ရန်ကုန် ၊ ၁၈-၃-၂၀၁၅
နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ် ၂၈ ခုမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ဆရာများ ပူးပေါင်းကာ စာတတ်မြောက်ရေး စာသင်ဝိုင်းများ အတွက် မြို့နယ်ပေါင်း ၃ဝ တွင် 'အ' သုံးလုံး သင်တန်းများ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြို့နယ် ၃ဝ သည် နိုင်ငံတစ်ဝန်း စာမတတ်သူ ဦးရေ များပြားသည့် မြို့များဖြစ်ပြီး ၄င်းမြို့များတွင် အခြေခံပညာ စာတတ်မြောက်ရေး လှုပ်ရှားမှုအဖြစ် စာတတ်မြောက်ရေး စာသင်ဝိုင်း များကို လာမည့် ဧပြီ ၁ ရက်မှ စတင်ကာ ၄၅ ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည် ဖြစ်ကြောင်း အမှတ်(၁) အခြေခံပညာ ဦးစီးဌာနမှ သိရသည်။
အဆိုပါ မြို့နယ် ၃ဝ မှာ မြစ်ကြီးနား၊ ရွှေကူ၊ ဘော်လခဲ၊ မြဝတီ၊ မင်းတပ်၊ ခန္တီး၊ အရာတော်၊ မြင်းမူ၊ ကျွန်းစု၊ ပဲခူး၊ သဲကုန်း၊ ပန်းတောင်း၊ မလှိုင်၊ မိတ္ထီလာ၊ သပိတ်ကျင်း၊ ပွင့်ဖြူ၊ အောင်လံ၊ သံဖြူဇရပ်၊ မြေပုံ၊ မာန်အောင်၊ သာကေတ၊ မောက်မယ်၊ ညောင်ရွှေ၊ နမ္မတူ၊ သိန်းနီ၊ တာချီလိတ်၊ ဝါးခယ်မ၊ ကျုံပျော်၊ ဟင်္သာတ နှင့် ပျဉ်းမနားမြို့နယ် တို့ဖြစ်ကြောင်း သိရသည်။
စာတတ်မြောက်ရေး စာသင်ဝိုင်းများ အတွက် နိုင်ငံတစ်ဝန်း တက္ကသိုလ် ၂၈ ခုမှ လုပ်အားပေး ကျောင်းသား၊ ကျောင်းသူ ၃ဝ၇၁ ဦး၊ ကြီးကြပ်ဆရာ ဦးရေ ၃၁ဝ နှင့် ဒေသခံဆရာ ဦးရေ ၃၁ဝ တို့ ပါဝင် သင်ကြား ပေးကြမည် ဖြစ်ကြောင်း သိရသည်။ ပညာရေး သုတေသန ဦးစီးဌာနက ၂ဝ၁၄ ခုနှစ်အတွင်း တစ်နိုင်ငံလုံးရှိ မြို့နယ်များတွင် လိုက်လံကောက်ခံ ထားသည့် စာရင်းများအရ အသက် ၁၅ နှစ်အထက် စာမတတ်သူ များပြားသည့် မြို့နယ်များကို ရွေးချယ်၍ စာတတ်မြောက်ရေး စာသင်ဝိုင်းများ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် ပြုလုပ်မည့် အခြေခံပညာ စာတတ်မြောက်ရေး လှုပ်ရှားမှုမှာ တတိယ အကြိမ်မြောက် ဖြစ်ပြီး ပထမအကြိမ် အဖြစ် ၂ဝ၁၃ ခုနှစ်တွင် ပြည်နယ်ငါးခု မှ မြို့နယ်ကိုးခု နှင့် ၂ဝ၁၄ ခုနှစ်တွင် ဒုတိယအကြိမ် အဖြစ် တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးမှ မြို့နယ် ၂၉ ခုတွင် အခြေခံပညာ စာတတ်မြောက်ရေး လှုပ်ရှားမှု များကို ပြုလုပ်ခဲ့ သည်ဟု သိရသည်။
စာမတတ်သူများ ပပျောက်ရေး 'အ'သုံးလုံး စီမံကိန်းကို ၁၉၆၄ ခုနှစ် မှ ၁၉၈၄ ခုနှစ်ထိ ဆောင်ရွက်ခဲ့ပြီး နှစ်ပေါင်း ၃ဝ ခန့်အကြာတွင် အခြေခံပညာ စာတတ်မြောက်ရေး လှုပ်ရှားမှု အဖြစ် ပြန်လည် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကျော်လွင်
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment