Social Icons

Pages

Monday, November 30, 2015

အမျိုးသမီးများတွင် အဖြစ်များသော လေဖြတ်ခြင်းရောဂါ


အမျိုးသမီးများတွင် အဖြစ်များသော လေဖြတ်ခြင်းရောဂါ

ဒေါက်တာ ဖြူဖြူလေး (မြောက်ဥက္ကလာပဆေးရုံကြီး)

အမျိုးသမီးများသည် အမျိုးသားများထက် လေဖြတ်နိုင်မှုနှုန်း ပို၍များတတ်ခြင်း နှင့် ပတ်သက်၍ ရန်ကုန်မြို့ မြောက်ဥက္ကလာပ ဆေးရုံကြီး ၊ ဆေးတက္ကသိုလ်(၂) ဦးနှောက်နှင့် အာရုံကြော ဆေးပညာဌာနမှ ဌာနမှူး ပါမောက္ခ ဒေါက်တာ ဖြူဖြူလေးနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပုံကို ဖော်ပြလိုက်ပါသည်။

ဆရာမကြီးအနေနဲ့ အမျိုးသမီးအများစုမှာ လေဖြတ်နိုင်ခြေ ဘယ်လောက်အထိ ရှိပါသလဲဆိုတာ ပြောပြပေးပါဦး

အမျိုးသားတွေထက် စာရင် အမျိုးသမီးတွေက ပိုပြီးတော့ လေဖြတ်ရောဂါ ဝေဒနာကို ခံစားကြရ ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်ရဲ့ စာရင်းဇယားတွေ အရ အမျိုးသမီး ငါးဦးမှာ တစ်ဦးက လေဖြတ် ရောဂါကို ခံစားရတယ်။အမျိုးသား ခြောက်ဦးမှာ ဆို တစ်ဦးက လေဖြတ် ဝေဒနာကို ခံစားရ ပါတယ်။ လေဖြတ်ရောဂါ ကြောင့် သေဆုံးသူ ၁ဝ ဦးမှာ ခြောက်ဦးဟာ အမျိုးသမီးတွေ ဖြစ်တယ်။ အမျိုးသမီးတွေမှာ လေဖြတ်ရောဂါ ပိုအဖြစ်များတယ်။ သေဆုံးမှုနှုန်း လည်း ပိုများတဲ့အတွက် လေဖြတ်ခြင်းဟာ ဂရုတစိုက်နဲ့ ကာကွယ်ကုသ ရမယ့် ရောဂါတစ်ခု ဖြစ်ပါတယ်။

လေဖြတ်ရောဂါ မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲပြောပြပေးပါဦး

လေဖြတ်ရောဂါ ကာကွယ်ဖို့ဆိုရင် လေဖြတ်ရောဂါကို ဖြစ်စေတဲ့ အကြောင်းတရား တွေကိုရှာဖွေပြီး ကုသရမယ်။ လေဖြတ်ရောဂါ ဖြစ်စေတဲ့ အကြောင်းအရင်း တွေမှာ ပြုပြင်ပြောင်းလဲလို့ ရတဲ့ အကြောင်းအရင်း တွေနဲ့ ပြုပြင်ပြောင်းလဲလို့ မရတဲ့ အကြောင်းအရင်း တွေဆိုပြီး ရှိပါတယ်။ ပြုပြင်ပြောင်းလဲ လို့ မရတာက အသက်ကြီးခြင်း၊ မိဘဆွေမျိုး တွေထဲမှာ လေဖြတ်ရောဂါ ရှိတာကတော့ ပြုပြင်ပြောင်းလဲလို့ မရဘူးပေါ့။ ပြုပြင်ပြောင်းလဲလို့ ရတဲ့ အရာတွေက ဥပမာ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ။ ဒီရောဂါ တွေက အမျိုးသားရော အမျိုးသမီးတွေ မှာပါ ဖြစ်တတ်တယ်။ အမျိုးသမီးတွေမှာ ဘာကြောင့် အဖြစ်များလဲ ဆိုရင် အဓိကက အမျိုးသမီးတွေက အမျိုးသား တွေနဲ့ မတူဘူး။ အမျိုးသမီးတွေက အီစထိုဂျင် ဟော်မုန်းဓာတ် တွေရှိတဲ့အခါ ကျတော့ ဒီဟော်မုန်းနဲ့ ပတ်သက် ပြီး သွေးပျစ်တာ ဖြစ်ပြီး လေဖြတ်တယ်။ ကိုယ်ဝန်ဆောင်စဉ် အတွင်းမှာပိုပြီး သွေးပျစ် လာတယ်။ အီစထရိုဂျင် ဟော်မုန်း မြင့်တက်တာ ပိုများလာတယ်။ အဲဒီလို များတဲ့အခါ ကိုယ်ဝန်ဆိပ် တက်ပြီး သွေးအရမ်း တိုးမယ်။ တစ်ကိုယ်လုံး ဖောရောင်လာတယ်။ နောက်ပြီး သွေးပိုပျစ် လာတဲ့အခါမှာ သွေးပြန်ကြော တွေပိတ်တဲ့ ရောဂါဖြစ်ပြီး လေဖြတ်တယ်။

လေဖြတ်ခြင်းဟာ ဘယ်လို အခြေအနေမှာ ပိုပြီးဖြစ်တတ်ပါသလဲ

အမျိုးသမီးတွေ ကိုယ်ဝန်ဆောင် ချိန်မှာ ပိုပြီးအဖြစ်များ ပါတယ်။ ကိုယ်ဝန် ဆောင်စဉ်မှာ ပထမပိုင်း၊ ဒုတိယပိုင်းနဲ့ တတိယပိုင်း မှာရော မွေးဖွားခါနီး အထိပါ မွေးဖွားနေ ချိန်မှာလည်း ဖြစ်တတ်ပါတယ်။ ရေမြွှာပေါက် တဲ့အချိန်မှာ ရေမြွှာထဲက အရည်တွေက သွေးကြောထဲ ဝင်လာပြီး သွေးကြောပိတ် သွားတာပါ။ အဲဒါဆိုရင် လေဖြတ်သွား နိုင်တယ်။ မွေးပြီးတဲ့ အချိန်မှာလည်း သွေးပျစ်တဲ့ ရောဂါဖြစ်ပြီး လေဖြတ် နိုင်တယ်။ သွေးဆုံးတဲ့ အချိန်မှာလည်း လေဖြတ်နိုင် တယ်။ နောက်ပြီး အသက်ကြီးတော့ နှလုံးခုန်မှု ကလည်း မမှန်ဘူး။ မမှန်တော့ နှလုံး ထဲက သွေးက ထွက်ပြီး ဦးနှောက်မှာ သွားပိတ်တဲ့အခါ လေဖြတ်နိုင် ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ ဘယ်လို အသက် အပိုင်းအခြားမှာ လေဖြတ် တတ်ပါသလဲ။ ပြောပြပေးပါဦး

တစ်နိုင်ငံလုံး အတိုင်းအတာအရ ပြောလို့ မရပါဘူး။ လေဖြတ်နိုင်ခြေ များတာကတော့ အသက် ၄ဝ ကနေ အသက် ၆ဝ အတွင်း လေဖြတ် နိုင်ပါတယ်။ ဒါပေမဲ့ လေဖြတ်တာဟာ အသက်အရွယ် မရွေးပါဘူး။ အသက် သုံးနှစ် လေးနှစ် ကလေးတွေ လေဖြတ်တာ လည်း တွေ့ဖူးပါတယ်။ အသက် ၁၃ နှစ်၊ ၁၄ နှစ်နဲ့ အသက် ၂ဝ ကျော်တွေလည်း တွေ့ဖူး ပါတယ်။ အဓိကပိုပြီး အဖြစ်များတာ ကတော့ အသက် ၄ဝ ကျော် အရွယ်တွေ အဖြစ်များပါတယ်။

လေဖြတ်ရောဂါ မဖြစ်အောင် ဘယ်လို နေထိုင်စားသောက် သင့်ပါသလဲ

လေဖြတ်ရောဂါ မဖြစ်အောင်ကတော့ နေထိုင်မှု ပုံစံပေါ့။ အငန်ကို အဓိကထား ပြီး ရှောင်ရမယ်။ သွေးပေါင် မကြာခဏ ချိန်ရမယ်။ ဆီးချိုလည်း ဒီအတိုင်းပဲ အချို စားတာ ရှောင်ရမယ်။ ဖျော်ရည်တွေ၊ သကြား အဖြူရောင်တွေ၊ ကစီဓာတ် များတဲ့ အစားအစာတွေ၊ အဲဒါတွေက ဆီးချို ဖြစ်စေတဲ့ အတွက် ရှောင်ကြဉ်ရမယ်။ အဆီအအိမ့် တွေမစားဘဲ အချို၊ အငန်တွေ အဓိက ရှောင်ရမယ်။ နေ့စဉ် အနည်းဆုံး နာရီဝက် လမ်းအမြန် လျှောက်ရမယ်။ ဒါမှ နှလုံးခုန်မြန်ပြီး ချွေးထွက်များမှာပါ။ ဆေးလိပ်၊ ကွမ်း၊ အရက် သောက်သုံးခြင်းကို ရှောင်ကြဉ် ရမယ်။

ဆရာမကြီး အနေနဲ့ အမျိုးသမီးထု အတွက် လေဖြတ်ခြင်းနဲ့ ပတ်သက်ပြီး အသိပေးစကားလေး ဖြည့်စွက်ပြောပေးပါဦး

အမျိုးသမီးတွေ အနေနဲ့က အမျိုးသားတွေထက် လေဖြတ်နိုင်ခြေ ပိုများတဲ့အတွက် လေဖြတ်ခြင်းကို ဖြစ်စေတဲ့ အကြောင်းတရား တွေကို ကာကွယ်ရမယ်။ ရှာဖွေပြီးတော့ ရှောင်သင့်တာ ရှောင်ရမယ်။ ကိုယ်ဝန်ဆောင် စဉ်မှာ အသက်ကြီးလို့ ဟော်မုန်းဆေး Treatment ယူတဲ့ဟာတွေကို ရှောင်ရမယ်။ ဒီဟာတွေ ကုသမယ်ဆိုရင် တခြားသွေးတိုး၊ ဆီးချိုရှိလား စမ်းသပ်ပြီး ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့မှ Treatment ယူသင့်ပါတယ်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...