သုံးတတ်လျှင်ဆေး ၊ မသုံးတတ်လျှင် . . .
နှောင်း
ဟိုလူ့ လက်ထဲမှာလဲ တယ်လီဖုန်း၊ ဒီလူ့ လက်ထဲမှာလဲ တယ်လီဖုန်း။ ကလေးရော၊ လူကြီးရော ဘယ်သူ့ ကြည့်ကြည့် ဟန်းဖုန်း ကိုယ်စီနဲ့ ဆက်သွယ်ရေးတွေ ကောင်းလာတာ၊ လူတိုင်း ဖုန်းကိုင်နိုင်တာ ကျွန်မတို့ ပြည်သူတွေ အနှစ်နှစ် အလလက တောင့်တပြီး မက်ခဲ့ရတဲ့ အိပ်မက် တွေပါပဲ။ ဒါပေမဲ့ အိပ်မက်တွေ အကောင်အထည် ပေါ်လာတဲ့ အခါမှာ အကျိုးရှိရှိ အသုံးချ တတ်ဖို့တော့ လိုပါတယ်။ အရွယ် မရောက်သေးတဲ့ ကလေးတွေ၊ စဉ်းစားဆင်ခြင် နိုင်စွမ်း မရှိသေးတဲ့ ကလေးတွေကို ဖုန်းပေးကိုင် တာဟာ သိပ်ကို အန္တရာယ်များ ပါတယ်။ နည်းပညာဟာ အသုံးချတတ်သူ တွေအတွက် ဆေးတစ်ခွက် ဖြစ်ပေမယ့် အသုံးချမှု မှားယွင်း ခဲ့ရင်တော့ အန္တရာယ်ကို လက်ယပ် ခေါ်သလို ဖြစ်နေပါ လိမ့်မယ်။
အခုဆိုရင် ဖုန်းတိုင်းမှာ အင်တာနက်ပါ တွဲသုံးလို့ ရနေပါတယ်။ အင်တာနက် ဆိုတာ ဘာမဆို ရနိုင်တဲ့ စွယ်စုံကျမ်း ဖြစ်လေတော့ လိုတာတွေရော မလိုတာတွေပါ ရောပါ နေပါတယ်။ ဒါဟာ အကောင်း- အဆိုး မခွဲနိုင်သေးတဲ့ ကလေးတွေ အတွက် အန္တရာယ် ရှိပါတယ်။
အဖြစ်အပျက် တချို့ကို ကျွန်မ ပြောပြပါ့မယ်။ ကျွန်မ သူငယ်ချင်း ကျောင်းဆရာမ တွေဆီက နေတစ်ဆင့် သိခဲ့ရတာပါ။ ခြောက်တန်း၊ ခုနစ်တန်း ဥမမည် စာမမြောက် အရွယ် ဝန်းကျင်တွေဟာ စာသင်ခန်းထဲ ဆရာမ ကွယ်ရာမှာ အသံတိတ် Message တွေ ပို့ကြတယ်။ ကလေးတွေမို့ ငယ်ပါ သေးတယ်။ သူငယ်ချင်း အချင်းချင်း ပို့တာပါလို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ သူတို့လေး တွေမှာ လေလှိုင်းထဲက ဆက်သွယ်မိတဲ့ ချစ်သူကိုယ်စီ နဲ့ပါ။
အင်တာနက် ကနေ အလွယ်တကူ ကြည့်လို့ ရနေတဲ့ ညစ်ညမ်းတဲ့ ဇာတ်ကားတွေ ကြည့်ကြတယ်။ အနောက်တိုင်း ယဉ်ကျေးမှု ကို အတုခိုး ကြတယ်။ ရိုးသား သန့်စင်တဲ့ ကလေးတွေရဲ့ နှလုံးသားမှာ ကလေး တစ်ယောက် သိသင့်တဲ့ အတိုင်းအတာ ထက်ကို ကျော်ပြီး ပိုသိ နေကြပါတယ်။ မိဘတွေ သတိမူကြ ဖို့ပါ။ အရွယ်မရောက် သေးတဲ့ ကလေးတွေတင် မကပါဘူး။ အရွယ် ရောက်ပြီးသား လူကြီး တွေတောင် လေလှိုင်းထဲမှာ အညာမိ နေတာတွေ အများကြီး ရှိပါတယ်။ မမြင်ရတဲ့ လေလှိုင်းထဲက ချစ်သူကို ယုံပြီး ဘဝပျက် သွားကြသူတွေ တစ်ပုံကြီး ရှိပါတယ်။ ဟိုဘက်က အိမ်ထောင်ရှင်လား၊ ကလေး အဖေလား၊ အသက် ငါးဆယ်ကျော်လား ဆိုတာ၊ ဘာဆိုဘာမှ မသိဘဲနဲ့ စဉ်းစား ဆင်ခြင်ဉာဏ် မဲ့စွာ ပြောဆိုဆက်ဆံ နေကြတာဟာ သိပ်ကို ကြောက်စရာ ကောင်းတဲ့ နည်းပညာ နောက်ဆက်တွဲ လူမှု ဆက်ဆံရေး နယ်ပယ်က ဆိုးကျိုး တွေပါ။ ဒါကို မိဘတွေနဲ့ တာဝန်ရှိ ဆရာ၊ ဆရာမတွေက ဂရုတစိုက်နဲ့ စောင့်ကြည့် ကြပ်မတ်ပေးဖို့ လိုပါတယ်။
တကယ်တမ်းတော့ အင်တာနက် ဆိုတာ ပညာ လေ့လာချင်တဲ့ သူတွေအတွက် လိုအပ်တဲ့ ပညာတွေကို အလွယ်တကူ သင်ယူ လေ့လာနိုင်တဲ့ နည်းပညာ တစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့ အရင်ခေတ်က ဘာသာရပ် တစ်ခုနဲ့ ပတ်သက်ပြီး ကျမ်းပြုတော့မယ် ဆိုရင် စာကြည့်တိုက် ကိုပြေး စာအုပ်ပုံကြားမှာ ခေါင်းနှစ်ထား ရတယ်။ နေရာဒေသ တစ်ခုအကြောင်း သိချင်ရင် အဲဒီနေရာကို ကိုယ်တိုင်သွားပြီး လေ့လာ ရတယ်။ အချိန် အလွန်ကုန် သလို ငွေလဲ ကုန်ပါတယ်။ ဒီနေ့ခေတ် မှာတော့ နေရာ တစ်ချက်မှ ရွှေ့စရာ မလိုဘဲနဲ့ ထိုင်ရာမထဘဲ ကမ္ဘာပတ်လို့ ရပါတယ်။
ကျွန်မတို့ လက်ထဲမှာ အမြဲ ကိုင်ထားတဲ့ ဖုန်းတွေက အင်တာနက် ရနေတာဟာ ကျွန်မတို့နဲ့ အတူ လိုချင်တာ အကုန်ရှာလို့ ရတဲ့ စာကြည့်တိုက် တစ်လုံး၊ သင်ချင်တာ အကုန်သင်လို့ ရတဲ့ တက္ကသိုလ်တစ်ခု ကပ်ပါ နေသလိုပါပဲ။ ဒါဟာ နည်းပညာရဲ့ ကောင်းကျိုး ရလဒ်ပါ။
ဒါပေမဲ့ ကျွန်မတို့ နိုင်ငံတွေ မှာတော့ နည်းပညာရဲ့ကောင်းကျိုးကို အသုံးချသူက လူနည်းစုသာ ရှိပြီး အများစု ကတော့ လူမှုကွန်ရက် တွေမှာပဲ အချိန်ကုန်ခံ နေကြတာ များပါတယ်။ ကျွန်မ ပတ်ဝန်းကျင် ကြည့်လေရာမှာ လေလှိုင်းထဲမှာ အငွေ့ပြန် သွားတဲ့ ပိုက်ဆံတွေ ကိုပဲ မြင်နေရ ပါတယ်။ နိုင်ငံခြား ကုမ္ပဏီတွေ ဝင်လာပြီး လိုင်း ကောင်းအောင်၊ အင်တာနက် အသုံးပြုမှု မြန်ဆန်အောင် လုပ်ပေးတာကို ကျွန်မတို့ ပြည်သူတွေ အကျိုးရှိရှိ အသုံးချ ရပါမယ်။ ငွေလဲကုန်၊ အချိန်လဲကုန်၊ မှုခင်းတွေ ကများ၊ လူမှု ကျင့်ဝတ်တွေ ဖောက်ပြန်၊ ပဋိပက္ခတွေလဲ ဖြစ်ဆိုရင် ကျွန်မတို့ ပြည်သူတွေဟာ ငွေကုန်ပြီးတော့ မတိုးတက်ဘဲ ဆက်သွယ်ရေး ကုမ္ပဏီ တွေသာ အမြတ်ထွက် သွားပါ လိမ့်မယ်။
ဒါကြောင့် ကလေးတွေကို ဖုန်းပေး မကိုင်ခင်မှာ နည်းပညာရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ၊ နည်းပညာထဲက ရအောင် ယူသင့်တဲ့ အရာတွေ၊ နည်းပညာထဲက ရှောင်ရှားသင့်တဲ့ အရာတွေကို သေချာ ပြောပြပြီး ကိုယ်တိုင်ခွဲခြား ဆုံးဖြတ်နိုင်အောင် အရင် သင်ကြား ပေးသင့် ပါတယ်။ ဒါမှသာ နည်းပညာရဲ့ အကျိုးကျေးဇူးကို အပြည့်အဝ ခံစားနိုင်ပြီး နည်းပညာရဲ့ဘေးထွက်ဆိုးကျိုး တွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
ဖူးသောပန်းတိုင်း ပွင့်နိုင်ကြပါစေ၊
ပွင့်သောပန်းတိုင်း လန်းနိုင်ကြပါစေ၊
လန်းသော ပန်းတိုင်း ကြာရှည်တည်တံ့ နိုင်ကြစေဖို့ ဆန္ဒမွန်နဲ့ ရေးသား လိုက်ရပါတယ်။
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment