Social Icons

Pages

Friday, July 8, 2016

ရေနံစိမ်းဈေးနှုန်း ကျဆင်းမှုကြောင့် ကျောက်ဖြူရေနံတူးဖော်ရေး လုပ်ငန်းများ အခက်ကြုံ



ကျောက်ဖြူ ၊ ၈-၇-၂၀၁၆

ရေနံစိမ်း ဈေးနှုန်းများ ကျဆင်းမှုကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မှ ရေနံစိမ်း လုပ်ကွက်များ၌ လုပ်ငန်း အဆင်မပြေ ဖြစ်ပြီး စားဝတ်နေရေး ကျပ်တည်း လာကြောင်း ရေနံတူးဖော်လုပ်ကိုင်နေသူ များထံမှ သိရသည်။

''ရေနံ အထွက်နှုန်းက ဒီနှစ်နှစ်၊ သုံးနှစ် အတွင်းမှာ အထွက်နှုန်း သိသိသာသာ ကျဆင်း လာပါတယ်။ အထွက်နှုန်း ကျဆင်းခဲ့သလို ရေနံစိမ်းဈေးနှုန်း ကလည်း ကျလာလို့ ရေနံတူး လုပ်သား မိသားစုတွေ စားဝတ်နေရေး ကျပ်တည်း လာကြတယ်'' ဟု ကျောက်ဖြူမြို့နယ် ရေနံတောင် ကျေးရွာမှ ရေနံတူး လုပ်သား ဦးမောင်နုဖြူ က ပြောသည်။

၂ဝ၁၄ ခုနှစ်နှင့် ၂ဝ၁၅ ခုနှစ်က ရေနံတွင်း တစ်တွင်းမှ တစ်ပတ်လျှင် ပျမ်းမျှ နှစ်စည်နှုန်းမှ သုံးစည်နှုန်း နီးပါးအထိ ထွက်ရှိခဲ့ သော်လည်း ယခုနှစ် နွေရာသီကာလ အတွင်းမှ စတင်ပြီး တစ်စည်နှုန်း ကျော်ကျော်နှင့် တချို့ တွင်းများမှ ရေနံလုံးဝ မထွက်တော့ ကြောင်း သိရသည်။

ရေနံစိမ်း ဈေးနှုန်း ကျဆင်း လာခြင်းနှင့် အတူ ရေနံစိမ်း ကုန်ကြမ်းသွင်းသည့် ဈေးနှုန်းမှာလည်း ယခုနှစ် နှစ်ဆန်းပိုင်းက တစ်စည်လျှင် ငွေကျပ် ၉ဝဝဝ ရှိခဲ့ရာမှ ဇွန်လဆန်း ပိုင်းမှစ၍ တစ်စည်လျှင် ငွေကျပ် ၇ဝဝဝ အထိ ကျဆင်း လာကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ် ရေနံတောင်၊ ချောင်းဝ၊ မင်းပြင်ကျေးရွာ တို့နှင့် မလကျွန်း ကမ်းခြေ တစ်လျှောက်၌ တစ်ပိုင်တစ်နိုင် ရေနံတူးဖော် လုပ်ကိုင်နေသည့် ရေနံစိမ်း တွင်းပေါင်း ၂ဝဝဝ ကျော်ခန့် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...