Social Icons

Pages

Friday, October 24, 2014

တောင်တမန်အင်း သို့ နှစ်စဉ်လာရောက်နေကျ ဖြစ်သည့် ဆောင်းခိုငှက်မျာ လာရောက်မှု နောက်ကျ



မန္တလေး ၊ ၂၄-၁၀-၂၀၁၄

မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် တောင်သမန်အင်း သို့ နှစ်စဉ် အောက်တိုဘာ နောက်ဆုံးပတ်တွင် လာရောက်နေကျ ဖြစ်သော ဆောင်းခိုငှက်များ အင်းရေ မကျသဖြင့် လာရောက်မှု နောက်ကျမည် ဖြစ်ကြောင်း၊ ဆောင်းခိုငှက်များ တောင်သမန်အင်း သို့ လာရောက်မှု နောက်ကျခြင်း သည် အင်းရေ ပိတ်ဆို့ထားခြင်း နှင့် များစွာ သက်ဆိုင်ကြောင်း၊ အင်းရေ မကျသဖြင့် စားကျက်မြေ မပေါ်ပါက ဆောင်းခိုငှက်များ လာရောက်မှု မဖြစ် နိုင်ကြောင်း၊ ဆောင်းခိုငှက် များက ရေစပ်တွင် ရှိသော အစာများကို ဝမ်းစာအဖြစ် ဖမ်းယူစားသောက် ကြောင်း၊ ယခင်နှစ် ကလည်း အောက်တိုဘာ ၂၂ ရက်မှ ၂၄ ရက် ထိ မိုးရွာသွန်း ခဲ့သဖြင့် အင်းရေ မကျဘဲ ဖြစ်ခဲ့သဖြင့် ဆောင်းခိုငှက် များ နိုဝင်ဘာ ပထမပတ်တွင် ရောက်ရှိပြီး ပုံမှန်အတိုင်း မတ်လကုန် တွင် ပြန်လည် ထွက်ခွာ သွားကြောင်း တို့ကို ငှက်ကြည့် ပညာရှင် တစ်ဦး က ပြောပြသည်။

အောက်တိုဘာ ၂၁ ရက်မှ စတင်၍ တောင်သမန်အင်း ပတ်ဝန်းကျင်တွင် ဆောင်းရာသီ၏ လက္ခဏာ နှင်းကျခြင်းကို တွေ့ရှိ နေသော်လည်း အင်းရေမှာ ပိတ်ထားသဖြင့် ရေမကျ သေးဘဲ တောင်သူ များလည်း စိုက်ပျိုးရန် အခက်ကြုံ နေရဆဲ ဖြစ်သည်။

''တောင်သမန်အင်း မှာ ဒေသရင်းနဲ့ ဆောင်းခိုငှက် ၆ဝ ကျော် နေထိုင်ကျက်စား ပါတယ်။ ရှားပါးတဲ့ ငှက်မျိုးစိတ်များ လာရောက်လေ့ ရှိပါတယ်။ ဟင်္သာ၊ ငဟစ်၊ စင်ရော် နှင့် ရှားပါးသည့် နှုတ်သီးလှန် ဒေါင်းလှန် ခြေထောက်လို့ အမည်ပေး ထားတဲ့ ငှက်များ လာရောက်ပါတယ်။ ယခင်နှစ် က စင်ရော် အကောင် ၅ဝ၊ ၆ဝ ခန့် လာရောက်ပြီး ရှားပါးတဲ့ Common Shell Duck ဟင်္သာမျိုးက လာရောက်မှု မရှိပါဘူး။ အင်းရေ မကျအောင် ထိန်းထားပါက ဆောင်းခိုငှက်များ မလာရောက် နိုင်ပါဘူး ... '' ဟု ၄င်းက ပြောပြသည်။

တောင်သမန်အင်း ရေကို ပိတ်၍ ငါးမွေးမြူ ကြသဖြင့် စိုက်ပျိုးရေး လုပ်ငန်း၊ သဘာဝ ပတ်ဝန်းကျင်၊ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း၊ ရှေးဟောင်း ယဉ်ကျေးမှု နှင့် လူမှုစီးပွားရေး လုပ်ငန်းများ နစ်နာလျက် ရှိကြောင်း ဒေသခံ တစ်ဦးက ပြောပြ ၍ သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...