Social Icons

Pages

Tuesday, June 2, 2015

အမွှေးတိုင်လုပ်ငန်းတွင် အဓိက အသုံးပြုသည့် ၀ါး နှင့် မန်ကျည်းပင် များကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် ပြန်လည် စိုက်ပျိုးပေးရန်လို



ရေစကြို ၊ ၂-၆-၂၀၁၅

မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့ သည် ၁၉၈၈ ခုနှစ် နောက်ပိုင်း ထန်းလျက် လုပ်ငန်းများ တိမ်ကောလာမှု၊ ရာသီဥတု မမှန်ကန်မှု၊ စိုက်ပျိုးထွက်ကုန် နှင့် ကုန်စည် ရောင်းဝယ် သယ်ဆောင်မှု အားနည်းပြီး ဒေသခံ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်း နည်းပါး လာခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အမွှေးတိုင် လုပ်ငန်းကို စမ်းသပ် လုပ်ကိုင်ရာမှ ရေစကြိုမြို့နယ် သာမက ပခုက္ကူနယ်၊ မုံရွာနယ်ထိ လုပ်ငန်းခွင် ကြီးမား ကျယ်ပြန့်အောင်မြင် လာခဲ့သည်။ လုပ်ငန်းခွင် ကြီးမားကျယ်ပြန့် လာမှုနှင့်အတူ သဘာဝ ပတ်ဝန်းကျင် သစ်တောသစ်ပင် ထိခိုက်မှုများ ရှိလာခဲ့သည်။

''ဝါးနဲ့ မန်ကျည်းက မီးရှို့ခံ ပစ္စည်း ဖြစ်နေတယ်။ ဝါးက စိုက်ပျိုးရ လွယ်တယ်။ အပင်အဖြစ် မြန်တယ် ဆိုပေမယ့် မန်ကျည်းပင် ကတော့ အပင်ကြီး တစ်ပင်ဖြစ်ဖို့ ၂၅ နှစ်၊ နှစ် ၃ဝ ထိ စောင့်ရပါတယ်။ ဘာပဲ ပြောပြော အမွှေးတိုင် လုပ်ငန်းဟာ သဘာဝ ပတ်ဝန်းကျင် ကို ထိခိုက် တာတော့ အမှန်ပဲ'' ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုလားသူ တစ်ဦးက ပြောပြသည်။

အမွှေးတိုင် တစ်တိုင် ဖြစ်လာရန် ဝါးနှင့် မန်ကျည်း သည် အဓိကပစ္စည်း ဖြစ်သည်။ ချင်းတွင်း မြစ်ကြောင်းမှ ဝင်လာသော မယ်ဒင်္ဂါးဝါး နှင့် ယောနယ်မှ ဝင်သော တင်းဝါးကို အများဆုံး အသုံးပြု ကြသည်။ အမွှေးတိုင် လုပ်သူများသည် တစ်နေ့ ဝင်ငွေ ငွေကျပ် ၂ဝဝဝ ခန့် ရရှိသောကြောင့် ရေစကြိုနယ် သာမက ပခုက္ကူ၊ မြင်းမူ၊ ချောင်းဦးနယ် တို့ထိ တွင်ကျယ် အားကောင်း လာခဲ့သည်။ ပခုက္ကူနယ်၊ မြိုင်နယ်နှင့် ရေစကြို နယ်တို့ရှိ မန်ကျည်းပင် အများစု သည် အမွှေးတိုင် လုပ်ငန်းကြောင့် ပျောက်ကွယ်လု နီးပါး ဖြစ်လာခဲ့သည်။

ဝါးတစ်ပင် ဖြစ်ရန် လွယ်ကူသော်လည်း မန်ကျည်းပင် တစ်ပင်ဖြစ်ရန် မလွယ်ကူ သောကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း လိုသူများက အမွှေးတိုင် လုပ်ငန်းကို ဝေဖန် ပြောဆိုလာသည်။

''အမွှေးတိုင် လုပ်ငန်းရှင် တွေက မန်ကျည်းပင် တွေကို ပြန်လည် စိုက်ပျိုးပေးဖို့ လိုအပ် နေပါတယ်။ ရေစကြို ဒေသမှာ အမွှေးတိုင် လုပ်ငန်းရှင် ဦးရေ ၂ဝ လောက်ရှိတယ်လို့ သိရပါတယ်။ တစ်ယောက်ကို နှစ်စဉ်အပင် ၁ဝဝ လောက် ဖြစ်ထွန်း အောင်မြင်အောင် စိုက်ပေးရင် သဘာဝ ပတ်ဝန်းကျင် ကိုလဲ ထိန်းသိမ်းရာ ရောက်ပြီး ဒေသရဲ့ အလုပ်အကိုင် ကိုလဲ စဉ်ဆက်မပြတ် ဖန်တီးပေးရာ ရောက်ပါတယ်'' ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းလိုသူ တစ်ဦးက ပြောပြ၍ သိရသည်။ (၁၄၉)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...