Social Icons

Pages

Wednesday, August 19, 2015

အိမ်စီးဇိမ်ခံကားများ အလုံးစုံအာမခံ မထားခဲ့ခြင်းကြောင့် အာမခံလျော်ကြေး မရခဲ့



ပွင့်ဖြူ ၊ ၁၉-၈-၂၀၁၅

မကွေးတိုင်း ဒေသကြီး အတွင်းရှိ ပြည်သူများ အနေဖြင့် တန်ဖိုးရှိ ပစ္စည်းများကို အာမခံ ထားရှိပါက အကျိုးရှိကြောင်း လူသိနည်း နေပြီး ရေဘေးသင့် ဒေသများမှ ဇိမ်ခံ ကားများသည် အလုံးစုံ အာမခံ မထားဘဲ သူတစ်ပါး ထိခိုက်မှု အာမခံသာ ထားရှိ ခဲ့သောကြောင့် အာမခံ လျော်ကြေး တစ်စုံတစ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း မကွေးတိုင်း ဒေသကြီး မြန်မာ့ အာမခံ လုပ်ငန်းမှ တိုင်းဒေသကြီး တာဝန်ခံ ဖြစ်သူ ဦးကျော်မျိုးဆွေ က ပြောကြား သည်။

မုန်းချောင်း ရေကြီးရေလျှံမှု ကြောင့် ပွင့်ဖြူမြို့ပေါ်မှ ဇိမ်ခံ မော်တော်ယာဉ် ၇၈ စီးခန့် ရေနစ်မြုပ်ခြင်း ခံခဲ့ရပြီး မော်တော်ယာဉ် ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ ရေနစ်မြုပ်ခံ ခဲ့ရသော အိမ်စီးဇိမ်ခံ မော်တော်ယာဉ် များသည် သူတစ်ပါး ထိခိုက်မှု အာမခံသာ ထားသောကြောင့် ကားတိုက်မှု ဖြစ်၍ သူတစ်ပါး သေဆုံးသွား မှသာ ငါးသိန်း လျော်ပေးပြီး ယခုကဲ့သို့ ရေနစ်မြုပ် ပျက်စီးမှုများ အတွက် လျော်ကြေး မရခြင်း ဖြစ်ကြောင်း သိရသည်။

''ကျွန်တော့် ကားက ဝယ်တာ လေးလပဲ ရှိသေးတာပါ။ အခု ကားမောင်းလို့ လုံးဝ မရတော့ဘူး။ ကိုယ်က လေဖြတ်နေလို့ ဟိုနား၊ ဒီနား သွားဖို့ ကားဝယ်တာ အခုတော့ ရေနစ်မြုပ်လို့ မြို့ကြီး တွေမှာ သွားပြင် ရအုံးမှာပါ။ ကားထဲက နွံတွေကို သုံးရက်လောက် ဆေးကြော ရတယ်''ဟု ပွင့်ဖြူမြို့မှ Honda Fit ကားပိုင်ရှင် တစ်ဦးက ပြောပြသည်။ (ပုံ)

မြန်မာ့အာမခံ လုပ်ငန်းတွင် မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ် များကို အလုံးစုံ အာမခံ ထားပါက အကြောင်း အမျိုးမျိုးကြောင့် ထိခိုက် သွားမှုများ အတွက် လျော်ကြေးငွေ ရရှိနိုင်ပြီး အများစုသည် အလုံးစုံ အာမခံ မထားသေးဘဲ သူတစ်ပါး ထိခိုက်မှု အာမခံသာ ထားရှိ သောကြောင့် ယခုကဲ့သို့ လျော်ကြေး တစ်စုံတစ်ရာ မရရှိခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အလုံးစုံ အာမခံ ထားသူများကို မြန်မာ့အာမခံ လုပ်ငန်း အနေဖြင့် မိမိ အိမ်ရှေ့တွင် ကားရပ်နား ထားသည့်တိုင် သစ်ကိုင်း ကျိုးကျမှုကြောင့် ပျက်စီးသွား ပါကလည်း လျော်ကြေး ပေးနေကြောင်း သိရသည်။

စောကျော်ဝင်း (စလင်း)

ရတနာပုံနေ့စဉ် ၊ စာ(၂၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...