Social Icons

Pages

Wednesday, July 29, 2015

စီးတီးတက္ကစီအဖြစ် မှတ်ပုံမတင်သည့် ယာဉ်များနှင့် သက်တမ်းမတိုးသည့် ယာဉ်များကို ထိရောက်သည့် စစ်ဆေးအရေးယူမှုများ ပြုလုပ်သွားမည်


ရန်ကုန် ၊ ၂၉-၇-၂၀၁၅

ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီ ခရိုင်ရုံး များတွင် စီးတီး တက္ကစီ မှတ်ပုံတင် သူများနှင့် သက်တမ်းတိုး သူများ များပြားလျက် ရှိသည်။ စီးတီးတက္ကစီ အဖြစ် မှတ်ပုံမတင်သည့် ယာဉ်များနှင့် သက်တမ်း မတိုးသည့် ယာဉ်များကို စစ်ဆေး အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မ-ထ-သ (ဗဟို)ဥက္ကဋ္ဌ ဦးလှအောင် က ပြောသည်။

စီးတီးတက္ကစီ အဖြစ် မှတ်ပုံတင်ခြင်း မရှိသည့် တက္ကစီယာဉ် များနှင့် သက်တမ်း မတိုးသည့် တက္ကစီယာဉ် များကို မ-ထ-သ(ဗဟို) စစ်ဆေးရေး အဖွဲ့ဝင်များ နှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့တို့မှ ပူးပေါင်းပြီး စစ်ဆေး အရေးယူ မှုများပြုလုပ် သွားမည် ဖြစ်သည်။

ဇွန်လအတွင်း စီးတီးတက္ကစီ အဖြစ် မှတ်ပုံတင်သည့် တက္ကစီယာဉ် အစီးရေမှာ ၅ဝ၅၁ စီး အထိရှိခဲ့ပြီး သက်တမ်း တိုးသည့် ယာဉ် အစီးရေမှာ ၂၇၆၃ စီးအထိ ရှိခဲ့ကြောင်း၊ အရှေ့ပိုင်း ခရိုင်တွင် မှတ်ပုံတင်သည့် ယာဉ်နှင့် သက်တမ်း တိုးသည့်ယာဉ် များ ပိုမို များပြားကြောင်း၊ ဇူလိုင် ၁ ရက်မှ ၂၁ ရက်အထိ မှတ်ပုံတင်သည့် ယာဉ်အစီးရေမှာ ၂၅၈၅ အထိရှိပြီး သက်တမ်း တိုးသည့်ယာဉ် အစီးရေမှာ ၁၅၈ဝ အထိရှိကြောင်း သိရသည်။

ထိုကဲ့သို့ စီးတီးတက္ကစီ အဖြစ် မှတ်ပုံတင်သည့် ယာဉ်များနှင့် သက်တမ်း တိုးသည့် ယာဉ်များ ပိုမိုများပြား လာပြီးနောက် စီးတီး တက္ကစီများ စနစ်တကျ ပြေးဆွဲနိုင်ရေး နှင့် နိုင်ငံတကာရှိ တက္ကစီများ နည်းတူ အဆင့်အတန်း မြင့်မား လာရေးကို ဆက်လက်ဦးတည် လုပ်ဆောင် သွားမည် ဖြစ်သည်။

''အခုဇွန်လနဲ့ ဇူလိုင်လတွေမှာ စီးတီး တက္ကစီအဖြစ် မှတ်ပုံတင်တဲ့ ယာဉ်တွေ၊ သက်တမ်းတိုးတဲ့ ယာဉ်တွေပါ စံချိန်မြင့်တက် လာတယ်။ အရင် နှစ်လသုံးလ စာကို တစ်လတည်းနဲ့ လုပ်ပေး နေရတယ်။ အဲဒီအတွက် စီးတီးတက္ကစီ အဖြစ် မှတ်ပုံ မတင်တဲ့ တက္ကစီယာဉ် တွေကို ထိထိရောက်ရောက် စစ်ဆေး အရေးယူ သွားမယ်'' ဟု မ-ထ-သ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင် က ပြောသည်။

စီးတီးတက္ကစီများ မှတ်ပုံတင်ခြင်း၊ သက်တမ်း တိုးခြင်းနှင့် စည်းကမ်း ထိန်းသိမ်းခြင်း လုပ်ငန်းများကို ယခင်က ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ယူ လုပ်ဆောင် ခဲ့သော်လည်း ၂ဝ၁၄ ခုနှစ် အောက်တိုဘာလ မှစ၍ မ-ထ-သ (ဗဟို) သို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထက်နေ

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...