Social Icons

Pages

Monday, June 13, 2016

ကျောရိုး ခါးနားရောဂါအကြောင်း သိကောင်းစရာ


ကျောရိုး ခါးနားရောဂါအကြောင်း သိကောင်းစရာ

ဒေါက်တာလွင်သန့် (ဆေး-၂)

လူ့ခန္ဓာကိုယ် တစ်ခုလုံး သွားလာလှုပ်ရှား နိုင်ဖို့ လည်တိုင်ရိုး၊ ကျောရိုးနဲ့ ခါးရိုးပိုင်း တို့ဟာ အရေးကြီး ပါတယ်။ လည်ကုပ်ရိုး ကနေ မြီးညောင်းရိုး အထိ ခန္ဓာကိုယ်ကို ထိန်းမတ်ပေးတဲ့ အရိုးအဆစ် ၂၄ ခုရှိပါတယ်။ ခန္ဓာကိုယ် တစ်ခုလုံး နာကျင်ကိုက်ခဲ နေပြီး ရောဂါရှာမရ ဖြစ်နေမယ်ဆိုရင် ခန္ဓာကိုယ် ထိန်းမတ်တဲ့ ကျောရိုးမှာ ပြဿနာ ဖြစ်နေပါပြီ။ ကျောရိုးနဲ့ ခါးရိုးဟာ တစ်ဆက်တည်း ရှိနေလို့ ခါးနာမှုမရှိအောင် ဂရုစိုက်ဖို့ လိုပါတယ်။ ကျောရိုးထိခိုက်မှု မဖြစ်စေဖို့ ခန္ဓာကိုယ် ဘက်ညီအောင် ထိန်းသိမ်းရမယ်။

အလေးအပင် ပစ္စည်းတွေ မတဲ့အခါ ခါးကိုင်းပြီးမတာကို ရှောင်ရမယ်။ ထိုင်ပြီးမရမယ်။ အနိမ့်အမြင့် အတက်အဆင်း ပြုလုပ်တဲ့ အခါ ခန္ဓာကိုယ် လှုပ်ရှားမှုကို ဆင်ခြင်ရမယ်။ ကြာကြာ ခါးကုန်းပြီး လုပ်ရတဲ့ အလုပ်ကို ရှောင်ရမယ်။ 

ခါးကိုဖြောင့်မတ် အောင်ထားပါ။ အသက်အရွယ် ကြီးတဲ့သူတွေ ဆိုရင် ပိုပြီး သတိထားသင့်တယ်။ ကျောရိုးနဲ့ခါး မထိခိုက် ရအောင်၊ အတွင်းဒဏ် မဖြစ်အောင် ဂရုစိုက် ထိန်းသိမ်းရမယ်။

နေ့စဉ် နာရီဝက် အားကစား(အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး) လုပ် ပေးသင့်တယ်။ အိပ်စက် အနားယူရင် ခါးကို ဖြောင့်ဖြောင့် မတ်မတ် ထားရမယ်။ ကြာရှည် ညောင်းညာတဲ့ အလုပ်မျိုး လုပ်ကိုင်ရရင် အလုပ်ချိန် နှစ်နာရီပြီးတိုင်း ၁ဝ မိနစ်ခန့် လက်ဆန့်၊ ခြေဆန့်၊ ခါးဆန့် လှုပ်ရှားပေး ရမယ်။ ဒါမှမဟုတ် လမ်းလျှောက်ပေး ရမယ်။ ၂၁ ရာစုမှာ နည်းပညာ ထွန်းကားလာ တာနဲ့အမျှ တီဗွီကြည့်ခြင်း၊ ကွန်ပျူတာနဲ့ အလုပ်လုပ်ခြင်း၊ အင်တာနက် အသုံးပြုခြင်း၊ အထိုင်များတဲ့ ရုံးကိစ္စတွေကြောင့် နေ့စဉ် အညောင်းမိမှန်း မသိဖြစ်နေကြ ရပါတယ်။

ကိုယ်လက်လှုပ်ရှားမှု တစ်နေ့တခြား လျော့နည်းလာလို့ ကြွက်သားအင်အား နည်းလာပြီး အဆီထူ လာတယ်။ အဝလွန် ရောဂါတွေ ဖြစ်လာတယ်။ အဆစ်အမျက်တွေ ညောင်းညာ ကိုက်ခဲလာပြီး ခါးနာ၊ ဒူးနာတွေ ဖြစ်လာ တတ်တယ်။ သွေးခံကြောတွေ မာကျောလာပြီး နောက်ဆက်တွဲ ရောဂါတွေ ဝင်လာပါတယ်။

ကျောရိုးနာ ရောဂါဟာ အထိုင်များသူ တွေမှာ အဖြစ်များပါတယ်။ ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်တဲ့အခါ လေကောင်း လေသန့်ရတဲ့ နံနက်ခင်းပိုင်းကို ဦးစားပေး ရွေးရမယ်။ နေရောင်အောက်မှာ လေ့ကျင့်ခန်း လုပ်ခြင်းက ကျန်းမာရေး အတွက် အရေးကြီးတဲ့ ဗီတာမင် ဒီ ကိုရရှိနိုင်တယ်။ နေရောင်က ရောဂါပိုး အမျိုးမျိုးကို သေစေနိုင်တယ်။ အရိုးတွေကို သန်မာ စေပါတယ်။

သက်သောင့်သက်သာ မရှိတဲ့ နေထိုင်မှု တွေကြောင့်လည်း ခန္ဓာကိုယ်ရဲ့ ဝန်နဲ့အား ကျရောက်မှု မညီမမျှ ဖြစ်စေကာ အရိုးနုများ ရွေ့လျား လှုပ်ရှားမှု ပိုမိုဖြစ်ရင် ရောဂါပိုဆိုး နိုင်ပါတယ်။ အကိုက်အခဲ ပျောက်ဆေး သောက်ခြင်း၊ လိမ်းခြင်း၊ အနားယူခြင်း ဖြင့်လည်း ပြန်လည် ကောင်းမွန် စေနိုင်ပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...