Social Icons

Pages

Friday, November 6, 2015

ဂျပန်တို့၏ အလေ့အကျင့်ကောင်းများ



ဇော်နောင်ဟိန်း ( Guitar )

မတူညီတဲ့ ဓလေ့ထုံးစံတွေ၊ အမူအကျင့်တွေ ဆိုတာ နိုင်ငံအလိုက် ကွဲပြားစွာ ရှိနေတတ် ပါတယ်။ အမေရိကန်က စားသောက်ဆိုင် တွေမှာ ဝိတ်တာတွေကို စားသုံးသူ တွေက Tip လို့ခေါ်တဲ့ ဘောက်ဆူးပေးတဲ့ အလေ့အထ ရှိပါတယ်။ နယူးဇီလန် မှာတော့ ကိုယ့်မိတ်ဆွေ ရှိလို့ဆိုပြီး ဝမ်းသာမစော လေနဲ့။ စားသောက်ဆိုင် ထိုင်တဲ့အခါ ကိုယ်စားတာ ကိုယ်ရှင်းရမှာပါ။ ဘရာဇီးနိုင်ငံ မှာဆိုရင် မိတ်ဆွေ သူငယ်ချင်းတွေ တွေ့ကြရင် ပါးကို သုံး၊ လေးချက်လောက် နမ်းပြီး အားပါးတရ နှုတ်ဆက်တတ် တာမျိုးကို တွေ့လို့လဲ အထင်မလွဲ လိုက်နဲ့အုံး။ ဒါ သူတို့ ထုံးစံတစ်ခုပါ။ ပြင်သစ် ရောက်တဲ့အခါ အမေရိကန်မှာလို Tip သွားမပေး လေနဲ့။ ဝိတ်တာတွေရဲ့ ဝန်ဆောင်ခကို ကျသင့်ငွေထဲမှာ ထည့်ပေါင်းထားပြီး သားပါ။ ဂျပန်နိုင်ငံကို ရောက်ရင်တော့ သင်ဘယ်လို နိုင်ငံကပဲ လာလာ ခါးလေးကုန်းပြီး အရိုအသေ ပေးကြ ပါလိမ့်မယ်။

တစ်ချိန်က ပါးရိုက်၊နားရိုက်နဲ့ အလွန်ကြမ်းတမ်း ခဲ့တဲ့ ဂျပန်တွေ အခုတော့လဲ အံ့သြစရာ ကောင်းလောက်အောင် ပြောင်းလဲသွားပြီ။ ချစ်စရာ အပြုံးလေးနဲ့ နှုတ်ဆက် တတ်ပုံများ မြင်ရသူတိုင်း ကြည်နူးစရာပါ။ Homeless ဆိုတဲ့ အိမ်ယာမဲ့တွေ ရှိနေပေမယ့် ဣနြေ္ဒရရ ပါပဲ။ နေ့ခင်းမှာ စားဝတ်နေရေး အတွက် လုပ်စရာရှိတာ လုပ်ပြီး ညပိုင်း အနားယူချိန် မှာတော့ တိတ်ဆိတ်တဲ့ နေရာတစ်ခုကို သွားပြီး ကားကို ရပ်ထားမယ်။ ပြီးရင် ဂက်စ်မီးဖိုလေးနဲ့ ချက်ပြုတ် စားသောက်မယ်။ ပြီးရင် ကားထဲမှာပဲ အိပ်စက် အနားယူမယ်။ တချို့ Homeless တွေကတော့ စာအုပ်အဟောင်းတွေ စုဆောင်းပြီး ရောင်းချတဲ့ အလုပ်လုပ်တာ တစ်လ မြန်မာငွေကျပ် သိန်း ၄ဝ လောက်ထိ ဝင်တဲ့လတွေ ရှိပါတယ်။

ဂျပန်နိုင်ငံ ချမ်းသာသလို နိုင်ငံသားတွေလဲ လောက်ငတဲ့ ဝင်ငွေနဲ့ အဆင်ပြေပြေ နေနိုင်ကြ ပါတယ်။ ဒါပေမဲ့ အိမ်ဖော်ဆိုတဲ့ လူတန်းစား အတော်ရှား ပါတယ်။ စက်ရုံ ၁၀ ရုံလောက်ပိုင်တဲ့ သူဌေးကလဲ တံမြက်စည်း ကိုယ်တိုင်လှည်းမှာ ဖြစ်သလို အိမ်သာ ကိုယ်တိုင်ဆေး မှာပါ။ အိမ် သန့်ရှင်းရေး ကိုယ်တိုင် လုပ်မှာပါ။ အသက် ၇ဝ၊ ၈ဝ အဘိုး၊အဘွား တွေကလဲ လုပ်ငန်းခွင်က အနားယူသွား ရင်တောင် အိမ်က စိုက်ခင်း လေးတွေမှာ ကြက်သွန်စိုက်မယ်။ မုန်လာဥ စိုက်မယ်ဆိုတဲ့ အလုပ်တွေနဲ့ အနားမယူနိုင် ကြပါဘူး။ ''သူတို့ လုပ်နိုင်သေးတယ်'' ဆိုတာကို ဂုဏ်ယူကြတာ မျိုးပါ။ စိုက်ခင်းက ရတဲ့ အသီးအနှံတွေကို ခင်မင်တဲ့ မိတ်ဆွေတွေကို ပေးကမ်းလေ့ ရှိပါတယ်။

နှစ်စဉ်လိုလို၊ လစဉ်လိုလို ငလျင်လှုပ်လေ့ ရှိပေမယ့် သူတို့အတွက် တော့ မထူးဆန်း တော့တဲ့ ဖြစ်စဉ်တစ်ခု ပါ။ တစ်ခါတစ်ရံ ၄၊၅ ရက်လောက် ဆက်တိုက် လှုပ်တတ် ပါသေးတယ်။ လာမယ့်ဘေး ပြေးတွေ့ ဆိုသလို ငလျင်ငယ်လေး တွေအတွက် ခံနိုင်ရည် ရှိမယ့် အဆောက် အအုံတွေ ပြင်ဆင်ထားပြီး ပါပြီ။ တွင်းထွက် ပစ္စည်းရယ်လို့ ပီပီပြင်ပြင် မရှိတဲ့ ဂျပန်နိုင်ငံ အနေနဲ့ သဘာဝ ဘေးကြောင့် သူတို့ စီးပွားရေးကို အထိခိုက် မခံဘဲ ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံအဖြစ်က ကျမသွား စေခဲ့ပါဘူး။

ဂျပန်နိုင်ငံက စာသင်ကျောင်း တွေမှာ နေ့စဉ် ၁၅ မိနစ်ခန့် ကျောင်းသား၊ ကျောင်းသူ တွေကို ကျောင်း သန့်ရှင်းရေး လုပ်စေပါတယ်။ ရံဖန်ရံခါ ရပ်ကွက်ထဲ လှည့်ပြီး သန့်ရှင်းရေး ဆောင်ရွက်စေ ပါတယ်။ ''အမှိုက်မပစ်ရ'' လို့ ပြောစရာ မလိုတော့ဘဲ ''ဒီလို စည်းကမ်းမဲ့ အမှိုက်စွန့်ပစ် သူတွေရှိလို့ တို့ကျောင်းသားတွေ လိုက်ကောက် နေကြရတာ။ တို့လဲ အမှိုက်မပစ် မိအောင် ဆင်ခြင်ရမယ် '' ဆိုတဲ့ ကိုယ်ချင်းစာ တရားရှိတဲ့ သူတွေ ဖြစ်အောင် ပျိုးထောင် ပေးလိုက်တာ ပါပဲ။ အမှိုက်ကောက်တာ ကနေ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးထိ တွေးနိုင်အောင် လုပ်ပေး လိုက်တာပါ။ သတ်မှတ်ထားတဲ့ အမှိုက်အိတ်မှာ အမှိုက်ပစ် တတ်အောင် သင်ကြားပေး ပါတယ်။ 

အဖြူ၊ အနီ၊ အပြာ ဆိုတဲ့ ရောင်စုံ ပလတ်စတစ်အိတ် တွေမှာ စားကြွင်းစားကျန် အမှိုက် ၊ ပလတ်စတစ် အမှိုက်၊ သံဘူး သံထည်အမှိုက် စသည်ဖြင့် ခွဲခြားပြီး စွန့်ပစ်ရပါတယ်။ သတ်မှတ်ထားတဲ့ နေရာတစ်ခုမှာ အမှိုက်အိတ်ကို သွားချထား၊ သတ်မှတ်ရက် ရောက်ရင် အမှိုက်သိမ်းကားက လာယူသွား တာပါ။ အမှိုက်သိမ်းရင်း လမ်းတစ်လျှောက် ကားပေါ်က အမှိုက်တွေ ကျကျန် ခဲ့တာမျိုး မရှိစေရပါဘူး။

ဂျပန်လူမျိုး တွေက ခွေးချစ်ကြ ပါတယ်။ အိမ်အများစုမှာ ခွေးမွေး ကြပါတယ်။ ခွေးတစ်ကောင်ကို မြန်မာငွေကျပ် သိန်း ၅ဝ တန်လောက်ထိ ရှိပါတယ်။ ဒီထက် တန်ဖိုးကြီး တာတွေလဲ ရှိအုံးမှာပါ။ ခွေးကျန်းမာရေး အတွက် ခွေးကျောင်း ထွက်တဲ့အခါ ခွေးလေးတွေက စွန့်ပစ်တဲ့ အညစ်အကြေး တွေကို သန့်ရှင်းရေး လုပ်ဖို့ တစ်ရှူးထုပ်နဲ့ အမှိုက်အိတ် တို့ကို တစ်ပါတည်း ယူဆောင်သွားကြ ပါတယ်။ လမ်းပေါ်မှာ အညစ်အကြေး တွေကို ဒီအတိုင်း မထားခဲ့ပါဘူး။ ကိုယ့်သား၊ သမီးရဲ့ အညစ်အကြေး လိုမျိုး ပြုံးပြုံးရွှင်ရွှင် တစ်ရှူးနဲ့ ကောက်ပြီး အိတ်ထဲထည့် ပြီးရင် အနီးအနားက အမှိုက်ပုံးထဲ စနစ်တကျ ထည့်ကြတာပါ။

ဂျပန်လူမျိုး တွေဟာ အချိန်ကို လေးစားကြ ပါတယ်။ ဂျပန်နိုင်ငံမှာ ရထား နောက်ကျတဲ့ အချိန်ကြာနှုန်းဟာ တစ်လလုံးမှာ ခုနစ်စက္ကန့်ပဲ ရှိတယ်လို့ ဆိုပါတယ်။ ဒီထက် နောက်ကျမှု နည်းတဲ့ လတွေလဲ ရှိပါတယ်။ အချိန်ကို အလွန် လေးစားတဲ့ ဂျပန်လူမျိုး တွေဟာ သူတို့ နှစ်သက်တဲ့ အရာတစ်ခု အတွက် ဆိုရင်တော့ စိတ်ရှည်ရှည်နဲ့ အချိန်ပေးတတ် ပြန်ပါတယ်။ မနက် ၈ နာရီစမယ့် အလုပ်ချိန် အတွက် နာရီဝက် လောက်စောပြီး ရောက်နေတတ် ပါတယ်။ အလုပ်စချိန် အချက်ပေး ဥသြသံ မတိုင်ခင် လုပ်ငန်းခွင်ထဲ ရောက်နေလေ့ ရှိပါတယ်။ တစ်ခါ သူတို့ အလွန်ကြိုက်တဲ့ စားစရာ တစ်ခုခုအတွက် တန်းစီပြီး စောင့်ရမယ် ဆိုရင်လဲ အချိန်အကုန်ခံပြီး စောင့်ကြပါတယ်။ 

ဂျပန်နိုင်ငံက ရွှေတံဆိပ်ဆုရ လမယ် ခေါက်ဆွဲဆိုင် တွေမှာဆိုရင် ဆိုင်ရဲ့အပြင် ကနေ မတ်တတ်ရပ်ပြီး စောင့်ရတဲ့ အခြေအနေမျိုး တွေထိ ရှိတတ်ပါတယ်။ အားလပ်ရက် တွေမှာဆိုရင် ငါးကြိုက်တဲ့ ဂျပန်လူမျိုး တွေက ကားနောက်ခန်းမှာ ငါးမျှားတံထည့်၊ ထီးကြီးကြီး တစ်ချောင်းယူ၊ ပြီးရင် ဂက်စ်မီးဖိုနဲ့ ဂက်စ် အလုံအလောက် ထည့်ပြီး ငါးမျှားထွက် ပါတယ်။ တစ်နေကုန် ငါးမျှားလိုက်၊ ရတဲ့ငါး ကင်စားလိုက်နဲ့ အားလပ်ရက်ကို ဖြတ်သန်းကြလေ့ ရှိပါတယ်။ ငါးမျှားတံ တစ်ချောင်းကို မြန်မာငွေ လေး၊ ငါးသောင်းထိ တန်ဖိုး ရှိပါတယ်။

တချို့နိုင်ငံ တွေမှာ ဥပဒေအရ ကန့်သတ်ထား ပေမယ့် ဂျပန်နိုင်ငံ မှာတော့ ဆွံ့အ နားမကြား တွေကို ကားမောင်းခွင့်ပြု ထားပါတယ်။ ဆွံ့အ နားမကြား တစ်ယောက် အနေနဲ့ ယာဉ်မောင်း လိုင်စင် လျှောက်ထားခွင့် ရှိပါတယ်။ ယာဉ်မောင်းလိုင်စင် ရရှိပြီးရင် အလုပ်သွား၊ အလုပ်ပြန် ကိုယ်တိုင် ကားမောင်း သွားရုံပါပဲ။ ဆွံ့အ နားမကြား တစ်ယောက်ဟာ တစ်လကို မြန်မာငွေကျပ် ၁၉ သိန်းလောက် ရရှိပါတယ်။ တခြား ဝန်ထမ်းတွေလို အကျိုးခံစားခွင့် ရရှိပေမယ့် အချိန်ပို အလုပ်ချိန်ကို ကန့်သတ်ချက် ထားပါတယ်။

ဂျပန်နိုင်ငံမှာ မိုဘိုင်းလ်ဖုန်း သုံးစွဲခွင့် မရှိတဲ့ နေရာတွေ ရှိပါတယ်။ ရထားပေါ်မှာ၊ ဘတ်စ်ကားပေါ်မှာ မဖြစ်မနေ ဖုန်းပြောရမယ် ဆိုရင် ညင်သာစွာ ပြောဆိုကြ ပါတယ်။ အင်္ဂလိပ်လို SOFTBANK ၊ ဂျပန်လို ''ဆိုတိုဘဲန့်ခု'' လို့ ခေါ်တဲ့ ဖုန်းကုမ္ပဏီ တစ်ခုက ဖုန်းသုံးစွဲသူ တွေကို ပေးထားတဲ့ ဝန်ဆောင်မှုက ဝမ်းမြောက် ဖွယ်ရာပါ။ သုံးစွဲသူ တစ်ယောက်က သူ့နာမည်၊ မှတ်ပုံတင်နဲ့ SIM CARD ငါးခုဝယ်တယ် ဆိုရင် မိသားစုဖုန်းလို့ ခေါ်ပါတယ်။ မိသားစုဖုန်း အချင်းချင်း ပြောဆိုသမျှ ဘေလ် မထွက်ပါဘူး။ တစ်ခါ ည ၉ နာရီနောက်ပိုင်း ဆိုရင် ဖုန်းအားလုံး အခမဲ့ပြောဆိုခွင့် ပေးထားပါတယ်။ နိုင်ငံခြားသားတွေ အနေနဲ့ ဂျပန်နိုင်ငံကနေ ကိုယ့်နိုင်ငံကို ဖုန်းခေါ်ဆိုမယ် ဆိုရင် ငွေဖြည့်ကတ် လေးတွေ ဝယ်ယူကြ ရပါတယ်။ ဒီကတ်လေးတွေ အတွက် ဗုဒ္ဓဟူးနေ့ ဖြစ်စေ သတ်မှတ်ထားတဲ့ ရက်တစ်ရက်မှာ အသုံးပြုမယ် ဆိုရင် ကတ်တန်ဖိုးထက် နှစ်ဆ အသုံးပြုခွင့် ရမှာ ဖြစ်ပါတယ်။

အလေ့အကျင့်တွေ၊ ဓလေ့ထုံးစံတွေ ဆိုတာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ မိသားစုတစ်စုနဲ့ တစ်စု ကွဲပြားမှုတွေ ရှိနေတတ် ပါတယ်။ ဒီနေရာမှာ ဘယ်နိုင်ငံက ဘာကြောင့် တိုးတက်တာလဲ၊ ဘယ် မိသားစုက ဘာကြောင့် တိုးတက်တာလဲ ဆိုတဲ့ အဖြေကို ရအောင်ရှာ ရမှာပါ။ ရလာတဲ့ အဖြေတစ်ခုကို အတုယူ ကြိုးစားရင်း အောင်မြင်မှုတွေ ရယူနိုင်ကြ စေဖို့ ရေးသားလိုက်ရ ပါတယ်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...