စလင်း ၊ ၁၅-၇-၂၀၁၅
မကွေးတိုင်း ဒေသကြီး စလင်းမြို့နယ်ရှိ ဧရာဝတီမြစ် ကမ်းပါးအနီး နေထိုင်သော သူများ အနေဖြင့် ကမ်းပြိုမှုကြောင့် အိမ်ထောင်စု ၁၉၉ စု ဘေးလွတ်ရာ သို့ ပြောင်းရွှေ့ ပြီးနောက် ၄င်း အိမ်ထောင်စု များအတွက် ပြည်ထောင်စု အစိုးရ၏ ပံ့ပိုးပစ္စည်း လေးမျိုးနှင့် ငွေကျပ် သိန်း ၁၃ဝ ကျော်အား အရေးပေါ် ပံ့ပိုးမှု ဆောင်ရွက် ပေးခြင်းကို အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော် က လာရောက် ပေးအပ်ကြောင်း သိရသည်။
အဆိုပါ ကမ်းပါးပြိုမှု ကြောင့် ပြောင်းရွှေ့ ပေးလိုက်ရသည့် လူဦးရေ ၈၆ဝ ရှိသော အိမ်ထောင်စု ၁၉၉ စုက ၄င်းပံ့ပိုးမှုကို လက်ခံခဲ့ပြီး ယခင်နှစ် ကလည်း ကမ်းပါးပြိုမှု ဖြစ်ပွားခဲ့ပြီး ပြောင်းရွှေ့ ခဲ့ရသော အိမ်ထောင်စုများ အတွက် တိုင်းဒေသကြီး အစီအစဉ်ဖြင့် တစ်အိမ်ထောင်လျှင် သွပ်အချပ်၂ဝ စီနှင့် ဆန်အိတ်များကို ပေးအပ် ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် တွင် မြေနုကျွန်းများ ပေါ်သောကြောင့် ဧရာဝတီ မြစ်ကမ်းဘေးနှင့် အနီးဒေသ များတွင် လူနေထူထပ်ပြီး အများစုမှာ မြေနုကျွန်းများ ပေါ်တွင် မြေပဲ၊ ကြက်သွန်၊ ငရုတ်သီး၊ အာလူး စသော သီးနှံမျိုးစုံ စိုက်ပျိုးပြီး နွား မွေးမြူခြင်း ကိုလည်း စီးပွားဖြစ် လုပ်ကိုင် ကြသည်။ ထိုသို့ ကမ်းပါးပြိုမှု များမှာ မြစ်ဖျား ဒေသတွင် မြစ်ကြမ်းပြင် မြင့်တက် စေသော လုပ်ငန်းများကြောင့် ရေကြောင်း ပြောင်းလဲပြီး နှစ်စဉ် ကမ်းပြိုပြီး လူနေအိမ် အများအပြား ရွှေ့ပြောင်း နေရကြောင်း သိရသည်။
ဧရာဝတီမြစ် ကမ်းပါးနေ သူများ အနေဖြင့် မြစ်ကြောင်း ထိန်းသိမ်းမှု များကို ဆောင်ရွက်ပေး စေလိုကြပြီး လတ်တလော တွင် မြစ်ကမ်းပြိုမှု လျော့နည်း ကျဆင်းစေရန် ရေကာတာ ရိုက်ပေးခြင်း လုပ်ငန်းကို လုပ်ဆောင်ပေး ထားကြောင်း လည်း သိရသည်။
ထို မြစ်ကမ်းပါး ပြိုမှုကြောင့် သောင်ပြင် အသစ်များ ဖြစ်ပေါ်မှု ကိုလည်း စလင်းမြို့နယ်ရှိ သက်ဆိုင်ရာ ဌာနများက နယ်မြေ ထိစပ်နေသော ချောက်နှင့် ရေနံချောင်း မြို့နယ်တို့နှင့် ညှိနှိုင်း ခွဲဝေမှုကို နှစ်စဉ်ပြုလုပ် နေကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ကျော်စွာဝင်း (စလင်း)
#Yadanarpondaily
No comments:
Post a Comment