Social Icons

Pages

Thursday, October 2, 2014

ဒေသအကျိုး နှင့် ပြည်ထောင်စုအကျိုး သယ်ပိုးနိုင်ရန် လေ့လာသင်ယူ


ဒေသအကျိုး နှင့် ပြည်ထောင်စုအကျိုး သယ်ပိုးနိုင်ရန် လေ့လာသင်ယူ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ၏ တိုင်းဒေသကြီး များနှင့် ပြည်နယ်များ တွင် တိုင်းရင်းသား လူမျိုး ၁ဝဝ ကျော် အေးအတူ ပူအမျှ အတူတကွ နေထိုင်လျက် ရှိကြရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန သည် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက်ရန် နှင့် နယ်စပ်ဒေသနေ တိုင်းရင်းသား လူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး တို့ကို ဆောင်ရွက်ရန် ရည်မှန်းချက်များ ချမှတ်၍ ရန်ကုန်နှင့် မန္တလေး တို့တွင် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်များ ဖွင့်လှစ် သင်ကြား လေ့ကျင့် ပေးလျက် ရှိသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း သည် စက်တင်ဘာ ၂၈ ရက်တွင် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ် (ရန်ကုန်) သို့ ရောက်ရှိစဉ် သင်ကြားရေး နှင့် စီမံရေး ဝန်ထမ်းများအား တွေ့ဆုံ၍ တိုင်းရင်းသား လူငယ်များကို ထူးချွန် ထက်မြက်သည့် လူငယ်များ ဖြစ်အောင် လေ့ကျင့် သင်ကြား ပေးကြရန် လိုကြောင်း မှာကြားပြီး သင်ကြားရေး နှင့် စီမံရေး ဝန်ထမ်း များ သက်သာ ချောင်ချိရေး အတွက် ငွေကျပ် ၂ဝ၃ဝဝဝဝ ကို ထောက်ပံ့ ပေးအပ် ခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများ အခြေခံပညာ သင်ကြားရေးတွင် မိမိ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သမိုင်း အစဉ်အလာ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ပထဝီဝင် ဆိုင်ရာ အချက်အလက် များနှင့် အသက်မွေး ဝမ်းကျောင်းမှု စသည့် အထွေထွေ ဗဟုသုတ များနှင့် ကမ္ဘာ့နိုင်ငံများ၏ သမိုင်းကြောင်း နှင့် ပထဝီတို့ကို လေ့လာ သင်ယူကြ ရသည်။ အခြေခံပညာ သင်ယူပြီးနောက် ကျောင်း သင်ခန်းစာများမှ သင်ယူမှတ်သား ခဲ့ရသည်များကို လက်တွေ့ အသုံးချ ၍ ဘဝရပ်တည်မှု အတွက် ကြိုးပမ်းကြ သူများနှင့် အဆင့်မြင့် ပညာရေးကို ဆက်လက် ဆည်းပူးကြ သူများဟူ၍ နှစ်မျိုးနှစ်စား တွေ့ရသည်။

၂၁ ရာစုနှစ်သစ် အဆင့်မြင့် ပညာရေး စနစ်သည် ကျောင်းသား တစ်ဦးအဖို့ ကျောင်းစာ တစ်မျိုးတည်းသာ မဟုတ်ဘဲ ပတ်ဝန်းကျင် အထူးပြု ဗဟုသုတ တို့ကို လေ့လာနိုင်ပြီး သက်ဆိုင်ရာ လုပ်ငန်းခွင် ကျွမ်းကျင်မှု အတွက်ပါ လေ့ကျင့်သင်ကြား ပေးသဖြင့် အဆင့်မြင့် ပညာ သင်ယူပြီးမြောက် ချိန်တွင် ဘဝ အာမခံချက် ရှိသော ပညာရေးစနစ် ဖြစ်သည်။ အဆင့်မြင့် ပညာရေး ကဏ္ဍသည် ကျောင်းသား၊ ကျောင်းသူ များအား အကြောင်းအကျိုး အကောင်းအဆိုး ကို ဝေခွဲနိုင်မှု၊ လူမှုရေး တာဝန်သိမှု၊ အပြုသဘော ဆောင်မှု၊ တီထွင်တတ်မှု၊ စူးစမ်း လေ့လာတတ်မှု၊ စည်းစနစ် ဖြင့် လွတ်လပ်စွာ နေထိုင်တတ်မှု၊ ဆန်းသစ် တီထွင်နိုင် စွမ်းရှိမှု စသည်တို့ကို အလေးအနက် ထား၍ လေ့ကျင့် ပျိုးထောင် ပေးသည်။

အဆင့်မြင့် ပညာကဏ္ဍမှ ဆရာ၊ ဆရာမ များသည် ကျောင်းသား၊ ကျောင်းသူ များအား ပညာ သင်ကြားပေး ရာတွင် တပည့်များ ကိုယ်တိုင် သင်ယူလိုစိတ် ထက်သန်စေခြင်း၊ ဘာသာရပ် ဆိုင်ရာ သဘောတရား များကိုနှံ့စပ်အောင် လေ့လာ စေခြင်း၊ အချင်းချင်း ဆွေးနွေး တိုင်ပင်ခြင်းနှင့် စူးစမ်းလိုစိတ် ရှိစေခြင်း၊ သဘောတရား နှင့် လက်တွေ့ ပေါင်းစပ် အသုံးချမှု ကျွမ်းကျင်ပိုင်နိုင် စေခြင်းတို့ဖြင့် တပည့်များ၏ ပညာရည် မြင့်မားရေး ပြုစုပျိုးထောင်ရန် လိုအပ်ကြောင်း လေ့လာ သင်ယူမှု ကျွမ်းကျင်မှု လက်စွဲစာအုပ်၌ တွေ့ရသည်။

၂၁ ရာစုနှစ်သစ် နိုင်ငံတကာ ပညာရေး စနစ်သည် ယခင်ကလို အလွတ်ကျက်မှတ်ရ သော ပညာရေးစနစ် မဟုတ်တော့ဘဲ အတွေးအမြင် ကျယ်ပြန့်ရေးကို ရည်ရွယ် သင်ကြားပေးသော ပညာရေး စနစ် ဖြစ်ခြင်းကြောင့် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ၌ ပညာ သင်ကြားလျက် ရှိသော တိုင်းရင်းသား လူငယ်များသည် မိမိတို့ဒေသ အကျိုးနှင့် ပြည်ထောင်စု အကျိုးကို သယ်ပိုးနိုင်သူများ ဖြစ်အောင် ကြိုးစား လေ့လာ သင်ယူကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။ 

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...