Social Icons

Pages

Saturday, October 1, 2016

မြန်မာနိုင်ငံ၌ စားသုံးဆီစက်ရုံပေါင်း ၂၀၀၀ ကျော်မှတ်ပုံတင်ထား သော်လည်း ရာခိုင်နှုန်း ၂၀ ခန့်သာ လည်ပတ်လျက်ရှိ



ရန်ကုန် ၊ ၁-၁၀-၂၀၁၆

မြန်မာနိုင်ငံ၌ စားသုံးဆီ စက်ရုံပေါင်း ၂ဝဝဝ ကျော် မှတ်ပုံတင် ထားသော်လည်း ရာခိုင်နှုန်း ၂ဝ ခန့်သာ လည်ပတ်လျက် ရှိကြောင်း မြန်မာနိုင်ငံ ဆီစက် ပိုင်ရှင်များ အသင်းမှ သိရသည်။

ထို့ပြင် ပြည်ပနိုင်ငံ များသို့ ပြည်တွင်း ဆီထွက်သီးနှံများ ဖြစ်သည့် မြေပဲ၊ နှမ်းတို့ကို တင်ပို့နေရသည့် အတွက် ပြည်တွင်း၌ ကုန်ချော ဖြစ်သည့် စားသုံးဆီများ ထုတ်လုပ်ရာတွင် ကုန်ကြမ်းများ လိုအပ်လျက် ရှိသည်။

''မှတ်ပုံတင် ထားတဲ့ ဆီစက်က ၂၉၇၄ ရုံးရှိတယ်။ လက်ရှိ လည်ပတ် နေတာက ရာခိုင်နှုန်း ၂ဝ လောက်ပဲရှိတယ်။ လက်ရှိ ပေါက်ဈေးနဲ့ မြေပဲဆီကြိတ်ရင် ဆီစက်ပိုင်ရှင်တွေ အနေနဲ့ တွက်ခြေ မကိုက်ဘူး။ ဆီဈေးက အကျဘက် ရောက်နေတဲ့ အတွက် အခက်အခဲ ဖြစ်နေတယ်။ မြေပဲဆီ တစ်ပိဿာကို ငွေကျပ် ၃၅ဝဝ နဲ့ ရောင်းလည်း ဝယ်သူနည်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စားအုန်းဆီ၊ နေကြာဆီ၊ ပဲပုပ်ဆီ တွေကို ဓာတုပစ္စည်း အသုံးပြုပြီး မြေပဲဆီ အနံ့ပေးကာ တစ်ပိဿာကို ငွေကျပ် ၂ဝဝဝ၊ ၂၅ဝဝ နဲ့ ထင်ယောင် ထင်မှား ရောင်းချနေတဲ့ သူတွေ ရှိနေသမျှ ကာလပတ်လုံး ကျွန်တော်တို့ ဆီစက်ပိုင်ရှင် တွေနဲ့ တောင်သူတွေ ရှုံးနေပါတယ်။ ကျွန်တော်တို့ ကြိတ်ပြီး ရောင်းချဖို့ ဈေးကွက် မရှိဘူး။ ဈေးကွက် အရမ်းရှားပါး တာတွေ ဖြစ်နေပါတယ်''ဟု မြန်မာနိုင်ငံ ဆီစက် လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးခင်စိုး က ပြောသည်။

ဆီစက်လုပ်ငန်းများ တဖြည်းဖြည်း လည်ပတ်မှု နည်းလာခြင်းမှာ ပြည်ပသို့ ဆီထွက်သီးနှံများ တင်ပို့ခွင့်ပြုသည့် အချိန်မှ စခဲ့ကြောင်း သိရသည်။ ယင်းသို့ ပြည်ပ နိုင်ငံများသို့ ဆီထွက်သီးနှံများ တင်ပို့ နိုင်သော်လည်း ပြည်တွင်းမှ ထုတ်လုပ်သော ဆီများကို ပြည်ပသို့ တင်ပို့နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ နှစ်စဉ် ပြည်ပနိုင်ငံများ ဖြစ်သည့် မလေးရှား နှင့် အင်ဒိုနီးရှားနိုင်ငံ တို့မှ စားအုန်းဆီ တန်ချိန် ငါးသိန်းကျော် တင်သွင်းနေပြီး ဥရောပသမဂ္ဂ နိုင်ငံများမှ ပဲပိစပ်နှင့် နေကြာဆီများ တင်သွင်း နေကြောင်း သိရသည်။

''ပြည်တွင်းမှာ ရှိနေတဲ့ စားသုံးသူပြည်သူ လူထုအတွက် ဈေးနှုန်း သက်သာစွာ စားသုံးခွင့် ရှိလာတယ်။ အရင်က ဆီတစ်ပိဿာကို ငွေကျပ် ၂ဝဝဝ ကျော်ဝန်းကျင်က နေပြီး ဒေါ်လာငွေ ဈေးအတက်အကျ ပေါ်မူတည် လို့ ငွေကျပ် ၁၄ဝဝ၊ ၁၅ဝဝ လောက်အထိ လက်လီရောင်းချ စားသုံးနိုင်တဲ့ အနေအထား မျိုး ပေါ့။ ပြည်တွင်းမှာ ပဲဆီနဲ့ နှမ်းဆီစားသုံး နိုင်ရင် ပိုကောင်းမယ်။ ပဲဆီနဲ့ နှမ်းဆီရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ စားအုန်းဆီရဲ့ တင်သွင်းမှု ကုန်ကျစရိတ်ကို နှိုင်းယှဉ်ပြီး ပြည်သူလူထုက ပိုပြီးသက်သာတဲ့ ဆီကို စားကြတယ်'' ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း က ပြောသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...