Social Icons

Pages

Tuesday, September 2, 2014

ကွမ်းတောင် ပန်းတောင် များ နှင့် ချစ်စရာ ဓလေ့


ကွမ်းတောင် ပန်းတောင် များ နှင့် ချစ်စရာ ဓလေ့

သက်နိုင် (ပြင်ဦးလွင်)

မြန်မာနိုင်ငံရှိ လူမျိုးတိုင်းတွင် ရိုးရာ ဓလေ့များ ကိုယ်စီ ရှိကြသည်။ ထို ရိုးရာဓလေ့ များကိုလည်း သက်ဆိုင်ရာ အလှူ မင်္ဂလာ အခမ်းအနားများ တွင် ထည့်သွင်း ဖော်ပြ သုံးစွဲခြင်းသည် မြန်မာလူမျိုး၊ မျိုးနွယ်စုဝင် များ၏ ချစ်ခင်ဖွယ် ကောင်းသော ဓလေ့ တစ်ခုလည်း ဖြစ်သည်။

ထိုအထဲတွင် ရှမ်းလူမျိုး တို့၏ ကွမ်းတောင်ပန်းတောင် များသည်လည်း ရိုးရာဓလေ့ တစ်ခုအဖြစ် ရှေးနှစ်ပေါင်း များစွာ ကတည်းက ယနေ့အထိ ထင်ပေါ် ကျော်ကြားစွာ ပြုလုပ်သုံးစွဲ နေကြဆဲ ဖြစ်သည်။ ရှမ်းလူမျိုး တို့သည် အလှူ မင်္ဂလာပွဲများ ကျင်းပ ပြုလုပ်သော အခါ ကွမ်းတောင် ပန်းတောင် များမှာ မပါလျှင် မပြီးသည့် အလေ့အထ ဖြစ်ပြီး ရှင်လောင်း ပွဲများတွင် အဓိက ပြုလုပ် သုံးစွဲ ကြကြောင်း သိရသည်။

ကွမ်းတောင် ပန်းတောင် များကို ရှမ်းစက္ကူ၊ ရောင်စုံစက္ကူ၊ ငှက်ပျောဖတ် စသည်တို့ဖြင့် ပြုလုပ်ကြပြီး အများ ဝိုင်းဖွဲ့၍ တပျော်တပါး တက်ညီ လက်ညီ လုပ်ကိုင်ကြ သည်။ အများအားဖြင့် မောင်ရှင်လောင်း အရေအတွက် အလိုက် လှပ သေသပ်စွာ ဖန်တီး ပြုလုပ်ကြ၍ ကိုင်ဆောင် မည့် အမျိုးသမီး များကိုလည်း သေသေချာချာ ရွေးချယ်ပြီးမှ ကိုင်ဆောင် စေသည်။ ကွမ်းတောင် ပန်းတောင် များကို မိစုံဖစုံ နှင့် အိမ်ထောင်မရှိ သော မိန်းမပျို ဖြစ်စေရမည့် အပြင် ချောမော လှပပြီး လိမ္မာ ယဉ်ကျေး သည့် အမျိုးသမီးငယ် များကိုသာ အထူး ရွေးချယ်ပြီး ကိုင်ဆောင် စေသည်။ 

ရှမ်းလူမျိုး တို့သည် အဆိုပါ ကွမ်းတောင် ပန်းတောင်များကို ပွဲပြုလုပ် ကျင်းပခြင်း မတိုင်မီ ကြိုတင်၍ ရက်အနည်းငယ် အတွင်း ဝိုင်းဖွဲ့၍ လုပ်ဆောင် ကြသည်။ ထိုကဲ့သို့ အများ ဝိုင်းဖွဲ့၍ တပျော်တပါး လုပ်ဆောင် ကြခြင်းကြောင့် အချင်းချင်း ချစ်ခင် ရင်းနှီးမှု ပိုမိုရရှိပြီး မျိုးဆက်သစ် လူငယ်များပါ ရိုးရာဓလေ့ အတတ်ပညာ တစ်ခုကို ပါဝင် လုပ်ကိုင်ခြင်းဖြင့် အလွယ်တကူ တတ်မြောက် စေနိုင်သည်။ ယခုအခါ သည် ခေတ်မီ ဖွံ့ဖြိုး တိုးတက်လာပြီး ပစ္စည်း ကိရိယာ အသစ်အဆန်း အများအပြား ပေါ်ထွက် လာနေပြီ ဖြစ်သော်လည်း အစားထိုး သုံးစွဲ ပြုပြင်မှုများ လုံးဝ မပြုလုပ်ဘဲ ရိုးရာဓလေ့ အတိုင်းသာမပျက်မကွက် သုံးစွဲ နေဆဲ ဖြစ်သည်။

ရှမ်းလူမျိုး တို့၏ အလှူ မင်္ဂလာပွဲ များတွင် ယခုကဲ့သို့ ကွမ်းတောင် ပန်းတောင် များ ပြုလုပ် သုံးစွဲလာ ခြင်းသည် ရှေးနှစ်ပေါင်း များစွာ စော်ဘွားများ လက်ထက် ကတည်းက ရိုးရာမပျက် သုံးစွဲလာခြင်း ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...