Social Icons

Pages

Thursday, September 18, 2014

သတ်မှတ် ခွင့်ပြုထားသည့် မော်ဒယ်လ်ထက် နိမ့်သော မော်တော်ယာဉ် များကို တင်သွင်းပါက ယာဉ်ကို သိမ်းဆည်းသည်အထိ အရေးယူသွားမည်



ရန်ကုန် ၊ ၁၈-၉-၂၀၁၄

ပြည်ပ နိုင်ငံများမှ မော်တော်ယာဉ် တင်သွင်းသူများ အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ခွင့်ပြု ပေးထားသည့် မော်ဒယ်လ် အမျိုးအစား ထက် နိမ့်သည့် မော်တော်ယာဉ်များ အပါအဝင် သတ်မှတ် ထားသည့် စည်းကမ်းချက် များအတိုင်း မတင်သွင်း ပါက အဆိုပါ ယာဉ်များကို သိမ်းဆည်း သည်အထိ အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ မှစတင်ကာ မော်တော်ယာဉ် တင်သွင်းရာ၌ သတ်မှတ် ထားသည့် မော်ဒယ်လ်ထက် နိမ့်သည့် ယာဉ်များ တင်သွင်းမှုကို စတင် အရေးယူ သွားမည် ဖြစ်ရာ မော်ဒယ်လ်နိမ့် ယာဉ် မှာယူ တင်သွင်းထား သူများ အနေဖြင့် လုပ်ငန်းများ မည်ကဲ့သို့ ဆက်လက် လုပ်ဆောင် ရမည်ကို မသိရှိ ရသေးသည့် အတွက် စိုးရိမ်မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း မော်တော်ယာဉ် တင်သွင်း ရောင်းချ သူများထံမှ သိရသည်။

''ကား တင်သွင်းတဲ့ အချိန်မှာ သတ်မှတ်ထားတဲ့ စည်းကမ်းချက် တွေအတိုင်း တင်သွင်း ရမယ် ဆိုတာ ပါလာတယ်။ နောက်ပြီးတော့ တင်သွင်း ခွင့်ပြု ပေးထားတဲ့ မော်ဒယ်လ်ထက် နိမ့်တဲ့ကား တွေကို တင်သွင်းရင် သိမ်းမယ် ဆိုတော့ ဒီလကုန် မရောက်ရင် ဟိုဘက်မှာ ဝယ်ထားတဲ့ ကားတွေက ဒုက္ခ ရောက်နိုင် တယ်။ ဒါကြောင့် နောက် နည်းနည်းခွာ ပေးဖို့ကို အသင်းက တောင်းဆို ထားတယ်လို့ သိရပါတယ်'' ဟု မော်တော်ယာဉ် တင်သွင်း ရောင်းချသူ တစ်ဦးက ပြောသည်။

အောက်တိုဘာလ မှ စတင်ကာ မော်တော်ယာဉ် တင်သွင်းရာတွင် သတ်မှတ် ထားသည့် မော်ဒယ်လ်ထက် တစ်နှစ် နိမ့်သည့် ယာဉ်များ တင်သွင်း လာပါက စီအိုင်အက်ဖ် တန်ဖိုး၏ ၂၅ ရာခိုင်နှုန်းကို ဒဏ်ကြေး အဖြစ် သတ်မှတ် ထားပြီး ထိုထက် ပိုကာ နှစ်နှစ်နှင့် အောက် နိမ့်သော ယာဉ်များကို တင်သွင်း လာပါက တင်သွင်း ယာဉ်များကို နိုင်ငံပိုင် အဖြစ် သိမ်းဆည်း သွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ချက် အရ သိရသည်။

ကံထူး

#Themyawaddaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...