Social Icons

Pages

Monday, February 1, 2016

မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့ ကို အမေရိကန်ပြည်ထောင်စု ဖို့တ်ဝိန်းမြို့ ၏ ငါးခုမြောက် ညီအစ်မမြို့တော် အဖြစ်သတ်မှတ်



မော်လမြိုင် ၊ ၁-၂-၂၀၁၆

မွန်ပြည်နယ် မော်လမြိုင်မြို့ သည် နိုင်ငံကြီးများမှ မြို့တော်များနှင့် ညီအစ်မ မြို့တော် အဖြစ် ဆောင် ရွက်လျက် ရှိသော အမေရိကန် ပြည်ထောင်စု ဖို့တ်ဝိန်းမြို့၏ ငါးခုမြောက် ညီအစ်မ မြို့တော်အဖြစ် သတ်မှတ်ရန် သဘောတူညီ မှုများရရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စု အင်ဒီယာနာ ပြည်နယ်ရှိ ဖို့တ်ဝိန်းမြို့နှင့် မြန်မာနိုင်ငံ မွန်ပြည်နယ် မြို့တော် မော်လမြိုင် တို့သည် ညီအစ်မ ဆက်ဆံရေး ထူထောင်နိုင်ရန် လွန်ခဲ့သော သုံးနှစ်မှ စတင်ကြိုးစားလျက် ရှိရာ ယခုအခါ မိတ်ဆွေအဆင့် သတ်မှတ်ရန် သဘောတူညီချက် လက်မှတ်ရေးထိုး လိုက်ပြီဖြစ်၍ ဖို့တ်ဝိန်း မြို့တော်ဝန်နှင့် ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့တွင် မြန် မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်သည်။

ညီအစ်မမြို့တော် အဖွဲ့ဝင် များသည် ဇန်န၀ါရီလ ၂၅ ရက်နေ့က ဖို့တ်ဝိန်း မြို့တော်ဝန် တွမ်ဟင်နရီ ၏ ရုံးခန်း၌ သဘောတူညီချက် လက်မှတ်ရေးထိုး ခဲ့ပြီး မြန်မာနိုင်ငံသို့ ရောက်ရှိချိန်တွင် ရန်ကုန်မြို့၌ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမေရိကန် သံအမတ်သစ် စကော့မာစီယယ်လ် နှင့်တွေ့ဆုံ ပြီးနောက် ဖေဖော်ဝါရီ ၄ ရက်တွင် မော်လမြိုင်သို့ လာရောက်ပြီး သဘောတူညီမှု လက်မှတ် ရေး ထိုးမည် ဖြစ်ကြောင်း၊ ထို့ပြင် မော်လမြိုင်မြို့ရှိ စာသင်ကျောင်းများ၊ ဆေးရုံများ၊ သံဖြူဇရပ်ရှိ သေမင်းတမန် ရထားလမ်း နှင့်အထင်ကရ နေရာများသို့ သွားရောက် လေ့လာသွားမည် ဖြစ်ကြောင်း သိရသည်။ ညီအစ်မ မြို့တော်များ အဖြစ် သတ်မှတ်လိုက် ခြင်းကြောင့် ပညာရေးနှင့် ကျန်းမာရေး၊ ယဉ်ကျေးမှု ဆိုင်ရာ ဖလှယ်မှုများ ကိုလည်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ ပထမဆုံး အနေဖြင့် မော်လမြိုင် မြို့မှ ကျောင်းသား လူငယ်များကို ဖို့တ်ဝိန်း သို့ လေ့လာ သင်ယူရန် ဖိတ်ခေါ်သွားမည် ဖြစ်ပြီး

ဖို့တ်ဝိန်းမြို့မှ လူငယ်များ ကိုလည်း မော်လမြိုင်မြို့သို့ လည်ပတ် စေမည် ဖြစ်ကြောင်း ညီအစ်မ မြို့တော် အဖွဲ့ဝင် တစ်ဦးက ပြောပြသည်။

ထို့နောက် နှစ်နိုင်ငံ အနုပညာရှင်များ၊ အပြန်အလှန် ယဉ်ကျေးမှု ဖလှယ်ခြင်းများ၊ မြန်မာ ဆရာဝန်များ အမေရိကန် နိုင်ငံတွင် ဆေးပညာ လေ့လာသင်ယူ နိုင်ရေးတို့ကိုလည်း ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ဖို့တ်ဝိန်းမြို့သည် ဂျပန်နိုင်ငံ တကာအိုကာမြို့ ၊ ပိုလန်နိုင်ငံ ပလော့မြို့၊ ဂျာမနီနိုင်ငံ ဂီရမြို့၊ တရုတ်နိုင်ငံ တိုင်ဂျိုမြို့ တို့ဖြင့် ညီအစ်မမြို့ ဆက်ဆံရေး ထူထောင် ထားပြီးဖြစ်ကာ မော်လမြိုင်မြို့ သည် ပဉ္စမမြောက် မြို့ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...