Social Icons
Pages
Monday, May 16, 2016
ဆေးမျိုးစုံယဉ်ပါးတီဘီလူနာများကို နည်းလမ်းအသစ်ဖြင့်ကုသပေးမည်
လန်ဒန် ၊ ၁၆-၅-၂၀၁၆
ဆေးမျိုးစုံ ယဉ်ပါးတီဘီ ဝေဒနာ (MDR-TB) ကို ခံစားနေရသော လူနာများကို နည်းလမ်းအသစ်ဖြင့် ကုသပေးမည် ဖြစ်ပြီး ရောဂါစစ်ဆေး အဖြေရှာမှု မြန်ဆန်တိကျ စေမည့် ရောဂါရှာဖွေ နည်းအသစ် အပြင် အသုံးပြုမည့် ဆေးဝါးကို လည်း ကုထုံးအသစ်ဖြင့် သုံးစွဲသွားမည် ဖြစ်သည့်အတွက် MDR-TB ဝေဒနာရှင်များ အဖို့  မျှော်လင့်ချက် အသစ် တစ်ရပ် ရရှိလာမည် ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ မှ လွန်ခဲ့သည့် ရက်ပိုင်းက ထုတ်ပြန် ကြေညာသည်။ 
ကုထုံး အသစ်ဖြင့် MDR-TB လူနာများကို ကုသမှု ကုန်ကျစရိတ်မှာ တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၁၀၀၀ အောက် သာရှိပြီး ကုသချိန် သည်လည်း ၉ လမှ ၁၂ လ အထိသာ ကြာမြှင့်မည် ဖြစ်ကြောင်း၊ လက်ရှိ ကုထုံးများထက် ကုန်ကျစရိတ် သက်သာကြောင်း၊ ကုထုံးသည်လည်း ပို၍ထိရောက် မည်ဖြစ်ကြောင်း၊ လက်ရှိ ကုထုံးများသည် ၁၈ လ မှ ၂၄ လ အထိ ကြာမြင့်ကြောင်း၊ ကုသ ပျောက်ကင်းမှုနှုန်း နည်းပါးကြောင်း၊ ကမ္ဘာ တစ်ဝန်းတွင် ရောဂါ ပျောက်ကင်းသူ ၅၀ ရာခိုင်နှုန်းသာ ရှိကြောင်း၊ အထူးသဖြင့် ရက်လ ရှည်ကြာအောင် ဆေးကို စွဲသောက်ရာတွင် လူနာများ ပျက်ကွက်သည့် ရက်များ ရှိခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ 
ကမ္ဘာ တစ်ဝန်းတွင် တီဘီရောဂါ ကြောင့် သေဆုံးသူ ဦးရေမှာ နှစ်စဉ် ၁ ဒသမ၅ သန်း ထက်မနည်း ရှိကြောင်း၊ ကမ္ဘာ့လူဦးရေ ၏ သုံးပုံတစ်ပုံထက် မနည်းဖြစ်သော ၂ ဘီလီယံကျော် သည် တီဘီရောဂါ ကူးစက်မှု ခံထားရကြောင်း၊ တီဘီရောဂါ ၏ ၉၅ ရာခိုင်နှုန်းသည် ဆင်းရဲသော နိုင်ငံများတွင် ဖြစ်ပွားသည်ကို တွေ့ ရကြောင်း၊ အသက် ၁၅ နှစ်မှ ၄၄ နှစ်အရွယ် အမျိုးသမီးများ သေဆုံးရသည့် ထိပ်တန်း အကြောင်းရင်း ၅ ခုတွင် တီဘီရောဂါ ပါဝင်ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ကလေးဦးရေ ၁ သန်း ထက်မနည်း တွင် တီဘီဖြစ်ပွား ခဲ့ပြီး ၄င်းတို့ အနက် ၁၄၀၀၀၀ ဦး၏ အသက်ကို ကယ်တင်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
ရတနာပုံနေ့စဉ်
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...