CCTV ယဉ်ကျေးမှု
မဒါလေး
ယနေ့ တိုးတက် လာသော ခေတ်ကြီးတွင် မမြင်နိုင် သည်များလည်း ဖြစ်နိုင် သကဲ့သို့ မြင်နိုင်သည် များလည်း လက်တွေ့ ဖြစ်နေ ကြသည်။ ပြောင်းလဲ ခြင်းမှာ တစ်နေ့ထက် တစ်နေ့ တိုးတက် သထက် တိုးတက် လာသည်မှာ အံ့သြဖွယ်ပင် ကောင်းလွန်း နေသည်။ ယနေ့ ပြောင်းလဲ နေသော ခေတ်အချိန် အခါတွင် တစ်ရက် အပြင်မထွက် သည်နှင့် တစ်ရက် ခေတ်နောက်ကျ လျက် ရှိနေသည်ဟု ပင် ပြောရမည် ဖြစ်သည်။ ပြင်ပ လောကတွင် ရုန်းကန် လှုပ်ရှား နေသည် များကို အိမ်တွင်းမှ နေ၍ မှန်းဆလို့ မရသည့် ခေတ်ဖြစ်သည်။ မှတ်မိ ပါသေးသည် ကျွန်မ ရှစ်တန်း အရွယ်တွင် ရှေးလူကြီးဟု ပြောရမည့် အသက် (၈ဝ) ကျွန်မ အဘိုးကို ကြက်ဥ တစ်လုံး ငါးဆယ် ဟု ပြောမိရာ အဘိုးမှာ ကြက်ဥပင် မစားနိုင် ဖြစ်သွား သည်ကို ကြုံဖူးသည်။ အဖေနှင့် အမေက ကြက်ဥ တစ်လုံး ငါးကျပ်ဟု ပြန်ပြင် ပြောမှ နေ့စဉ် စားနေကျ ကြက်ဥကို ပြန်စား တော့သည်။ အဘိုး အသက် (၅ဝ) ကျော် နားလေး သွားပြီးနောက် အိမ်ထဲမှ အိမ်ပြင် သိပ်မထွက် တော့သဖြင့် လောကနှင့် အဆက်ပြတ် သကဲ့သို့ ဖြစ်နေသည်။
ယနေ့လည်း ကျွန်မ အဖြစ်က မထူးပေ။ မြို့ထဲကို ဈေးဝယ်ထွက် ရာမှ အရာ အားလုံးမှာ အထူးအဆန်း များနှင့် ကြုံခဲ့ရသည်။ အိမ်အပြင် မထွက်သည့် သုံး လေးလမှာ တစ်ကမ္ဘာ ခြားသွား သကဲ့သို့ပင် ခံစား လိုက်ရသည်။ ယခင့် ယခင်က ကုန်တိုက်ကြီး များမှာပင် မြင်ရန် ခက်ခဲသော CCTV ကင်မရာများ ယခုအခေါ် သူခိုး ဖမ်းသည့် ကင်မရာများ တပ်ထားသည့် ဆိုင် အတော် များများကို မြင်လိုက် ရသည်။ စတိုးဆိုင်၊ အထည်ဆိုင်၊ ရွှေဆိုင် စသည်ဖြင့် ဆိုင် အတော် များများမှာ ကင်မရာများ တပ်ထားသည်။ ဒါကို ကြည့်ခြင်းဖြင့် သူခိုးများ မြို့လုံးအနှံ့ သောင်းကျန်း နေလေသလား။ ခိုးဆိုး လုယက်သူများ များနေ လေသလား။ ကျောချမ်းစရာ မအီမသာ ဖြစ်ခဲ့ရသည်။ နေ့စဉ် လာနေကျ ကိုရီးယားကား များတွင်တော့ ပြစ်မှု ကျူးလွန်သူ များကို ဒီလို ကင်မရာ များမှတစ်ဆင့် ဖော်ထုတ် ကြသည်ကို ကြည့်ဖူးသည်။ ကိုရီးယား ဇာတ်လမ်းတွဲ တွေများ အားကျလို့ ဒီလိုဆိုင် အသေးလေး တွေပါ CCTV ဟုခေါ်သော သူခိုးဖမ်း ကင်မရာကို တပ်ထား လေသလား။
တစ်နည်းအားဖြင့် တွေးကြည့်လျှင် ဈေးဝယ်သူကို မမြင်နိုင်သည့် တစ်နေရာမှ စောင့်ကြည့် နေခြင်းမှာ လူကို သံသယ စိတ်ဖြင့် ကြိုဆို လိုက်ခြင်း ဖြစ်သည်ဟု ခံစားမိသည်။ အတွေးစတို့ မပျက်ခင်ပင် နောက်ထပ် ဆိုင်တစ်ဆိုင် အရောက်၌ ဆိုင်နေရာ အနှံ့ ကင်မရာများ အပြည့် တပ်ထား သည်ကို တွေ့လိုက် ရသည်။ ဝန်ထမ်း မိန်းကလေးများမှာ ချောင်ကျကျ တစ်နေရာ တွင် ရပ်နေကြသည်။ ဆိုင်ရှင် မှာလည်း ကွန်ပျူတာရှေ့ ထိုင်ကာ ဧည့်သည် ဝင်လာသည် ကို ဖော်ပြပေးသော CCTV မှ ကြည့်နေသည်။ ဝန်ထမ်းများကို ဧည့်သည်အား မည်သို့ ဖော်ရွေစွာ ကြိုဆို ရမည်ကို သင်ထားပုံ မပေါ်။ မိမိ ဝယ်လိုသော ပစ္စည်းကို ကိုင်ကြည့်မှ ဝန်ထမ်း မိန်းကလေး တစ်ဦး အနားရောက် လာသည်။ အခြား မိန်းကလေး တချို့မှာ ချောင်ကျသည့် ဆိုင်ထောင့် နေရာတွင် စုပြီး ဘာတွေ လုပ်နေသလဲ မသိ။ ထလာသော တစ်ယောက်မှာ လည်း ဧည့်သည်ဆီ စိတ်ရောက်ပုံ မပေါ် ထိုနေရာ ကိုသာ ခဏခဏ ကြည့်လျက်။ နောက်မှ သတိထား ကြည့်မိသည်မှာ ထိုနေရာမှာ ကင်မရာ နှင့် လွတ်သော နေရာ ဖြစ်သဖြင့် သူတို့ လွတ်လပ်စွာ နားနိုင်သည့် နေရာ ဖြစ်နေ သောကြောင့်ပင်။
ကင်မရာတွင် ထိုနေရာ ပေါ် - မပေါ် သေချာအောင် ကောင်တာ ပေါ်မှ ကွန်ပျူတာကို ကြည့်နေသော ကျွန်မကို သံသယ မျက်လုံးများဖြင့် ဘာလို့ ကြည့်တာလဲ ဆိုသည့် သဘောဖြင့် ပိုင်ရှင်က စိုက်ကြည့် နေသည်။ ခဏကြာမှ သတိပြန် ဝင်ပြီး ကျွန်မလည်း ကိုယ့်အတွေး နှင့်ကိုယ် ပြုံးမိသည်။ အော် တိုးတက်ခြင်း များနှင့် အတူပေါ့လေ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မ အတွက်တော့ အားလုံး အဆင်ပြေ ပါသည်။ ကျွန်မ အဆင်ပြေ သလို အခြား လူများလည်း အဆင်ပြေ စေချင်သည်။ ဆိုင်ရှင်ရော ဝန်ထမ်းများပါ အဆင်ပြေ စေချင်သည်။ ကင်မရာ တပ်ထား၊ စည်းကမ်း ချထားရုံနှင့် ဝန်ထမ်း များကို လျစ်လျူရှု မထားသင့်ပေ။ ကင်မရာနှင့် စောင့်ကြည့် နေတယ် ဆိုသည့် နောက်တွင် ကျွန်မတို့လို တစ်ခါတစ်ရံ မှ ဈေးဝယ် သူများပင် စိတ်ကျဉ်းကျပ် ရသည်။ ဝန်ထမ်းများကို စောင့်ကြည့်သည် ဆိုလျှင်လည်း ဝန်ထမ်းများ အတွက် သင့်တင့်သည့် အနားယူမှုမျိုး၊ သက်သောင့် သက်သာ ဖြစ်စေမည့် စည်းကမ်း ချက်မျိုး ချပေး သင့်သည်။ ကင်မရာ နောက်ကွယ်မှ သူတို့၏ ခံစားချက် များကို အနည်းငယ် ထည့်တွက် သင့်ပေသည်။ အဘယ်ကြောင့် ဆိုသော် ဝန်ထမ်းများမှာ သူခိုးများ မဟုတ် သောကြောင့် ဖြစ်သည်။
လျှပ်စစ်ပစ္စည်း ဆိုင်တွင်လည်း ထိုကဲ့သို့ပင် ကင်မရာများ တပ်လျက်။ ဒီလိုနှင့် အထည်ဆိုင် တစ်ဆိုင်ကို ဝင်မိ ပြန်သည်။ ဆိုင်ခန်း သေးသေး ထဲတွင် ကင်မရာများ တပ်ထား သည်ကို တွေ့ရ ပြန်တော့ ကျွန်မ အံ့သြမိ ပြန်သည်။ စိတ်က ပေါ်လာ မနေသာ တော့ဘဲ ပါးစပ်က ဖွင့်မေး မိသည်။ ဝန်ထမ်း တွေလည်း ရှိလျက်နှင့် လိုအပ် လို့လားဟု မေးမိသည်။ ဆိုင်ရှင် အစ်မက သူ၏ဆိုင်မှ အထည်များ၊ ပိုက်ဆံများ မကြာခဏ ပါသွားသဖြင့် တပ်ထားရခြင်း ဖြစ်ကြောင်း၊ လမ်းဘေးနှင့် နီးသဖြင့် စိတ်မချ ရသည့်အတွက် တပ်ထားခြင်း ဖြစ်ကြောင်း ရှင်းပြသည်။ တစ်ခါတစ်ရံတွင် ပလတ်စတစ် ကောက်သလို၊ အမှိုက်သိမ်း သလိုနှင့် တွေ့လျှင် တွေ့သလို၊ ယူသွား တတ်ကြကြောင်း ပြောပြသဖြင့် အံ့သြ မိသည်။ အဘိုးတို့ ခေတ်က အပြင်သွားလျှင် တံခါးပိတ်စရာ မလို၊ ဘေးအိမ်ကို အော်ခဲ့ရုံဖြင့် စိတ်အေး လက်အေး သွားနိုင်သည် ဆိုသည့် ယဉ်ကျေးမှုမှာ ယနေ့ လုံးဝ ပျောက်ကွယ် သွားပြီလား။ အပြင် ထွက်လျှင် တံခါးကို အထပ်ထပ်ပိတ်၊ အိတ်ထဲ သော့တွဲ တစ်ပုံတစ်ပင် အလေးခံ ထည့်ကာ သွားလာ ခဲ့ရသည်မှာ နှစ်တွေ အတော်ကြာ ခဲ့ပြီကို ကျွန်မမေ့ နေခဲ့သည်။ ရပ်ကွက်ထဲတွင် အိတ်တစ်လုံးနှင့် တုတ်ကောက် ကိုင်ကာ ဖြတ်လျှောက် သွားသော လူများကို သံသယ စိတ်ဖြင့် လိုက်ကြည့် ရသည်မှာလည်း အမောပင်။ ကျွန်မတို့ ရပ်ကွက်ထဲတွင် ခြံဝင်း မခတ်ထားသော အိမ်များရှိရာ မကြာခဏ လုံချည်များ၊ အိုးခွက်များ၊ တစ်ခါတစ်ရံ အိမ်ရှေ့ စားပွဲတွင် ချထားမိသော ဖုန်းများ မကြာခဏ ပျောက်သွားသည့် သတင်းများ နားမဆံ့အောင် ကြားခဲ့ ဖူးသည်။ ဘယ်သူမပြု မိမိမှုမို့ အိမ်ပြင်တွင် ထားသော ပစ္စည်း ပျောက်ခြင်းမှာ မိမိကိုယ်တိုင် ပေါ့ဆမှု ကြောင့်ပင် ဖြစ်သည်ဟု ကျွန်မ ထင်မိသည်။ သို့အတွက် ဘယ်သူ ဘာလာ ပြောပြော ကျွန်မ ဘာမျှ မပြောခဲ့။ ယခုတော့ ကိုယ်တိုင် ကြားသိ ခဲ့ရပြီ။ ဆိုင်ထဲ၊ အိမ်ထဲဝင်ကာ ပစ္စည်း ဝင်ခိုးသည် တဲ့လေ။ ဒါတောင် ညဘက် မဟုတ်၊ နေ့ခင်းဘက်မှာ ဖြစ်သည်။ ယခုဆိုလျှင် ကျွန်မလည်း လက်ထဲမှာ အထုပ်များနှင့် တုတ်တစ်ချောင်း ကိုင်ကာ လမ်းတကာ လျှောက် အမှိုက်ကောက် နေသော လူများလာလျှင် သတိထား ကြည့်တတ် လာသည်။ တစ်ခါတစ်ရံ ခွင့်တောင်းလျက် ပစ္စည်းကောက် လျှင်ပင် လူလစ်ရင် ဘာများ ပိုယူသွားမလဲ ဟူသော သံသယစိတ် လေးကတော့ ဖြစ်မိသည်။ တစ်ခါက အမှိုက်ကောက် လာရင်း ကျွန်မခြံရှေ့ မှ မြက်တွေ ရှင်းပေး သွားသော ကလေးမလေး ကို မြင်မိ တော့လည်း လူတိုင်းဟာ ထင်သလို မဟုတ်ပါလား ဟု အတွေးဝင်မိ ပြန်သည်။ ထိုသို့ ကြားသိခဲ့ရ သဖြင့် တစ်နည်း ကောင်းသည်မှာ သတိလက်လွတ် နေတတ်သော အကျင့်အတွက် အတော် အဆင်ပြေ သွားသည်။ အရာရာကို သတိထား နေတတ် လာသည်ကိုက အဆိုးထဲက အကောင်းဟု တွေးရ မလိုပင်။
ဘာပဲပြောပြော CCTV ဟုခေါ်သော သူခိုးဖမ်းသည့် ကင်မရာ လေးကြောင့် အားလုံးမှာ အဆင်ပြေ နေသည် ဆိုတော့လည်း ကောင်းသည့် ဘက်ကပဲ တွေးရတော့ မည်ပေါ့။ အခုတော့ နေရာတိုင်း လိုလို တွေ့နေရ သဖြင့် အချို့လူများ အဖို့ ရိုးလို့ နေလောက်ပါပြီ။
ကောင်းသည် ဆိုးသည် ဟု မသတ်မှတ်ဘဲ အကောင်းဘက် ကပဲ တွေးလျှင် အားလုံးအတွက် အဆင်ပြေ စေသော နည်းလမ်း တစ်ခု မဟုတ်ပါလား။ တစ်ခါတစ်ရံ ကင်မရာအောက် ရောက်နေသည့် ကိုယ့်ပုံကို မြင်ပြီး စိတ်တိုင်း မကျတာက လွဲလျှင် ကျွန်မ အတွက်လည်း အားလုံး အဆင်ပြေ ပါသည်။
#Yadanarpondaily
No comments:
Post a Comment