Social Icons

Pages

Saturday, January 3, 2015

လူငယ်များ နှင့် အိပ်မပျော်ရောဂါ


လူငယ်များ နှင့် အိပ်မပျော်ရောဂါ

ကြည်မြင့်လွင် (မုဒြာ)

အသက်(၁၉)နှစ် အရွယ်ခန့် လူငယ် တစ်ဦးကို မိဘက ဆေးခန်း လာပြသည်။ သူဖြစ်နေသော ရောဂါမှာ အိပ်မပျော်သော ရောဂါဖြစ်သည်။ ဆရာဝန်များက အိပ်ပျော် စေမည့် ဆေးများပေးသည်။ ဆေးစွမ်းကြောင့်
အစောပိုင်း ရက်များက အိပ်ပျော် ခဲ့သော်လည်း နောက်ပိုင်း ရက်များတွင် အိပ်ဆေးလည်း မတိုးတော့။ အထူးသဖြင့် ညဥ့်ဦးပိုင်း တွင် အိပ်ပျော် သွားသော်လည်း ညဥ့်တစ်ဝက် တွင် နိုးလာပြီး ပြန်အိပ်မရ တော့ဟု ဆိုသည်။

အိပ်မပျော် ရောဂါသည် လူလတ်ပိုင်း (အသက် ၃၃ နှစ်မှ အထက်) နှင့် လူကြီးပိုင်း (အသက် ၆၇ နှစ်မှ အထက်) တို့တွင် ဖြစ်လေ့ ရှိသော်လည်း ဆယ်ကျော်သက် လူငယ်ပိုင်းတွင် ဖြစ်ပွားမှု အလွန် နည်းသည်။ မရှိသလောက် ပင်ရှားသည်။ လူငယ် ဆိုသည်မှာ ဦးခေါင်းချ လိုက်သည်နှင့် အိပ်ပျော်လေ့ ရှိကြသည်။ အကိုက်အခဲ နှင့် အဖျား ဝေဒနာကြောင့် အိပ်မပျော်သော အခါမျိုး ရှိနိုင် သော်လည်း အနာ၊ အဖျား မရှိဘဲ အိပ်မပျော် ရောဂါရလျှင် စိတ်ကြောင့်သာ ဖြစ်နိုင်ပေသည်။

ယခုအခါ ထို အိပ်မပျော် ရောဂါမှာ ဆယ်ကျော်သက် နှင့် အသက်နှစ်ဆယ် ဝန်းကျင် လူငယ်များတွင် ဖြစ်လာသည်ကို တွေ့ရသည်။ ထိုသို့ ဖြစ်ရခြင်း အကြောင်းရင်း ခံကို စူးစမ်း ကြည့်သောအခါ အဓိက တရားခံမှာ လက်ကိုင်ဖုန်း များ ပေါများ လာခြင်းနှင့် ထိုဖုန်းများတွင် အင်တာနက် လိုင်းသုံး၍ ရသောအခါ (Fb) ခေါ် ဖေ့စ်ဘုတ် လူမှုကွန်ရက် ရှိသဖြင့် ထို ကွန်ရက်တွင် ဝင်ရောက် မိတ်ဆွေဖွဲ့ပြီး အချင်းချင်း ဆက်သွယ်ကြ ခြင်းကို အထိန်းအကွပ် မရှိ လုပ်ဆောင် ကြခြင်းကြောင့် ဖြစ်သည်။

မိမိတို့ တစ်နေ့တစ်နေ့ သွားလာသမျှ၊ စားသမျှ၊ တွေ့ကြုံသမျှ၊ ကျေနပ်ချက်၊ မကျေနပ်ချက် မှန်သမျှကို ဖေ့စ်ဘုတ် ပေါ်တွင် အပြန်အလှန် တင်ခြင်း (Share) အလုပ် ကို လုပ်နေကြသည်။ ထိုအရာသည် ကြာတော့ မလုပ်ရလျှင်မနေနိုင် ဖြတ်မရအောင် စွဲလမ်းသော အရာ ဖြစ်လာ ကြသည်။

လူငယ်အချို့သည် ကိုယ်ပိုင်အိပ်ခန်း နှင့် အိပ်စက်သော အခါ မိဘ မသိနိုင်သဖြင့် အိပ်ရာ ဝင်ချိန်တွင် ဖုန်းဖြင့် ဖေ့စ်ဘုတ် သုံးပြီးမှ အိပ်ကြသည်။ ထိုအထဲမှ မကျေနပ်စရာ အကြောင်းအရာ များရှိလျှင် တစ်ရေးနိုး ချိန်တွင် အိပ်ရာထဲ မှာပင် ဖုန်းဖြင့် ဖေ့စ်ဘုတ်ကို သုံးပြန်သည်။ အချို့ လူငယ်များမှာ နေ့လယ် အချိန်တွင် ကျောင်းတက်၊ ကျူရှင်တက် နေရ သဖြင့် ဖုန်းဖြင့် ဖေ့စ်ဘုတ် သုံးခြင်းကို ညအချိန်မှသာ ပြုလုပ် ရသည်ဟု ဆိုသည်။ အချို့ကလည်း နေ့တွင် အင်တာနက် လိုင်း မကောင်းခြင်း လိုင်းကျပ်ခြင်း တို့ကြောင့် ညအချိန် ထသုံး ရခြင်းသည် အဆင်ပြေသည် ဟု ဆိုသည်။

လူငယ်များ သိထားရန်မှာ ကျန်းမာရေးသည် တစ်ခါတစ်ရံ ငွေဖြင့် ဝယ်မရပေ။ ဆုံးရှုံး သွားသော ကျန်းမာရေးကို ဆေးကောင်း ဝါးကောင်းများ ဝယ်ယူ ကုသလျှင် မည်သည့် ရောဂါမဆို ပျောက်ကင်း လိမ့်မည် ထင်လျှင် မှားပေ လိမ့်မည်။ အထူးသဖြင့် ဦးနှောက်ထဲမှ အိပ်စက်ခြင်း ကို ပြုပေးသည့် ပထဝီနှင့် အာပေါဓာတ် ပျက်သွားလျှင် ''ဥမ္မတကံ ခေါ် အရူးရောဂါ ၏အခြေခံ အိပ်စက် မရသော ရောဂါ ဖြစ်စေသည် '' ဟု ရှေး အာယုဗေဒ ဆေးကျမ်းများက ဆိုပါသည်။ အနောက်တိုင်း ဆေး ဆရာဝန် ကြီးများ ကလည်း အိပ်မပျော် ရောဂါသည် ရောဂါမှန် သမျှတွင် ကုသရ အခက်ဆုံး ရောဂါမျိုး ဖြစ်ကြောင်း ဝန်ခံကြ သဖြင့် မိမိ ကျန်းမာရေး အပျက်ခံပြီး ဖုန်းသုံးစွဲခြင်း၊ အင်တာနက် ဖေ့စ်ဘုတ် သုံးစွဲခြင်း များကို သတိပြု ဆင်ခြင်ကြ စေလိုသည်။ တစ်နေ့တာ ပင်ပန်းသမျှ ၏ ဆေးမှာ အိပ်စက် အနားယူခြင်း ပင် ဖြစ်ကြောင်း သတိပေး တင်ပြ လိုပါသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...