Social Icons

Pages

Wednesday, April 22, 2015

အခြားသော ရောဂါများနှင့် ကင်ဆာဖြစ်ပွားစေသည့် ဈေးကွက်တွင်းမှ အချိုရည်နှင့် ဂျယ်လီများ သတိထားရန်လိုအပ်


တောင်ကြီး ၊ ၂၂-၄-၂၀၁၅

ယနေ့ ဈေးကွက်အတွင်း ရောင်းချလျက် ရှိသည့် အချိုရည် နှင့် ကလေးသူငယ် များ နှစ်ခြိုက်သည့် ဂျယ်လီဘူး များကို အလွန်အကျွံ စားသုံးမိပါက နှလုံးရောဂါ၊ အဝလွန် ရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ် ရောဂါ၊ ခံတွင်းကင်ဆာ နှင့် အသည်း ကင်ဆာများ ဖြစ်ပွား တတ်ကြောင်း ရှမ်းပြည်နယ် (တောင်ပိုင်း) စဝ်စံထွန်း ဆေးရုံကြီး အထွေထွေ ရောဂါ ကုသရေး ဌာန(တောင်ကြီး) မှ သိရသည်။

အိမ်နီးချင်း နိုင်ငံမှ အများဆုံး တင်သွင်းသည့် ကလေးသူငယ် များအကြိုက် ဂျယ်လီဘူး များ၌ ထည့်သွင်း အသုံးပြု ထားသည့် ဂျယ်လီ ပေါင်ဒါ တွင် ဆီထရစ် အက်စစ် နှင့် တာရှည်ခံဆေး အဖြစ် ဆိုဒီယမ် ဘင်ဆိုနိတ် ဓာတုဗေဒ ဓာတ်ပေါင်း တို့မှာ ကင်ဆာရောဂါ ကို ဖြစ်ပွားစေနိုင် သဖြင့် လုံးဝ မကျွေးသင့်၊ မရောင်းသင့်သော အစားအစာ တွင် ပါဝင်နေကြောင်း သိရသည်။

''စားသုံးသူတွေ မျက်စိမှာ ဆွဲဆောင်မှုရှိတဲ့ ဘူးပုံစံ အမျိုးမျိုးနဲ့ တောက်ပတဲ့ အရောင်တွေ သုံးထားတော့ မဝယ် ဝယ်ချင်အောင် ဖြစ်နေတာပေါ့။ ဒီနေရာမှာ စားသုံးသူတွေ သတိထားရင် သိနိုင်တဲ့ အချက်က အရောင်နဲ့ အနံ့ပါ။ အာဟာရ ပြည့်ဝတဲ့ သဘာဝ သစ်သီးဝလံ တွေမှာ စူးရှတဲ့အနံ့နဲ့ တောက်ပတဲ့ အရောင် ဘယ်တော့မှ မရှိပါဘူး။ ရနံ့ဆို သင်းပျံ့ပျံ့၊ အရောင်ဆို ဖျော့တော့တော့ အရောင်တွေပါ။ ဥပမာ ထောပတ်သီးရောင်၊ ငှက်ပျောသီး မှည့်ရောင်၊ စတော်ဘယ်ရီ ရောင်နဲ့ လိမ္မော်ရောင် တွေကို သေချာခွဲခြား ကြည့်ရင် သိနိုင်ပါတယ်'' ဟု စဝ်စံထွန်း ဆေးရုံ အထွေထွေ ရောဂါကု သမားတော်ကြီး တစ်ဦး က ပြောပြသည်။

အထက်ပါ ရောဂါများ ဖြစ်ပွားရခြင်းမှာ တားမြစ်ထားသည့် ဆိုးဆေးများ အသုံးပြုခြင်း၊ ကင်ဆာ ဖြစ်စေသည့် တာရှည်ခံ ထိန်းဆေး၊ ရိုးရိုး သကြားထက် အဆ ၂ဝဝ ကျော် ပိုမိုချိုစေသည့် ပါဝါ သကြားမှုန့်၊ ကာဗွန်ဒိုင် အောက်ဆိုဒ်နှင့် ကဖိန်းဓာတ်များ အသုံးပြု ထားခြင်းကြောင့် ဖြစ်ကြောင်း၊ ဆေးပညာရှင် သုတေသီ အချို့၏ ရှာဖွေ တွေ့ရှိမှု၌ အဆိုပါ အချိုရည်များတွင် ကဖင်း (ခေါ်) ကဖိန်းဓာတ်မှာ ကော်ဖီနှင့် ကိုကာကိုလာ အချိုရည် တို့တွင်ပါဝင်သည့် ကဖိန်းဓာတ်ထက် ပမာဏ သုံးဆ ပိုမိုပါဝင်ကြောင်း၊ အရည်အသွေး မပြည့်မီသည့် အချိုရည် များ၏ အခြား ဘေးထွက်ဆိုးကျိုး တစ်ခုမှာ နှလုံးခုန်ခြင်း၊ သွေးဖိအား တိုးပွားခြင်း ဖြစ်စေနိုင်ပြီး အခန့် မသင့်ပါက ရုတ်တရက် သေဆုံးနိုင်ကြောင်း နှင့် လူ ၁၇ ဦးကို အချိုရည်များ သောက်သုံးစေပြီး တစ်နာရီ အကြာတွင် ထိုလူတို့၏ နှလုံးကို လေ့လာစမ်းသပ် ကြည့်ရာ နှလုံးကျုံ့အား တိုးပွားသည်ကို တွေ့ခဲ့ရ သဖြင့် တံဆိပ် မျိုးစုံဖြင့် ဝင်ရောက် နေသည့် ဈေးကွက်အတွင်းမှ အချိုရည် များကို စားသုံးသူများ အနေဖြင့် အထူး သတိပြု စေလိုကြောင်း ၄င်းက ဆက်လက် ပြောပြကြောင်း သိရသည်။ (၁၇၅)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...