နောက်ဆုံး " ဆု "
မဒါလေး
သီတင်းကျွတ် လပြည့်နေ့တွင် မှတ်မှတ်ရရ ဘိုးဘွားရိပ်သာ ကို အလှူငွေ သွားလှူ ဖြစ်သည်။ မန်းတောင်ခြေ ဘိုးဘွားရိပ်သာ ကို ငါးကြိမ်မြောက် ခြေချမိခြင်း ဖြစ်သည်။ တစ်ကြိမ်နှင့် တစ်ကြိမ်တွင် မတူညီမှုများ ရှိနေသည် ကိုလည်း သိသိသာသာ ခံစားခဲ့ ရသည်။ မတူညီမှု ဆိုသည်မှာ အဆောက်အအုံ များ တိုးတက်မှု၊ သန့်ရှင်း သပ်ရပ်မှု၊ အဆောက်အအုံ များ တိုးချဲ့နေမှုကို ဆိုလိုခြင်း မဟုတ်ပါ။ စိတ်ခံစားချက် မတူညီမှု ဖြစ်သည်။ ပထမဆုံး အကြိမ် မှတ်မှတ်ရရ ကျွန်မ မွေးနေ့တွင် မိဘ မောင်နှမ များနှင့်တူ ခေါက်ဆွဲကြော် သွားရောက် လှူဒါန်းစဉ်က အဖေကိုယ်တိုင် ကြော်ပေးသည့် ခေါက်ဆွဲကြော် ကို ဘိုးဘွားများ အားပါးတရ သုံးဆောင် ကြသည့်အခါ ဘယ်လိုမျှ ပြောမပြ တတ်သည့် ဝမ်းသာမှု မျိုးကို မျက်ရည် ကျမတတ် ခံစားခဲ့ရသည်။ အဘိုး၊ အဘွား များက ပေးတဲ့ ဆုပေးသံများ က ဘဝဂ်လျှံတက် သွားမတတ် ဖြစ်သည်။
နောက်တစ်ကြိမ် … နောက်တစ်ကြိမ် များတွင် လျော့နည်း သွားသည့် ဘိုးဘွားများကို တစ်စတစ်စ သတိထား လာမိသည်။ အချို့က ကျန်းမာရေး မကောင်း၊ အချို့က ဆုံးပါးသွားကြ သောကြောင့် ဖြစ်သည်။ အမျိုးမျိုးသော အကြောင်းများ ကြောင့် ရောက်လာကြ သကဲ့သို့ အမျိုးမျိုးသော အကြောင်းများ ကြောင့် စွန့်ခွာသွား ကြသည်။ များသောအားဖြင့် ရောက်လာကြသူ ဘိုးဘွားများမှာ အားကိုးရာမဲ့ သူများနှင့် အမှန်တကယ် တာဝန်ယူ မည့်သူ မရှိသောသူက များသည်။ လာရောက် လှူဒါန်းသော သူများကိုပင် ကိုယ့် သားသမီး မြေးများ ကဲ့သို့ ဝမ်းမြောက် ဝမ်းသာ ဖြစ်နေကြသည်။ သူတို့၏ မျက်ဝန်းများတွင် မျှော်လင့်ချက် တွေ ရှိနေဦးမည် ဆိုလျှင် ထို မျှော်လင့်ချက် များသည် အဘယ်သို့သော အရာများ ဖြစ်မည်ကို ကျွန်မသိချင် မိသည်။
လာရောက် လှူဒါန်း သူများကို ဘယ်ကလဲ၊ ဘယ်မှာနေလဲ မေးလေ့ ရှိကြတာ ကိုလည်း သတိထား မိခဲ့သည်။ တဖြည်းဖြည်း သိလာသည်က သူတို့ နေခဲ့ဖူးသော ရပ်ကွက်၊ ကျေးရွာက ဖြစ်လျှင် ဟိုလူကို သိလား၊ သည်လူ ရှိသေးလား စသည်ဖြင့် မေးမြန်းလေ့ ရှိကြသကဲ့သို့ သူတို့ ကိုယ်တိုင် ဘယ်သူ ဘယ်ဝါ ဖြစ်ကြောင်း ဘယ်မှာ ဘာလုပ်ခဲ့ကြောင်း၊ မိတ်ဆက်ကာ ဆွေမျိုး စပ်တတ်ကြ သေးသည်။ တုန်ယင်နေသော အသံများ က ထိုသို့ ပြောပြသောအခါ ပိုမို တုန်ယင် သွားသည်ကိုလည်း သတိထားမိ လိုက်သည်။ လူ့ဘဝ ရောက်လာပေမယ့် မတူညီသည့် ကံကြမ္မာ များကြားတွင် သူတို့လည်း အကောင်းဆုံးတော့ ကြိုးစားခဲ့ကြ မှာပဲဟု တွေးမိသည်။
တစ်ခါတစ်ရံ ကိုယ်ကိုယ်တိုင်က အကောင်းဆုံးဟု ဆိုသော အရာများက အခြားသူ ဒါမှမဟုတ် ကိုယ့် ပတ်ဝန်းကျင် အတွက် အဆိုးများ ဖြစ်သွားတတ် သည်ကိုတော့ သူတို့ သတိထား မိချင်မှ ထားမိခဲ့ကြ ပေမည်။ သတိထား မိလျက် နောက်ပြန်လှည့် မရသော အဖြစ်များလည်း ရှိချင်ရှိခဲ့ ပေလိမ့်မည်။ သို့အတွက်သာ ဒီလို နေရာတွင် သူတို့ ယနေ့ ရပ်တည် ရှင်သန် နေရခြင်း ဖြစ်မည်။
ဘိုးဘွားများကို လက်ခံ ရာတွင်လည်း စီးပွားဥစ္စာ ပျက်စီး သွားသူများ၊ သားသမီး ဆွေမျိုး မရှိသူများ၊ သားသမီး ဆွေမျိုး ရှိသော်လည်း ကိုယ့်ဝမ်း ကိုယ်အနိုင်နိုင် ရုန်းကန်ကာ မိဘကို ပြန်လည် မကြည့်ရှု နိုင်သူများ၊ မိဘကို ကောင်းစွာ ကျွေးမွေး နိုင်သော်လည်း မိဘဟု သဘော မထားဘဲ ပစ်ပယ်ခြင်း ခံရသူ မည်သည့် ဘိုးဘွားကို မဆို ဘာသာလူမျိုး မခွဲခြားဘဲ အသက် (၇ဝ) ပြည့်ပါက လက်ခံ စောင့်ရှောက် ပေးသည်ဟု သိခဲ့ရသည်။ မည်သို့သော အကြောင်း အချက်ဖြင့် ရောက်လာ စေကာမူ သည်လို နေရာတွင် ဘဝ ရှင်သန်ရေး အတွက် ဆက်လက် အသက်ရှင်ခွင့် ရသည်ကိုက ဘိုးဘွားများ အတွက် ကံကောင်းခြင်း ဆုတစ်ခုဟု ထင်မှတ် မိသည်။ ဘုရားက ပေးသော နောက်ဆုံးဆု လည်း ဖြစ်နိုင်သည်။ အခက်အခဲ များစွာကို နှစ်များစွာ ကျော်ဖြတ် လာခဲ့သော ဘိုးဘွားများ အတွက် သည်နေရာ သည် နောက်ဆုံး ဆွဲကိုင်ရာ မြက်တစ်ပင် လည်း ဖြစ်ချင် ဖြစ်မည်။ သည်မြက်ပင်လေး က သူတို့၏ ဘဝကို ဆက်လက် ရှင်သန်ခွင့် ပေးခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
ယခင်က ဘုရားတရား လုပ်ချင် သော်လည်း ဝမ်းရေးအတွက် မလုပ်ဖြစ် ခဲ့ဘူးဟု အဘွားတစ်ဦးက ပြောဖူးသည်။ ယခုတော့ တစ်နေ့တာကို ဘုရားတရား လုပ်ရင်း သက်သောင့် သက်သာဖြင့် ဖြတ်သန်း နိုင်ပြီ။ သေဖို့ ပြင်ရုံသာ ရှိတော့သည် ဟု ပြောတော့ ဝမ်းသာ ဝမ်းနည်း ခံစားမိသည်။
ဘိုးဘွားများ ဧည့်တွေ့သော နေရာသို့ ဖြတ်အလာတွင် အဘိုး၊ အဘွား အချို့နှင့် စကားဝိုင်းဖွဲ့ ပြောနေ ကြသော မိသားစု အနည်းငယ်ကို တွေ့ရသည်။ အချို့ ဧည့်တွေ့ လာသည်ဟု ဆိုလျှင် အပြေးထွက် လာတတ်သော အဘွားများ ကိုလည်း တွေ့ရသည်။ ထို ဧည့်သည်များမှာ သူတို့၏ ဆွေမျိုးသားချင်း အရင်းများလား။ သားသမီး ပဲလား။ သို့မဟုတ် ရပ်ဆွေ ရပ်မျိုး များလား။ ဒါမှမဟုတ် ဘိုးဘွားများကို သည်ရိပ်သာသို့ ပို့ဆောင်ပေးကြ သူများလား အတွေးပေါင်း များစွာ၊ စိတ်မကောင်းခြင်း များစွာ ဖြင့် ပြန်လာခဲ့ မိသည်။ လမ်းတွင်လည်း အတွေးစတို့က ဧည့်တွေ့ လာသော အဘိုးအဘွား များထံ တွင်သာ စိတ်ရောက် နေခဲ့သည်။ ထို ဧည့်တွေ့ လာသူများမှာ အဘိုးအဘွားများကို စွန့်ပစ်ခဲ့ သူများ၊ မစောင့်ရှောက် နိုင်သူများ ဖြစ်ခဲ့လျှင် အဘိုးအဘွား များကလည်း မိသားစု အပေါ်တွင် မိသားစု အသိုင်းအဝိုင်း ၏ စွန့်ပစ်ခံ ရလောက်အောင် မည်သို့ ပြုကျင့်ခဲ့ကြ သည်ဆိုသည်ကို သိချင် နေမိသည်။
အတွေးစ တို့ဖြင့် ဆိုင်ကယ် မောင်းလာခိုက် ဆိုင် တစ်ဆိုင်ရှေ့ အရောက် ရပ်လိုက်သည် ဆိုလျှင်ပဲ မြင်ရသည့် မြင်ကွင်းက စိတ်မကောင်း စရာ။အဘွားတစ်ဦး အမှိုက်ပုံထဲတွင်မွှေနှောက်ရှာဖွေနေသည်။ ပါးလွှာသော အဝတ်အစား နွမ်းနွမ်းနှင့် ပခုံးအထက်မှ အရောင် မထွက်သော ပဝါစက နေအပူဒဏ်ကို မည်မျှ ကာကွယ် ပေးနိုင် မည်နည်း။ တစ်ဖက်သို့ အလှည့် တွင်တော့ ကြည့်နေသော ကျွန်မနှင့် မျက်ဝန်းချင်း ဆုံမိသည်တွင် အနည်းငယ် ညှိုးငယ် သွားသော မျက်နှာကို မြင်လိုက်ရသည်။ ပိန်ပိန်ပါးပါး နှင့် သွားလာ နေပုံကို ကြည့်ကာ အဘွား၏ အသက်မှာ ခြောက်ဆယ်ကျော် လောက်သာ ရှိဦးမည် ထင်သည်။ အကယ်၍များ အသက်(၇ဝ) ရှိမည်ဆိုလျှင် ကျွန်မ အတွေးတို့ ဘိုးဘွားရိပ်သာသို့ တစ်ခေါက် ရောက်သွားသည်။ ပြန်လှည့် အကြည့် တွင်တော့ ထိုအဘွားမှာ လမ်းတစ်ဖက် ပလက်ဖောင်းသို့ ရောက်သွား ခဲ့လေပြီ။
#Yadanarpondaily
No comments:
Post a Comment