Social Icons

Pages

Thursday, May 12, 2016

အာရှကို အကြီးမားဆုံး အန္တရာယ်ပေးနေသည့် ကျောက်မီးသွေး စက်ရုံများ



( ရှိန်းထက် )

ကမ္ဘာ့ အပူချိန် ၂ ဒီဂရီစင်တီဂရိတ် တွင် အမြဲထားရှိရေး ဦးတည်ချက်ဖြင့် ကျင်းပခဲ့ကြသော ကုလသမဂ္ဂ၏ ၂ဝ၁၅ ခုနှစ် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ညီလာခံ COP 21 ကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ကျင်းပခဲ့သည်။ ယင်း ညီလာခံ၏ သဘော တူညီချက် များကို ၂ဝ၁၆ ခုနှစ် ဧပြီလက ကမ္ဘာ့ ခေါင်းဆောင်များ အောင်မြင်စွာ လက်မှတ်ရေးထိုး နိုင်ခဲ့သည်။

ကမ္ဘာ့သဘာဝ ပတ်ဝန်းကျင် အတွက် အကြီးမားဆုံး အောင်မြင်မှု ဖြစ်သော်လည်း ယနေ့အချိန်ထိ ထို သဘော တူညီချက်ကို နိုင်ငံတိုင်းက မလိုက်နာ သည်မှာ အဓိက ပြဿနာ ဖြစ်နေသည်။ အထူးသဖြင့် တရုတ် နှင့် အိန္ဒိယတို့ ဖြစ်သည်။ အရှေ့အာရှ နှင့် အရှေ့တောင် အာရှသည် ကျောက်မီးသွေး စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေး စနစ်နှင့် စီမံကိန်းများ လုပ်ကိုင်မှု အများဆုံး ဖြစ်နေသည်။

ထို့ကြောင့် ပဲရစ်၌ ကျင်းပခဲ့သော COP 21 သဘော တူညီချက်၏ အဓိက အဟန့်အတား သည် အာရှက တရားခံဖြစ် နေသည်။ အမေရိကန် သည် ကာဗွန် ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို ၂ဝ၁၅ ခုနှစ် မှစတင်၍ ၁၂ ရာခိုင်နှုန်း အထိ လျှော့ချ နိုင်ခဲ့သည်။ ၂ဝ၁၅ ခုနှစ်တွင် အမေရိကန် ၏ ကာဗွန် ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ပမာဏ သည် ၅ ဒသမ ၂ ဘီလီယံတန် ဖြစ်သော်လည်း တရုတ်၏ ကာဗွန် ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ပမာဏသည် ၁ဝ ဘီလီယံ တန် ကျော်အထိ ရှိသည်။ အိန္ဒိယ၏ ကာဗွန် ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ပမာဏသည် ၂ ဘီလီယံတန် ကျော်ဖြစ်သည်။

အိန္ဒိယသည် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေးကို စိတ်အား ထက်သန် သော်လည်း ကျောက်မီးသွေး စက်ရုံများကို ထပ်မံ ဆောက်လုပ်လျက် ရှိသည်။ အစိမ်းရောင် စွမ်းအင် ကဏ္ဍက အပြည့်အဝ အစားထိုး မရနိုင်သေး သောကြောင့် ဖြစ်သည်။ အာရှတွင် လျှပ်စစ် ဓာတ်အား မသုံးစွဲ နိုင်သော လူပေါင်းသန်း ရာနှင့်ချီ၍ ရှိနေသေးသည်။ အိန္ဒိယ တစ်နိုင်ငံတည်း ၌ပင် လျှပ်စစ် မရရှိသေးသူ စုစုပေါင်း သန်း ၃ဝဝ ခန့် ရှိနေသည်။ 

ထိုလူအားလုံး လျှပ်စစ် သုံးစွဲခွင့် ရရှိစေရန် ဆောင်ရွက်ရလျှင် ကျောက်မီးသွေး စက်ရုံပေါင်း နောက်ထပ် ထောင်ချီ တည်ဆောက်ရန် လိုအပ်မည်။ နိုင်ငံတိုင်းက ကျောက်မီးသွေး စက်ရုံ ဆောက်လုပ်ရန် တားဆီး နေသော်လည်း အရှေ့အာရှ နှင့် အရှေ့တောင် အာရှ နိုင်ငံများက ကျောက်မီးသွေး စက်ရုံ စီမံကိန်းများကို ဆက်လက် အကောင် အထည်ဖော် နေသေးသည်။ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဂျင်ယောင်ကင် ၏ အဆိုအရ နောင်လာမည့် နှစ်ပေါင်း ၂ဝ အတွင်း နောက်ထပ် ကျောက်မီးသွေး စက်ရုံပေါင်း ရာနှင့်ချီပြီး အရှေ့အာရှ နှင့် အရှေ့တောင် အာရှ၌ ဆက်ပေါ် လာဦးမည်ဟု ဆိုသည်။

အဓိက ပြဿနာသည် ချမှတ်ပြီးသား စီမံကိန်းများကို အစိုးရတိုင်းက ဆက်လက် အကောင် အထည်ဖော် နေခြင်းဖြစ်သည်။ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ် နိုင်ငံတို့သည် အာရှ၏ ကျောက်မီးသွေး စက်မှုဇုန်ကြီး များဖြစ်သည်။ လျှပ်စစ် ဓာတ်အား အတွက် ကျောက်မီးသွေးကို အလွန်အမင်း မှီခိုနေရပြီး အစိမ်းရောင် စွမ်းအင်ကဏ္ဍ တွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်ရန် နိုင်ငံတကာမှ တိုက်တွန်းမှု အခံရဆုံး နိုင်ငံများ ဖြစ်သည်။

ပြန်လည် ပြည့်ဖြိုးမြဲ အစိမ်းရောင် စွမ်းအင်ကဏ္ဍ အတွက် လေအား လျှပ်စစ်နှင့် နေရောင်ခြည် စွမ်းအင်သည် အရေးပါဆုံး ဖြစ်သည်။ အမေရိကန် တစ်နိုင်ငံလုံး၏ စွမ်းအင်ကဏ္ဍ တွင် အစိမ်းရောင် စွမ်းအင် အသုံးချမှု ကဏ္ဍသည် ၁ဝ ရာခိုင်နှုန်းကျော် နေရာ ယူထားသည်။ အမေရိကန်၏ စွမ်းအင်ရယူ မှုသည် ကျောက်မီးသွေး မှ ၃၉ ရာခိုင်နှုန်း သာ ရှိသည်။ တရုတ်နိုင်ငံ၏ ကျောက်မီးသွေး မှ စွမ်းအင် ရရှိမှုသည် ၇၃ ရာခိုင်နှုန်း ဖြစ်သည်။

ကျောက်မီးသွေး စက်ရုံများသည် ကာဗွန် ဒိုင်အောက်ဆိုက် မွေးမြူရေး စက်ရုံများ ဖြစ်သည်။ ကျောက်မီးသွေး စက်ရုံများလေလေ ကာဗွန် ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုများ လေဖြစ်သည်။ တရုတ်၌ ကျောက်မီးသွေး
စက်ရုံပေါင်း ထောင်ချီရှိသည်။ ထိုအချက် ကပင် ကာဗွန် ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို အမေရိကန် ထက် နှစ်ဆများ သွားစေသည်။ နောက်ထပ်လည်း တရုတ် သည် ကျောက်မီးသွေး စက်ရုံများ ထပ်မံ ဆောက်လုပ်ရန် ရှိနေသေးသည်။

၂ဝ၂ဝ ပြည့်နှစ် အရောက်တွင် ၁၅ဝ ဂစ်ဂါဝပ်အထိ ထုတ်လုပ်နိုင်မည့် စက်ရုံများကို တည်ဆောက် နိုင်ရန် တရုတ်က စီမံကိန်းဆွဲ ထားသည်။ တစ် ဂစ်ဂါဝပ်သည် မီဂါဝပ် တစ်သိန်းနှင့် ညီမျှသည်။ တစ်ဂစ်ဂါဝပ် သည် အိမ်ပေါင်း ခုနစ်သိန်းခန့်ကို လုံလောက်သည့် လျှပ်စစ်ပမာဏေ ပးနိုင်သည်။ တရုတ်၏ နောက်ထပ် စီမံကိန်းသည် ကျောက်မီးသွေး ဓာတ်အားနှင့် နောက်ထပ် လူသန်းပေါင်းများစွာ လျှပ်စစ်ဖြန့်ဝေ ပေးမည်ဟု ဆိုလိုခြင်း ဖြစ်သည်။

တစ်ဖန် အိန္ဒိယကလည်း ၁၂၅ ဂစ်ဂါဝပ် ပေးနိုင်မည့် ကျောက်မီးသွေး စက်ရုံများကို ထပ်မံ ဆောက်လုပ် နေပြန်သည်။ ထိုအချက် များသည် အစိမ်းရောင် စွမ်းအင်ကဏ္ဍ အစားထိုး ဝင်ရောက်ရန် အကြီးမားဆုံး အနှောင့် အယှက်များ ဖြစ်သည်။ တရုတ်နှင့် အိန္ဒိယ ကျောက်မီးသွေး စက်ရုံများကို အားကျပြီး လျှပ်စစ်ဓာတ်အား ရရှိရန် အမီလိုက် နေသူ များသည် အရှေ့တောင် အာရှမှ အင်ဒိုနီးရှား နှင့် ဗီယက်နမ် တို့ဖြစ်သည်။ ဗီယက်နမ် က နောက်ထပ် ၄ဝ ဂစ်ဂါဝပ် အထိ ကျောက်မီးသွေး စက်ရုံများမှ ရရှိရန် ကြိုးပမ်းနေသည်။

အင်ဒိုနီးရှားက ကျောက်မီးသွေး စက်ရုံများမှ ၂၅ ဂစ်ဂါဝပ် ထပ်မံရရှိရန် ကြိုးပမ်း နေသည်။ အနောက်အုပ်စု၌ ကျောက်မီးသွေး အသုံးပြုသည့် လျှပ်စစ် ကုမ္ပဏီကြီးများ ဒေဝါလီ ခံနေရချိန်တွင် အရှေ့ ကမ္ဘာခြမ်း အာရှ၌ ကျောက်မီးသွေး လျှပ်စစ်စွမ်းအင် ထုတ်မည့် ကုမ္ပဏီပိုင်ရှင်များ ချမ်းသာနေသည်။ ကျောက်မီးသွေး စက်ရုံများသည် ကမ္ဘာကြီး အတွက် သဘာဝ ဘေးအန္တရာယ် များ ခေါ်ဆောင် လာမည့်သူများ ဖြစ်သည်။

၂ဝ၁၄ ခုနှစ်သည် သမိုင်းတွင် အပူဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့သည်။ ၂ဝ၁၅ ခုနှစ်သည် ၂ဝ၁၄ ခုနှစ်ကို ကျော်ကာ စံချိန်တင် အပူချိန် နှင့် အပူဆုံးနှစ် ဖြစ်ခဲ့ပြန်သည်။ ထို့အတူ ၂ဝ၁၆ ခုနှစ်သည်လည်း ၂ဝ၁၅ ခုနှစ်၏ အပူစံချိန်ကို ကျော်ကာ အပူဆုံး နှစ်တစ်နှစ် ဖြစ်လာဦးမည်မှာ ကျိန်းသေနေသည်။ အယ်လ်နီညို သည် ၂ဝ၁၅ ခုနှစ်တွင် အဆိုးရွားဆုံး ဒုက္ခပေးခဲ့ပြီး ၂ဝ၁၆ ခုနှစ်ကိုပါ အမွေစား အမွေခံ သယ်ဆောင် လာခဲ့သည်။ အဓိက တရားခံသည် ကမ္ဘာကြီး ပူနွေးလာမှု ကြောင့် ဖြစ်သည်။

ကမ္ဘာကြီးပူနွေး လာမှုကြောင့် ရာသီဥတုများ ပြောင်းလဲ လာသည်။ မိုးခေါင် ရေရှားသည်။ ရေကြီးသည်။ အပူလှိုင်းများ ရိုက်ခတ်သည်။ ၂ဝ၁၅ ခုနှစ်က အပူလှိုင်းကြောင့် အိန္ဒိယနှင့် ပါကစ္စတန်တို့၌ လူပေါင်း ထောင်ချီ သေဆုံးခဲ့ကြသည်။ ထို့ပြင် ကမ္ဘာ့အပူချိန်သည် ၂ ဒီဂရီ စင်တီဂရိတ် ကျော်လာပါက ဝင်ရိုးစွန်းဒေသရှိ ရေခဲတောင်များ အရည်ပျော်လာကာ ကမ္ဘာ့ ကမ်းရိုးတန်း မြို့တော်များ ရေအောက် ရောက်ပြီး လူသန်းပေါင်း ၃ဝဝ ကျော် အစာရေစာ ပြတ်ကာ ဆင်းရဲတွင်း နက်မည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ သဘာဝ ဘေးအန္တရာယ် ပေါင်း များစွာလည်း ယခင်ကထက် အဆပေါင်း များစွာ ရောက်ရှိလာမည် ဖြစ်သည်။

ထို့ကြောင့် ကမ္ဘာ ကြီး၏ အပူချိန်ကို ၂ ဒီဂရီ စင်တီဂရိတ် မှာပင် ရပ်တန့် နေစေရန် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ခေါင်းဆောင် များက ကြိုးပမ်း နေကြခြင်း ဖြစ်သည်။ ကမ္ဘာ့ အပူချိန်ကို ထိန်းနိုင်ရန် အတွက် အဓိက ကျောက်မီးသွေး စက်ရုံများကို ရပ်တန့်ပစ်ရန် လိုသည်။ သို့သော်လည်း အရှေ့အာရှနှင့် အရှေ့တောင် အာရှက ဆက်လက် လုပ်ကိုင် နေဆဲပင်။ ထို့ကြောင့် ကျောက်မီးသွေး စက်ရုံများနှင့် အာရှသည် ကမ္ဘာကြီး ပူနွေးလာမှု၏ အဓိက တရားခံ ဖြစ်လာပြီး သဘာဝ ဘေးအန္တရာယ် အဆိုးရွားဆုံး ခံစားရမည့် နောက်ထပ် နိုင်ငံများ စာရင်းတွင်လည်း အာရှနိုင်ငံ များက ထိပ်ဆုံးကပင် ယခင်ကဲ့သို့ နေရာယူ ထားဦးမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...