Pages

Thursday, November 13, 2014

အာဆီယံ အသိုက်အ၀န်း ဖွံ့ဖြိုး တိုးတက်မှုနှင့် အတူ ကြိုးပမ်းဆောင်ရွက်နေ


အာဆီယံ အသိုက်အ၀န်း ဖွံ့ဖြိုး တိုးတက်မှုနှင့် အတူ ကြိုးပမ်းဆောင်ရွက်နေ

(၁၁)ကြိမ်မြောက် အာဆီယံ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ထိပ်သီး အစည်းအဝေး ၂ဝ၁၄ ခုနှစ် ဖွင့်ပွဲ အခမ်းအနားနှင့် (၈)ကြိမ်မြောက် အာဆီယံ ဒေသတွင်း ထူးချွန် စီးပွားရေး လုပ်ငန်း ဆုချီးမြှင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းက နေပြည်တော် ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံ့ အကြီးအကဲ၊ အစိုးရအဖွဲ့ အကြီး အကဲများ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ကုန်သည်များ၊ ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။

အာဆီယံ အင်ဂျင်နီယာ အသင်းများ အဖွဲ့ချုပ် အနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရအဖွဲ့၏ စွမ်းရည် သယ်ယူ ပို့ဆောင်ရေး နှင့် အခြေခံ အဆောက်အအုံ လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍတွင် ပြုပြင်ပြောင်းလဲ ဆောင်ရွက် နေသည်များကို အသိအမှတ် ပြု၍ နိုင်ငံတော် သမ္မတအား အာဆီယံ အထင်ကရ ဂုဏ်ထူးဆောင် နာယက ဘွဲ့တံဆိပ်ကို အပ်နှင်းခဲ့သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သည် နိုင်ငံတော် အစိုးရအဖွဲ့သစ် စတင် တာဝန်ယူချိန်မှ စ၍ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှု၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု နှင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ပြုပြင် ပြောင်းလဲမှု များကို အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက် နိုင်ရန် မူဝါဒများ၊ လမ်းညွှန်ချက် များကို ချမှတ် ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးရေးသည် တစ်ခုနှင့် တစ်ခု ချိတ်ဆက် နေသည့်အတွက် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုနှင့် အတူ စီးပွားရေး ပြုပြင် ပြောင်းလဲမှု များကိုလည်း ပြုလုပ်လျက် ရှိသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်း ကျော်သည် ကျေးလက်နေ ပြည်သူများ ဖြစ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းကို ဦးစားပေး လုပ်ငန်းအဖြစ် စီမံချက်များ ရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု နှင့်အတူ နိုင်ငံတော် အတွက် လိုအပ်သော လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက် သွားရန် လိုသည်။ မြန်မာနိုင်ငံသည် သဘာဝ အရင်းအမြစ်များ ကြွယ်ဝပြီး လုပ်သားအင်အား အပြည့်အဝ ရှိသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သော်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် နည်းပညာ အရင်းအနှီးနှင့် လူသား စွမ်းရည် အရင်းအမြစ်များ အဓိက လိုအပ်လျက် ရှိနေသည်။

အာဆီယံ အဖွဲ့အစည်း သည် လွန်ခဲ့သည့် (၄၇) နှစ်က စတင် တည်ထောင်ခဲ့ပြီး ပေါင်းစည်း ညီညွတ်သည့် အားနှင့် ရလဒ်ကောင်းများ ရရှိအောင် ကြိုးပမ်း ဆောင်ရွက် နိုင်ခဲ့သည်။ အာဆီယံ ၏ စုစုပေါင်း ဂျီဒီပီသည် အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ထရီလီယံ ရှိပြီး ကမ္ဘာ၏ သတ္တမမြောက် အကြီးဆုံး စီးပွားရေး အသိုက်အဝန်း အဖြစ် ရပ်တည်နေသည်။ ထို အခြေအနေ ကောင်းကို အရှိန်အဟုန်ဖြင့် ဆက်လက် ထိန်းသိမ်းမြှင့်တင် သွားပါက ၂ဝ၅ဝ ပြည့်နှစ်တွင် ကမ္ဘာပေါ်၌ စတုတ္ထမြောက် အကြီးဆုံး စီးပွားရေး အသိုက်အဝန်း ဖြစ်လာမည် ဖြစ်သည်။ ထိုသို့ အာဆီယံ အသိုက်အဝန်း တိုးတက်မှုနှင့် အတူ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှု သည်လည်း တိုးတက် လာရမည်ဖြစ်ရာ နိုင်ငံတော်နှင့် အာဆီယံအဖွဲ့ လက်တွဲကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

သို့ဖြစ်ရာ အာဆီယံ အသိုက်အဝန်း ဖွံ့ဖြိုး တိုးတက်မှုနှင့် အတူ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော် အစိုးရက ဆင်းရဲမှု လျှော့ချရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး အဆင့် မြှင့်တင်ရေး အစရှိသည့် အခြေခံ လုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက် နေချိန်တွင် ပြည်သူ တစ်ရပ်လုံး ကလည်း မိမိကျရာ ကဏ္ဍမှ ကြိုးပမ်း ဖော်ဆောင် ကြခြင်းဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရေး တွင် တစ်တပ်တစ်အား ပါဝင်ကြရမည် ဖြစ်ပါကြောင်း အသိပေး တိုက်တွန်း ရေးသားလိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment