Pages

Thursday, November 13, 2014

နည်းပညာတက္ကသိုလ် (TU) များအားလုံးတွင် အင်ဂျင်နီယာဘွဲ့ B.E ခြောက်နှစ်သင်တန်းများ ဖွင့်လှစ်မည်



ရန်ကုန် ၊ ၁၃-၁၁-၂၀၁၄

နိုင်ငံတစ်ဝန်းရှိ နည်းပညာ တက္ကသိုလ် (TU) များအားလုံးတွင် အင်ဂျင်နီယာဘွဲ့ B.E ပေးအပ်မည့် ခြောက်နှစ် တစ်ဆက်တည်း တက်ရောက်ရသော အင်ဂျင်နီယာ သင်တန်းများကို ၂ဝ၁၄- ၂ဝ၁၅ တက္ကသိုလ် ပညာသင်နှစ်မှ စတင်ကာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ခြောက်နှစ် တစ်ဆက်တည်း တက်ရောက်ရသော အင်ဂျင်နီယာဘွဲ့ B.E သင်တန်းများကို ယခင်က ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် ရှိ အဆင့်မြင့် နည်းပညာ တက္ကသိုလ် နှင့် မန္တလေးတိုင်း ဒေသကြီး ရန်ကင်းတောင်ရှိ အဆင့်မြင့် နည်းပညာ တက္ကသိုလ် တို့၌သာ ဖွင့်လှစ် သင်ကြား ခဲ့ရာမှ ယခုအခါ နိုင်ငံတစ်ဝန်း ၌ ဖွင့်လှစ် ထားသော နည်းပညာ တက္ကသိုလ် (TU) များ အားလုံးတွင် ဖွင့်လှစ်ရန် သက်ဆိုင်ရာမှ စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

အနာဂတ် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများ အတွက် အားကိုးအားထား ရမည့် ခေတ်ပညာတတ် လူငယ်များကို ပြည်တွင်း၌ အရေအတွက် အများအပြား မွေးထုတ်ပေးနိုင် စေရန်နှင့် လိုအပ်သော အရည်အသွေး မြှင့်တင်ခြင်းများ ဆောင်ရွက် ပေးနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ယင်းကဲ့သို့ စီစဉ်ဆောင်ရွက် ရခြင်း ဖြစ်ကြောင်း သိရသည်။ 

တက်ရောက်ခွင့် ရမည့် ကျောင်းသား၊ ကျောင်းသူများ အရေအတွက်သည် နည်းပညာ တက္ကသိုလ်များက လက်ခံသင်ကြား ပေးနိုင်သည့် အနေအထား၊ ဆရာ၊ ဆရာမ အင်အား၊ လက်တွေ့ခန်း များနှင့် သင်ထောက်ကူ ပစ္စည်းများ အရေအတွက် စသည့် အခြေအနေများ အပေါ်တွင် မူတည်ကာ ကွာခြားမှု ရှိမည်ဖြစ်ကြောင်း စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုလက်ရှိတွင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်၌ အဆင့်မြင့် နည်းပညာ တက္ကသိုလ် နှစ်ခုနှင့် နည်းပညာ တက္ကသိုလ် (TU) ၂၉ ခုရှိပြီး ယခု ပညာသင်နှစ် တွင် အဆင့်မြင့် နည်းပညာ တက္ကသိုလ် ဝင်ခွင့်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရမှတ်ပေါင်း ၄၈ဝ အနည်းဆုံး ရရှိရန် လိုအပ်ကာ နည်းပညာ တက္ကသိုလ် ဝင်ခွင့်အတွက် အနည်းဆုံး ရမှတ် ၃၈ဝ သတ်မှတ် ထားကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment