Social Icons

Pages

Monday, October 26, 2015

ပြည်သူလူထု ကျခံသုံးစွဲရသည့် ကျန်းမာရေး ကုန်ကျစရိတ်ကို လျှော့ချရန် တိုးမြှင့်ဆောင်ရွက်နေ


ရန်ကုန် ၊ ၂၆-၁၀-၂၀၁၅

ကျန်းမာရေး ဝန်ကြီးဌာနသည် နိုင်ငံတော် ဘတ်ဂျက်ငွေ များကို တစ်နှစ်ထက် တစ်နှစ်တိုးမြှင့် သုံးစွဲကာ ပြည်သူလူထု ကျခံသုံးစွဲ ရမည့် ကျန်းမာရေး ကုန်ကျစရိတ်ကို လျှော့ချရန် တိုးမြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့အပြင် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် လူနာများ၏ စိုက်ထုတ် ကုန်ကျငွေ များသည် ၂ဝ၁၁ ခုနှစ်တွင် ၈ဝ ရာခိုင်နှုန်းမှ ၂ဝ၁၄ ခုနှစ်တွင် ၆ဝ ရာခိုင်နှုန်း အထိ လျှော့ချနိုင် ခဲ့ရာ ယခုနှစ်တွင်
ဆက်လက် လျှော့ချနိုင်ရန် တိုးမြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

''ဆေးဝါး ပစ္စည်းတွေ ထောက်ပံ့တဲ့ အပိုင်းကို နိုင်ငံတော် ဘတ်ဂျက်နဲ့ အသုံးပြု နေတာ ဖြစ်ပါတယ်။ လူနာ တစ်ဦးစီရဲ့ ငွေကြေး စိုက်ထုတ် အသုံးပြုခြင်းကို အရင်ကထက် လျှော့ချ လာပါတယ်''ဟု ကျန်းမာရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း က ပြောသည်။

ထို့အပြင် ဆေးဝါးများ ဝယ်ယူ ဖြန့်ဖြူးရေးတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတကာ အဆင့်မီ ဖြန့်ဖြူးရေး စနစ်များကို အသုံးပြုနိုင်ရန် ဆောင်ရွက်လျက် ရှိသည့်အပြင် ကင်ဆာရောဂါ များ အပါအဝင် ခွဲစိတ် ကုသမှု အသီးသီးကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့ တို့ရှိ ဆေးရုံကြီး များ၌ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာန အတွက် ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၇၅၃ဝဝ၁ ဒသမ ၃၇၈ သန်းကို နိုင်ငံတော်မှ ဘတ်ဂျက် ချထားပေးခဲ့ရာ ဆေးရုံသစ်များ၊ ဆေးဝါးများ၊ အခမဲ့ခွဲစိတ် ကုသမှုများ အပြင် အဆောက် အအုံပိုင်း၊ စက်ပစ္စည်းများ အပိုင်း အပါအဝင် လူနာများ၏ ငွေကြေး စိုက်ထုတ် အသုံးပြုခြင်း များကို လျှော့ချ ပေးလျက် ရှိကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...