Social Icons

Pages

Thursday, December 25, 2014

ဆိုင်ကယ်အန္တရာယ် နှင့် အဖိုးတန် လူငယ်များ


ဆိုင်ကယ်အန္တရာယ် နှင့် အဖိုးတန် လူငယ်များ

အရှင်အဂ္ဂသာရ (မန္တလေး)

မနက် ဝေလီဝေလင်း အိပ်ရာမှ မထသေးခင် လမ်းမပေါ်က မော်တော် ဆိုင်ကယ်တွေရဲ့ အသံကို အတိုင်းသား ကြားနေရတယ်။ ညပိုင်းမှာ ဆိုရင်လဲ အတော် ညဥ့်နက်သည် ထိအောင် ဆိုင်ကယ် လီဗာတင်သံ၊ အိပ်ဇော သံတွေက တဝုန်းဝုန်း တဖုန်းဖုန်း ကြားနေရတယ်။ နေရာဌာနတိုင်း လိုလိုမှာ အလားတူမျိုး မော်တော်ဆိုင်ကယ် တွေရဲ့ အသံတွေက စိတ်ညစ်စရာ ကောင်းလောက်အောင် အနှောင့်အယှက် ပေးကြတယ်။

ယနေ့ခေတ်ဟာ မော်တော်ဆိုင်ကယ် ခေတ်လို့ ပြောရမယ်။ လူတိုင်း လူတိုင်း၊ အိမ်တိုင်း အိမ်တိုင်း၊ လမ်းတိုင်း လိုလိုမှာ မော်တော်ဆိုင်ကယ် တွေက ပြည့်ညပ် နေတယ်။ ငွေကျပ် နှစ်သိန်းကျော် သုံးသိန်း လောက်ဆိုရင် မော်တော်ဆိုင်ကယ် တစ်စီးရနေတဲ့ ခေတ်ဆိုတော့ လူတိုင်းက ဆိုင်ကယ်တွေနဲ့ ဖြစ်နေတာ မဆန်း။ အမျိုးသားရော၊ အမျိုးသမီးရော၊ လူကြီးရော၊ ကလေးတွေပါ ဆိုင်ကယ်လေး တွေနဲ့ ဖြစ်ကုန်ကြပြီး ဘယ်သွားသွား၊ ဘယ်လာလာ ဆိုင်ကယ်လေးနဲ့ သွားမှ လာမှ တင့်တယ်တဲ့ ခေတ်ဖြစ် နေတယ်။ အလုပ်သွားလဲ ဆိုင်ကယ်၊ ဈေးသွားလဲ ဆိုင်ကယ်၊ ကျောင်းသား၊ ကျောင်းသူ တွေကလဲ ဆိုင်ကယ်နဲ့ ဖြစ်နေကြ သလို လမ်းဘေး ဈေးသည်ကလဲ ဆိုင်ကယ်နဲ့ ရွေ့လျားဈေးသည် ဖြစ်နေတယ်။

မြို့တွင်းလမ်းမ ထက်တွေ ပေါ်မှာလဲ ဆိုင်ကယ်တွေနဲ့ ဥဒဟို ပြေးလွှား နေကြတာ ပျားပန်းခပ် နေသလိုပါပဲ။ ဒီဘက်ပိုင်း တွေမှာ မင်္ဂလာဆောင် ယာဉ်တန်း၊ အလှူ ရှင်လောင်းလှည့် တဲ့ ကားတန်းတွေ ရှေ့မှာ ဆိုင်ကယ်တွေကို ရှေ့ဘီးထောင် မတ်တပ်ရပ်ပြီး ပါဖောမန့် စတန့် လုပ်ပြ နေကြတဲ့ လူငယ်ဆိုင်ကယ် သမားလေး တွေကိုလဲ အတွေ့များ လာရတယ်။ တစ်ရက်တစ်ရက် နေ့စဉ် သတင်းစာ၊ ဂျာနယ်တွေမှာလဲ ဆိုင်ကယ်ကြောင့် ဖြစ်တဲ့ အသက်ဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာ ရမှုတွေကို ဖတ်ရှုနေရ သလို၊ ကိုယ့်မျက်စိရှေ့ မှာတင်ပဲ ထိခိုက်ဒဏ်ရာရ သေဆုံး သွားကြတဲ့ လူတွေကိုလဲ များစွာပဲ မြင်တွေ့ နေရတယ်။

အထူးသဖြင့် ဆိုင်ကယ်နဲ့ ပတ်သက်ပြီး အရွယ်မရောက်ခင် လူငယ် လူရွယ်လေး တွေက ပိုမို ခရေဇီဖြစ်ကာ အသုံးပြုမှု များလာကြသလို ယာဉ်တိုက်မှု အန္တရာယ် တွေမှာလဲ လူငယ်၊ လူရွယ်လေးတွေ ပိုမို အဖြစ်များ တာကို တွေ့ရတယ်။ လူငယ်၊ လူရွယ်လေး တွေဟာ ဘယ်လိုဖြစ်တယ် မသိ။ ဆိုင်ကယ်ပေါ် ရောက်တာနဲ့ သွေးကြွ သွားကြပြီး ဘာကိုမှ မမြင်ကြတော့ တစ်လောကလုံးမှာ သူတို့ပဲ ရှိတယ်ထင်ကာ ဆိုင်ကယ် ကို အတင်းမောင်း၊ အတင်းဝင်၊ အတင်းထွက် နဲ့ ဘယ်သူ့ကိုမှ ဂရုစိုက်ရ ကောင်းမှန်း မသိကြဘဲ မောင်းနှင် နေကြတယ်။ ယာဉ်စည်းကမ်း ကိုလဲ ကောင်းကောင်း နားမလည်၊ ဆိုင်ကယ်ကိုလဲ ကျွမ်းကျင်မှု မရှိကြဘဲ မောင်းနှင် နေကြတာဟာ လူငယ်တွေ အတွက် အင်မတန်မှ အန္တရာယ်များ လွန်းလှတယ်။ လူငယ်တွေ အနေနဲ့ ဆိုင်ကယ်ကြောင့် ဖြစ်သွားတဲ့ အသက်အန္တရာယ် ကြုံတွေ့မှု၊ ထိခိုက်ရှနာ ဒဏ်ရာရမှု မြင်ကွင်းတွေကို မြင်ဖူး၊ တွေ့ဖူးကြမှာ ဖြစ်ပေမယ့် သင်ခန်းစာ ယူလိုတဲ့ စိတ်မျိုး မမွေးကြ။

အားလုံးကတော့ ဖြစ်တော့မှ ဖြစ်တဲ့ အလျောက် ခံလိုက်မယ် ဆိုတဲ့ စိတ်ရှိကြတယ်။ ဆိုင်ကယ် တစ်ခုခုဖြစ်ရင် အပိုပစ္စည်း ဝယ်လဲ နိုင်ပေမယ့် လူတစ်ခုခု ဖြစ်ရင် အပိုပစ္စည်း လဲစရာ မလွယ်ကူတာ... မတွေးမိကြ ပါဘူး...။

မန္တလေးမြို့ခံ စာရေးဆရာ တစ်ဦးကတော့ စာပေ ဟောပြောပွဲ စင်မြင့်ထက် ကနေ လူငယ်၊ လူရွယ်လေးတွေ ဆိုင်ကယ်ကို ဂရုစိုက် စီးနင်းကြဖို့ နဲ့ စီးတဲ့အခါ မှာလဲ ဆိုင်ကယ်စီး ဦးထုပ် ဆောင်း၊ မေးသိုင်းကြို တပ်ဖို့ မမေ့ကြဖို့ သတိပေး ပြောဆို နေတာကို အမြဲတစေ လိုလို တွေ့ရတယ်။ ဆိုင်ကယ်ကြောင့် အသက်ဆုံးရှုံး လိုက်ရတဲ့ လူငယ်တွေကို မြင်လိုက်ရတိုင်း တိုင်းပြည်ရဲ့ အနာဂတ် ခေါင်းဆောင်တွေ (နောက်ထပ် ကိုအောင်ဆန်း တစ်ယောက်၊ နောက်ထပ် ကိုအောင်ကျော် တစ်ယောက်၊ နောက်ထပ် ကိုဗဟိန်း တစ်ယောက်) ဆုံးရှုံးသွား ရတယ်လို့ စိတ်ထဲမှာ ခံစားရတယ် ဆိုတဲ့ အကြောင်းကို အဲဒီ စာရေးဆရာ က ပြောတယ်။

စာရေးဆရာ ပြောသလို ဆိုင်ကယ်ကြောင့် အသက်ဆုံးရှုံး လိုက်ရတဲ့ လူငယ်လေး တွေဟာ နောင်တစ်ချိန်မှာ တိုင်းပြည်ရဲ့ ခေါင်းဆောင်တွေ မဖြစ်နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင် ၊စာပေ ပညာရှင် ဖြစ်မလား၊ သမိုင်း ပညာရှင် ဖြစ်မလား၊ ဆရာဝန် ဖြစ်မလား၊ ကျောင်းဆရာ၊ ဆရာမ ဖြစ်မလား၊ လူမှုရေး ခေါင်းဆောင် ဖြစ်မလား ဆိုတာ ဘယ်သူမှ မသိနိုင်။

ဆိုင်ကယ်ကြောင့် ဖြစ်တဲ့ အန္တရာယ် တွေကြောင့် လူ့လောကထဲ ကနေ ငယ်ငယ်ရွယ်ရွယ် နဲ့ ထွက်ခွာသွားတာ တိုင်းပြည် အတွက်လဲ အလွန် အင်မတန်မှ နှမြောစရာ ကောင်းသလို မိသားစုတွေ အတွက်လဲ ရင်ထုမနာဖြစ်ရတဲ့ ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။ အဲဒီတော့ လူငယ်တွေ အားလုံးဟာ မိမိတို့ရဲ့ အသက်အန္တရာယ် ဖြစ်စေလောက်တဲ့ မော်တော်ဆိုင်ကယ် စီးနင်းမှုမျိုး တွေကို ရှောင်ရှား နိုင်စေဖို့ နဲ့ သတိထား ဆင်ခြင် မောင်းနှင်ကြဖို့ တိုက်တွန်း ရေးသား လိုက်ရပါတယ်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...