Social Icons

Pages

Wednesday, November 12, 2014

နှလုံးသားတွင် အကြိမ်ကြိမ် ကျခဲ့ရသော မျက်ရည်စက်များ


နှလုံးသားတွင် အကြိမ်ကြိမ် ကျခဲ့ရသော မျက်ရည်စက်များ 

နှောင်း

ကျွန်မ သည်နေရာ လေးသို့ ရောက်တိုင်း နှလုံးသားတွင် လူမသိ သူမသိ မျက်ရည်စက်များ အကြိမ်ကြိမ် ကျခဲ့ရသည်။ သည်နေရာလေး တွင် မေတ္တာတရားကို လိုအပ်နေသော လူမမည် ကလေးငယ် လေးများ များစွာ ရှိသည်။ မိဘများက စွန့်ပစ် သွားသောကြောင့် လည်းကောင်း၊ အခြားသော အကြောင်း အမျိုးမျိုးကြောင့် လည်းကောင်း ကလေးငယ် လေးများသည် ဒဏ်ရာ ဒဏ်ချက် မျိုးစုံနှင့် သည်နေရာ လေးတွင် စုရုံး ရောက်ရှိ နေကြသည်။သူတို့လေး များတွင် ကိုယ်စီကိုယ်စီ သနားစရာ အတိတ်လေးများ ကိုလည်း ပိုင်ဆိုင်ထား ကြသည်။ ကျွန်မတို့တွင် ပျော်ရွှင်စရာ ဖြစ်စေ၊ ဝမ်းနည်းစရာ ဖြစ်စေ မျှဝေ ခံစားပေးမည့် မိသားစု ရှိသော်လည်း သူတို့တွင်မူ သူတို့ ပျော်ရွှင် နေသော်လည်း ပျော်ရွှင်စရာ များကို မျှဝေခံစား ပေးမည့်သူ မရှိ၊ သူတို့ ဝမ်းနည်းမှုများ နှင့် ကြုံတွေ့ နေသော်လည်း ဝမ်းနည်းမှုများကို အားပေး နှစ်သိမ့်မည့်သူ၊ သူတို့ဘက်က ရပ်တည် ပေးမည့်သူ၊ မည်သူမျှ မရှိပေ။ လဲကျလျှင်ပင်၊ ကိုယ်တိုင် မတ်တတ်ပြန်ထ နေရသော ကလေးငယ် လေးများပင် ဖြစ်သည်။ သူတို့ဆီသို့ ကျွန်မ နေ့တိုင်း မသွားနိုင် သော်လည်း တစ်ပတ်လျှင် အနည်းဆုံး တစ်ရက် ရောက်အောင် သွားသည်။

အလုပ်က တစ်ပတ်လျှင် တစ်ရက်သာ အနားရ သော်လည်း ကျွန်မ မနားနိုင်ပါ။ ကျွန်မ မလာလျှင် မျှော်နေတတ် ကြသော၊ ကျွန်မ ရောက်လာလျှင် ပျော်မြူးနေတတ် ကြသော သူတို့၏ ပုံရိပ်များသည် ကျွန်မကို မလာ မဖြစ်အောင် စွမ်းဆောင် ပေးနေသော အားဆေးများပင် ဖြစ်သည်။ ကျွန်မ ရောက်လာသည် နှင့် သူတို့သည် အနားတွင် ဝိုင်းလာကာ သူတို့ကို ချီခိုင်းလေသည်။ အနည်းဆုံး သူတို့ကို တစ်ခေါက်တော့ ချီပေးမှ သူတို့ကျေနပ် ကြသည်။ ကလေး တစ်ယောက်ကို ထွေးပွေ့ထားစဉ် အခြားကလေး များက၊ ဘေးနားတွင် ဝိုင်းနေကာ သူတို့အလှည့် ရောက်ရန်အတွက် စောင့်နေကြသည့် မြင်ကွင်းသည် ကျွန်မအတွက် အလွန်ပင် ရင်နာစေသော မြင်ကွင်းတစ်ခုပင် ဖြစ်သည်။ ကျွန်မတို့ ငယ်စဉ်က ကျွန်မတို့မိဘ များသည် ကျွန်မတို့ကို လက်ပေါ်မှ မချ ချီခဲ့သော်လည်း သူတို့ကို ကား ချီပွေ့ထားမည့်သူ မရှိပေ။ သူတို့ကို ခဏတာ ချီခဲ့သည့် ကျွန်မကိုပင် အလွန် ခင်တွယ်ကာ ပျော်နေကြ ပေသည်။ ကျွန်မ ရောက်လာချိန် တွင် လက်ဆွဲကာ အပြေးလာကြို ကြသော်လည်း ပြန်တော့မည့် အချိန်သို့ ရောက်လျှင် ဝမ်းနည်းနေသော မျက်ဝန်းလေး များဖြင့်-

''မမ မပြန်နဲ့အုံးနော်''

''မမ သမီးတို့နဲ့ အတူတူအိပ်''

''မမ မနက်ဖြန်လာခဲ့နော်''

စသည့် စကားခွန်းပေါင်း များစွာဖြင့် ပြန်တော့မည့် ခြေလှမ်းများ နှောင့်နှေး ခဲ့ရသည်မှာ လည်း အကြိမ်ပေါင်း များလှပြီ။ အချိန်တန် တော့လည်း မိသားစုရှိသူ ကျွန်မက မိသားစု မရှိသည့် သူတို့ကို လက်ပြကာ ပြန်ခဲ့ရသည်။ သူတို့အတွက် ပေးနိုင်သော အချိန်ကား တစ်ပတ်လျှင် တစ်ရက်၊ တစ်ရက်လျှင်လည်း နာရီပိုင်းမျှသာ ရှိသည့်အတွက် အလွန် စိတ်မကောင်း ဖြစ်မိသည်။ တကယ်တော့ သူတို့သည် သူတို့နဲ့အတူ ဆော့ကစား ပေးမည့်သူ၊ သူတို့ တီတီတာတာ ပြောသမျှကို စိတ်ရှည်စွာဖြင့် နားထောင် ပေးမည့်သူ၊ သူတို့ကို ချစ်ခင်နှစ်သက် မည့်သူများကို စောင့်မျှော် နေကြသည်။ ကလေးပီပီ ပူဆာစရာ ရှိသည်ကိုလည်း ပူဆာ ချင်ကြ သေးသည်။ ကျွန်မတို့ ငယ်ငယ်က ဆိုလျှင် ထိုအရာများကို ကျွန်မတို့ မိဘများက တာဝန်ယူကြ လေသည်။ သူတို့ အတွက်ရော မည်သူက တာဝန်ယူပေးကြ မည်နည်း။ သည်မေးခွန်းကို မည်သူကမျှ မဖြေနိုင်ပါ။ ကျွန်မ ကိုယ်တိုင်ပင် မဖြေနိုင်ပါ။ မြန်မာနိုင်ငံတွင် သာမက ကမ္ဘာတစ်ဝန်း လုံးတွင် ယခုလို ကလေးများ အများကြီး ရှိသည်။ အားလုံးကို အဆင်ပြေ အောင် လုပ်မပေးနိုင် သော်လည်း ကိုယ်ရှိ နေသည့်နေရာ၊ ကိုယ်ရောက် နေသည့် အရပ်မှာရှိသည့် ကလေးများကို ကိုယ်တတ်နိုင် သလောက် ကူညီ ပေးနိုင်ခဲ့မည် ဆို လျှင်...

  • ရေတစ်စက်ပဲမို့ တန်ဖိုးမရှိဘူးလို့ ယူဆရင်
  • ပင်လယ်ထဲက ရေစက်တွေကို တစ်စက်စီ ခုန်ထွက်သွားခိုင်း လိုက်ပါ
  • ပင်လယ်ဆိုတာ ဝေါဟာရထဲက ပျောက်ကွယ် သွားပါလိမ့်မယ်
  • ဒါကြောင့်
  • ကျွန်မတို့ လုပ်ပေးနိုင်တာ ရေတစ်စက်စာ လောက်ပဲ ရှိပေမယ့်
  • အဲဒီရေစက်လေးတွေ စုလာရင်
  • သေချာပေါက်
  • ပင်လယ်တစ်စင်း ဖြစ်လာပါလိမ့်မယ်...။


#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...