Social Icons

Pages

Sunday, November 16, 2014

စားသောက်မှု နည်းစနစ်အပေါ် မူတည်၍ ဆီးချို သွေးချို ရောဂါသည် အသက် ၄ဝ ကျော်လာသူများတွင် ဖြစ်နိုင်ခြေများလာ


ရန်ကုန် ၊ ၁၆-၁၁-၂၀၁၄

ကမ္ဘာပေါ်ရှိ လူဦးရေ ၃၂၈ သန်းသော သူများသည် လက်ရှိတွင် တစ်ကမ္ဘာလုံး အတိုင်းအတာ အရ ဆီးချိုရောဂါ ဖြစ်ပွားနေပြီး စားသောက်မှု နည်းစနစ် အပေါ် မူတည်၍ အသက် ၄ဝ ကျော် လာသူများတွင် ပိုမို ဖြစ်နိုင်ခြေ များပြားလာကြောင်း ကမ္ဘာ့ ကျန်းမာရေး ဆိုင်ရာ စစ်တမ်းအရ သိရသည်။

ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားသူ ၅ဝ ရာခိုင်နှုန်း သည် ရောဂါဖြစ်ပွား နေကြောင်းသိ ရှိခြင်းမရှိသော အခြေအနေတွင် ရှိနေကြပြီး အရှေ့တောင် အာရှတွင် လူဦးရေ ၇၂ သန်းသည် ဆီးချိုရောဂါ ဖြစ်ပွားကာ တစ်နှစ်ထက် တစ်နှစ် ရောဂါပိုမို ဖြစ်ပွားလာ ခြင်းကြောင့် ယင်းနှုန်း အတိုင်းသာ ဆက်လက် ဖြစ်ပွားလာပါက သက္ကရာဇ် ၂ဝ၃ဝ ပြည့်နှစ်တွင် လူဦးရေ ၅၉၂ သန်းခန့်တွင် ရောဂါများ ဖြစ်ပွား လာနိုင်ကြောင်း ကျန်းမာရေး ဆိုင်ရာ လေ့လာသူ သုတေသီ များက တွက်ဆထား ကြသည်။ 

အဝလွန်ကဲသူ နှင့် သွေးအတွင်း အဆီဓာတ် များသူများ၊ ကိုယ်လက် လှုပ်ရှားမှု အားနည်း နေသူများ၊ ဆီးချို၊ သွေးချို မျိုးရိုးရှိသူများ၊ သွေးတိုးရောဂါ ရှိသူများ အပါအဝင် အသက် ၄ဝ ကျော်လာသူ အများစုသည် ဆီးချိုရောဂါ ပိုဖြစ်နိုင်ခြေ ရှိကြောင်း သိရသည်။ ရောဂါဖြစ်ပွား ပါကလည်း နောက်ဆက်တွဲ အကျိုးဆက်များ အနေဖြင့် အမြင်အာရုံ ထိခိုက်ပျက်စီး နိုင်ခြင်း၊ အာရုံကြောများ ထိခိုက် ပျက်စီးခြင်း၊ ကျောက်ကပ် ထိခိုက် ပျက်စီးခြင်းနှင့် နှလုံးနှင့် သွေးကြောများ ထိခိုက် ပျက်စီးခြင်းများ ဖြစ်ပေါ်လာ နိုင်ကြောင်း သိရသည်။

ထို့ကြောင့် ကမ္ဘာနှင့်အဝန်း ဖြစ်ပွားနှုန်းများ တိုး၍ ဖြစ်ပွားနေသော ဆီးချို၊ သွေးချိုရောဂါ မဖြစ်ပွားစေရန် အစား လျှော့စားခြင်း၊ အမျှင်ဓာတ် များသော အစားအစာများ စားခြင်း၊ ပြည့်ဝဆီများ လျှော့စားခြင်း၊ ရေများများ သောက်ခြင်း၊ အဝ မလွန်အောင် ထိန်းထားခြင်း၊ လှုပ်ရှားမှု များသော လူ့ဘဝကို နေထိုင်ခြင်း၊ နားနေချိန်တွင် ပုံမှန် လေ့ကျင့်ခန်းများ ပြုလုပ်ကာ စိတ်ဖိစီးမှု များကို တတ်နိုင်သမျှ လျော့အောင် ကြိုးစား နေထိုင်ခြင်းများ ပြုလုပ် ပေးသင့်ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် ဆီးချို၊ သွေးချိုရောဂါ ရှင်ပေါင်း ၂၄၆ သန်းကျော် ရှိကာ ယင်း ရောဂါကြောင့် တစ်မိနစ်လျှင် ခြောက်ဦးနှုန်း သေဆုံးနေပြီး အသက်အရွယ် ကြီးလာသည် နှင့်အမျှ နေ့စဉ်နေထိုင်မှု စနစ်ကို ထိန်းညှိ နေထိုင်ခြင်းဖြင့် ရောဂါမဖြစ်ပွား စေရန် လေ့ကျင့် နေထိုင် သင့်ကြောင်း သိရသည်။

မိုးအောင်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...