Social Icons

Pages

Wednesday, October 22, 2014

The Music Run ပွဲတော် ပထမဆုံးအကြိမ် ကျင်းပမည်


ရန်ကုန် ၊ ၂၂-၁၀-၂၀၁၄

မြန်မာနိုင်ငံ ၌ ပထမဆုံး အကြိမ် ကျင်းပမည့် The Music Run ပွဲတော်ကို ရန်ကုန်မြို့ ရှိ သုဝဏ္ဏ အားကစားကွင်း ၌ နိုဝင်ဘာလ ၂၉ ရက် ညနေ ၄ နာရီမှ စတင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

The Music Run ပွဲတော်တွင် ပါဝင် စေလိုသော သီချင်းများကို ပြည်သူများက အွန်လိုင်းမှ တစ်ဆင့် မဲပေး ရွေးချယ်နိုင်ပြီး အဆိုပါ ပွဲတော်၌ ဖျော်ဖြေ တင်ဆက်ရန် စီစဉ် ထားသော သီချင်း အမျိုးအစား များမှာ Rock , Pop, Restro, Local Favourities နှင့် Dance Music တို့ ဖြစ်ကြောင်း ၊ ပွဲတော်တွင် ပါဝင် ဆင်နွှဲမည့် သူများ အနေဖြင့် မိမိတို့ ကြိုက်နှစ်သက်ရာ သီချင်းများကို အွန်လိုင်းမှ တစ်ဆင့် မဲပေးလိုပါက www.themusicrun.com.mm တွင် မဲပေးနိုင်ကြောင်း သိရသည်။

ပြည်သူများက အွန်လိုင်းမှ မဲပေး ရွေးချယ်ထားသော သီချင်းများ အနက် မဲ အများဆုံး ရရှိသော သီချင်းများကို The Music Run ပွဲတော် ပြေးလမ်းကြောင်း တစ်လျှောက်ရှိ Music Zone ၅ ခုတွင် ပြည်တွင်းမှ နာမည်ကြီး အဆိုတော် များက သီဆိုဖျော်ဖြေ သွားကြမည် ဖြစ်ပြီး ၄င်း ပွဲတော်တွင် ပါဝင်ဆင်နွှဲ သူများသည် မိမိတို့ စိတ်ကြိုက် မဲပေးရွေးချယ် ထားသည့် သီချင်းများကို အပြေး ၊ အက နှင့် ရယ်မော ပျော်ရွှင်ဖွယ်ရာ များ ပြုလုပ်ရင်း နားဆင် ခံစားခွင့် ရရှိမည် ဖြစ်သည့် အတွက် ဂီတနှင့် အားကစား ပေါင်းစပ် ထားသည့် တစ်မူထူးခြားသော ပျော်ရွှင် ကြည်နူးမှု မျိုးကို ခံစားရနိုင် ကြောင်း The Music Run ပွဲတော် ဖြစ်မြောက်ရေး အတွက် တာဝန်ယူ ဆောင်ရွက် နေသူ တစ်ဦးက ပြောသည်။

အဆိုပါ ပွဲတော်မျိုးသည် နိုင်ငံတကာ တွင်လည်း ကျယ်ပြန့်စွာ ကျင်းပ နေပြီဖြစ်သည့် အတွက် မြန်မာ ပြည်သူ ၊ ပြည်သားများ အနေဖြင့် နိုင်ငံတကာ အတွေ့အကြုံသစ် တစ်ရပ် ရရှိစေရန် ၊ အသက်အရွယ် မရွေး ပါဝင် ဆင်နွှဲနိုင်ပြီး စည်းလုံး ညီညွတ်မှု ရရှိစေရန် နှင့် အားကစား လုပ်ရင်း ဂီတမှ ပေးသော ပျော်ရွှင်မှုကို ခံစားရကာ စိတ်ဖိစီးမှု လျော့နည်း သွားစေရန် စသည့် ရည်ရွယ်ချက် များဖြင့် စီစဉ် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...