာပြီဆိုလျှင် မိမိသဘောဖြင့် မဟုတ်ဘဲ တတ်ကျွမ်း နားလည်သည့် ဆရာဝန်၊ သမားတော် များနှင့် ပြသကုသမှု ခံယူသင့်သည်။ တချို့မှာ သွေးပေါင်ချိန်တိုင်း ကိရိယာ၊ ဆီးချိုတိုင်း ကိရိယာဖြင့် မစစ်ဆေးဘဲ မိမိ သဘောဖြင့် ဆေးသောက်လိုက်၊ ဖြတ်လိုက် လုပ်ခြင်း၊ ဆေးမြီးတို များကို စာစောင်များတွင် တွေ့၍ဖြစ်စေ၊ သူများပြော သံကြား၍ ဖြစ်စေ သုံးစွဲနေခြင်း တို့ကြောင့် ရုတ်တရက် သွေးတိုး၊ ဆီးချိုတက်ပြီး လေဖြတ်ခြင်း ဝေဒနာ ခံစားရနိုင် ပေသည်။

တခြားအကြောင်းမှာ ယခုခေတ်ပေါ် အစားအသောက် ဆိုးဆေးဓာတု ပစ္စည်းဖြင့် ပြုလုပ်ထားသော အချိုမှုန့်များ၊ ဟင်းခတ်မှုန့်များ၊ အသီးမှည့်ဆေးများ၊ အပုပ်အသိုး ခံသည့်ဆေးများ၊ ငါးပိ၊ ငါးခြောက်များတွင် သုံးသည့် ယင်မနားဆေးများ၊ အသီးအနှံများ တွင်ဖျန်းသည့် ကြီးထွားဆေးများ ကြောင့်လည်း သွေးတိုး၊ နှလုံး နှင့် နောက်ဆက်တွဲ လေဖြတ်ရောဂါများ အဖြစ်များလာ သည်ကို တွေ့နေရသည်။ ဆေးရုံကြီးရှိ ဦးနှောက်နှင့် အာရုံကြော ကုသမှုဌာနတွင် နေ့စဉ်လေဖြတ် လူနာများ ရောက်ရှိနေပြီး တိုင်းရင်းဆေး နှင့် ကုသသည့် ဆေးရုံ များတွင်လည်း လေဖြတ် နာတာရှည် လူနာများဖြင့် အမြဲပြည့်လျက် ရှိသည်ကို တွေ့နေရပါသည်။ အသက်အရွယ် ကြီးလာလျှင်၊ အထူးသဖြင့် အသက် ၅ဝ ကျော်လာလျှင် လေဖြတ်မည့် ရှေ့ပြေး လက္ခဏာများ ပြလာတတ်သည်။ အထူးသဖြင့် မျိုးရိုးတွင် လေဖြတ်သူ ရှိဖူးသူများ သတိထား သင့်သည်။ ကြိုတင်ပြမည့် လက္ခဏာများ ရှိပါသည်။

စာရေးသူကိုယ်တိုင် လေဖြတ်သူများကို ကုသခဲ့သည့် အနှစ် ၃ဝ အတွင်း သတိပြုမိသည့် လေဖြတ်မည့် ရှေ့ပြေးလက္ခဏာ များမှာ-

၁။ ရေချိုးပြီးလျှင် မျက်စိများ နီရဲခြင်း။
၂။ ဦးခေါင်း နောက်စေ့တွင် ခေါင်းကိုက်ခြင်း။
၃။ မျက်ခွံနှင့် မျက်နှာ ကြွက်သားများ ဆတ်ခနဲ လှုပ်ခြင်း။
၎။ မကြာခဏ ဝမ်းချုပ်ပြီး ဗိုက်တွင် လေပွနေခြင်း။
၅။ ညအိပ်ချိန် ထုံကျဉ်ပြီး လန့်နိုးခြင်း၊ လျှာကိုက်မိခြင်း။
၆။ ဆီးအနီရောင် သွားခြင်း။
၇။ ပစ္စည်းများ ကိုင်လျှင် မကြာခဏ လွတ်ကျတတ်ခြင်း၊ ဖိနပ်ကျွတ်ထွက်ခြင်း။
၈။ ဘယ်ဘက်လက် ကိုက်ပြီး လက်မတွင် ထုံခြင်း၊ ခြေဆွဲခြင်း၊ စကားပြော လေးခြင်း။
၉။ အမျိုးသားများ ၄၅ နှစ်ကျော်လျှင် ရက်ရှည် ခြေ၊ လက်များ ထုံကျဉ်ခြင်း။ (အမျိုးသမီးများ) သွေးဆုံးချိန်တွင် ခြေ၊ လက်များ ထုံကျဉ်ခြင်း။
၁ဝ။ မျက်စိအမြင် ဝေဝါးခြင်း၊ ရုတ်တရက် မှောင်မည်းသလို ဖြစ်ပြီးမှ ပြန်မြင်ရခြင်း။

အထက်ပါ လက္ခဏာများ ဖြစ်လာလျှင် သတိရှိပါ။ လျင်မြန်စွာ စစ်ဆေးကုသမှု ခံယူဖို့လိုသည်။ တချို့သူ များတွင် လက္ခဏာ များသည် ဖြစ်ပေါ်လာလိုက်၊ ပြန် ပျောက်သွားလိုက် ဖြစ်နေတတ်သည်။ နာရီပိုင်းမျှ လေဖြတ်သလို ဖြစ်ပြီး အလိုအလျောက် ပြန်ကောင်းသွားသူ များလည်း ရှိသည်။ ထိုသူများသည် လေဖြတ်မည့် ရှေ့ပြေး လက္ခဏာကို သတိမပြုလျှင် မကြာမီ ရှေ့နှစ်နှစ် အတွင်း လေဖြတ် နိုင်သည်ဟု သုတေသီများက ဆိုထားသည်။

လေဖြတ်ခြင်းသည် နာတာရှည် ရောဂါမျိုး ဖြစ်ပြီး ရာနှုန်းပြည့် ပြန်ကောင်းဖို့ အလွန် ခဲယဉ်းပါသည်။ မိမိ သာမက မိသားစုဝင် များပါ လူနာကိုနှစ်ရှည် လများပြုစု ပေးရင် အချိန်ကုန်၊ ငွေကုန်၊ လူပန်းရောဂါ မျိုးဖြစ်သဖြင့် ကြိုတင် သတိပြုကြရန် စေတနာဖြင့် တင်ပြလိုက်ရ ပေသည်။

မြ၀တီနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...