ကောင်းသော အနာဂတ်ကို ထူထောင်
ကမ္ဘာပေါ်တွင် ဆေးလိပ် သောက်သုံး ခြင်းကြောင့် နောက်ဆက်တွဲ ရောဂါများ ဖြစ်သော သွေးတိုး၊ နှလုံး၊ ဆီးချို အစရှိသည့် ရောဂါများ ဖြစ်ပွားကာ လူများ နှစ်စဉ်သန်းနှင့် ချီ၍ သေဆုံးလျက် ရှိသည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အနေဖြင့်လူသားများ ဆေးလိပ်ကြောင့် ဖြစ်ပွားရသော ရောဂါများ လျော့နည်းကျဆင်း စေရန် ဆေးရွက်ကြီး ထိန်းချုပ်ရေးဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းတားမြစ်ထားသည်။ မြန်မာနိုင်ငံတွင်လည်း ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေး ဥပဒေကို ပြဋ္ဌာန်းထားပြီး ဖြစ်သည်။
ထိုသို့ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေး ဥပဒေ ပြဋ္ဌာန်း ထားသော်လည်း ဆေးလိပ် သောက်သုံးသူ၊ ဆေးလိပ် ရောင်းချသူ တို့မှာ လျော့ကျ မသွားဘဲ တိုးလာလျက် ရှိသည်။ ဆေးလိပ်ကြောင့် ရောဂါခံစား ရသူ အရေအတွက် မှာလည်း တစ်နှစ်ထက် တစ်နှစ် တိုးလာလျက် ရှိသည်။ ဆေးလိပ် ကို ဥပဒေဖြင့် ထိန်းချုပ်သည် ဆိုခြင်းထက် ဆေးလိပ် မသောက် စေရန် ငယ်စဉ် ကတည်းက ကြပ်မတ်၍ ကလေးငယ် များကို တားမြစ် ဆုံးမခြင်းက ပို၍ ထိရောက်မည် ဖြစ်သည်။ ငယ်စဉ် လူငယ်ဘဝ ကတည်းက ဆေးလိပ် သောက်ခြင်း အလေ့အထ ရှိနေပါက ဖြတ်ရန် ခက်ခဲသည်။
မြန်မာ စကားပုံတွင် ''ငှက်ပျောပင်စိုက် မိလိုက်ဖပါ'' ဟူ၍ ရှိသည်။ ထို စကားပုံမှာ မိဘတို့ ပြုမူ လုပ်ကိုင်သော ဆိုးမွေး ကောင်းမွေ များကို သားသမီး များက လက်ခံရယူ တတ်သည်ကို ဖော်ညွှန်းသည်။ မိဘဖြစ်သူ ဆေးလိပ် သောက်ခြင်း ကြောင့် သား၊ သမီးများ ဆေးလိပ် သောက်သူ ဖြစ်လာ နိုင်သည်။ ထို သားသမီးသည် တစ်ချိန်တွင် မိဘ ဖြစ်လာမည် ဖြစ်သည်။ ဤသို့ဖြင့် ဆေးလိပ် သောက်သုံးမှု ကြီးထွား လာသည်။ ထို့ကြောင့် မိဘများ ဆေးလိပ် မသောက်ခြင်း သည် သားသမီးများ ဆေးလိပ် သောက်ခြင်းမှ တားဆီးရန် အကောင်းဆုံး နည်းလမ်း တစ်ရပ် ဖြစ်ကြောင်း ဝါရှင်တန် ဒီစီ ဆေးတက္ကသိုလ် မှ ဒါရင်မေ နှင့်အဖွဲ့က သုတေသနပြု ဖော်ထုတ် ထားခဲ့ခြင်း ဖြစ်သည်။
ဆေးလိပ် အလွန်အကျွံ သောက်သော မိဘများသည် သားသမီး များကို ဆေးလိပ် သောက်တတ် စေရန် နည်းပေးလမ်းပြ သဖွယ် ဖြစ်နေတတ်သည်။ ထို့အတူ အနုပညာရှင် များ ဆေးလိပ် သောက်ခြင်း သည် ၄င်း၏ ပရိသတ်ကို ဆေးလိပ် သောက်ရန် လှုံ့ဆော်ပေး သကဲ့သို့ ရှိသည်။ ထို့အတူ ဆရာဖြစ်သူ ဆေးလိပ် သောက်ခြင်း သည်လည်း တပည့်များကို ဆေးလိပ် သောက်စေရန် အခွင့် အလမ်းကို ဖွင့်ပေး သကဲ့သို့ ရှိနေသည်။
သို့ဖြစ်ရာ လူမှု အသိုင်းအဝိုင်း တွင် မိဘ၊ ဦးလေး၊ ဦးကြီး၊ ဆရာနှင့် အနုပညာရှင် များအနေဖြင့် ''မူးယစ်အစ ဆေးလိပ်က'' ဆိုသည့် အတိုင်း လူငယ်များ လမ်းကြောင်း မမှားစေရန်၊ ငယ်စဉ် ကတည်းက ဆေးလိပ် မသောက်မိ စေရန် စံနမူနာပြ အဖြစ် ဆေးလိပ် သောက်သုံးမှုမှ ရှောင်ကြဉ်၍ လူငယ်တို့၏ ကောင်းသော အနာဂတ်ကို ထူထောင် ပေးသွားကြ ရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။
#Yadanarpondaily
No comments:
Post a Comment