Social Icons

Pages

Wednesday, July 23, 2014

လူ့အခွင့်အရေးများ နည်းလမ်းတကျ ရှင်သန်ရေး အသိတရားဖြင့် ကူညီ


လူ့အခွင့်အရေးများ နည်းလမ်းတကျ ရှင်သန်ရေး အသိတရားဖြင့် ကူညီ

ကမ္ဘာ့ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီ နှင့်အဖွဲ့သည် ဇွန် ၁၆ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိ လာခဲ့သည်။ ဇူလိုင် ၁၇ ရက် နံနက် တွင် ရန်ကုန်မြို့တော် ခန်းမ၌ မစ္စရန်ဟီလီ ဦးဆောင်သော အဖွဲ့နှင့် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့တို့ တွေ့ဆုံခဲ့ရာ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့မှ တာဝန်ရှိ သူများက မြန်မာနိုင်ငံသည် မိမိတို့ ယုံကြည်ရာ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိသော နိုင်ငံဖြစ်ကြောင်း နှင့် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများကို လည်း ဘာသာပေါင်းစုံ အတူ လက်တွဲ ဖြေရှင်းလျက် ရှိကြောင်း ရှင်းလင်း ပြောကြားသည်။ မစ္စရန်ဟီလီ က မြန်မာနိုင်ငံ အတွင်း၌ ဖြစ်ပေါ်လျက် ရှိသည့် ပဋိပက္ခမျိုးမှာ ကမ္ဘာတစ်ဝန်း တွင်လည်း ဖြစ်ပေါ်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံ၌ ပဋိပက္ခများ အတူလက်တွဲ ဖြေရှင်း နေသည်ကိုလည်း ကြားသိ ခဲ့ရပြီး ဖြစ်ကြောင်းဖြင့် ပြန်လည် ပြောကြား ခဲ့သည်။

မစ္စရန်ဟီလီ နှင့်အဖွဲ့ဝင် များသည် ရန်ကုန်မြို့တော် ခန်းမမှ တစ်ဆင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးသို့ သွားရောက်၍ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံခဲ့ပြီး အင်းစိန်ဗဟို အကျဉ်းထောင် သို့ ဆက်လက် သွားရောက်ကြရာ တာဝန်ရှိ သူများက အင်းစိန် ဗဟို အကျဉ်းထောင် ရောက် အကျဉ်းသား၊ အကျဉ်းသူများ အပေါ်ပြုမူ ဆက်ဆံမှုနှင့် အခြား ဆောင်ရွက်ပေးမှု အခြေအနေ များကို ရှင်းလင်း ပြောကြားသည်။ မစ္စရန်ဟီလီ နှင့် အဖွဲ့ဝင် များသည် အင်းစိန် ဗဟို အကျဉ်းထောင် အတွင်း လှည့်လည် ကြည့်ရှု လေ့လာကြပြီး အကျဉ်းထောင် ဧည့်ခန်းမ၌ အကျဉ်းသား ခြောက်ဦးနှင့် သီးခြားစီ လွတ်လပ် ပွင့်လင်းစွာ တွေ့ဆုံ ခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် စတင် ဖွဲ့စည်းခဲ့သည့် ၂ဝ၁၁ ခုနှစ်မှစ၍ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များအား ကွင်းဆင်း လေ့လာ ကြည့်ရှုခြင်း၊ တွေ့ရှိချက် များအား ပြည်ထောင်စု အစိုးရသို့ တင်ပြခြင်း၊ အများပြည်သူ များသို့ ပန်ကြားခြင်း စသည့် နည်းလမ်းများဖြင့် ပွင့်လင်း မြင်သာစွာ ဆောင်ရွက်ခဲ့သည်။ website နှင့် Resource Centre တို့ကိုလည်း ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှစ၍ ဖွင့်လှစ် ထားသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကို ယခုနှစ် မတ် ၂၈ ရက်တွင် ၂ဝ၁၄ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၂၁ ဖြင့် ပြဋ္ဌာန်းခဲ့သည်။

ဥပဒေ၏ ရည်ရွယ်ချက် များမှာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသား များ၏ မူလ အခွင့်အရေး များကို ပိုမို၍ ကာကွယ် စောင့်ရှောက် နိုင်ရန်၊ ကုလသမဂ္ဂက ထုတ်ပြန်သော ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာ စာတမ်းကို အသိအမှတ်ပြု ၍ လူ့အခွင့်အရေး ကို လေးစား ကာကွယ်သည့် လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက် လာစေရန်၊ နိုင်ငံတော်က လက်ခံထားသည့် လူ့အခွင့်အရေး နှင့် သက်ဆိုင်သည့် အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ ဆုံးဖြတ်ချက်များ၊ ဒေသဆိုင်ရာ သဘော တူညီချက်များ နှင့် ကြေညာ ချက်များပါ လူ့အခွင့်အရေး များကို ထိရောက်စွာ မြှင့်တင် ကာကွယ် နိုင်ရန်၊ လူ့အခွင့်အရေး နှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် အမျိုးသား အဆင့် အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်း များ နှင့် ဆက်သွယ် ညှိနှိုင်း၍ ပူးပေါင်း ဆောင်ရွက် နိုင်ရန်တို့ ဖြစ်သည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေ ပုဒ်မ ၃၂ ပါ ပြဋ္ဌာန်းချက် များအရ တိုင်တန်းချက် သည် သဘောရိုးဖြင့် တိုင်တန်းချက် မဟုတ်ခြင်း၊ တိုင်တန်းချက် သည် ကော်မရှင်၏ လုပ်ပိုင်ခွင့် အတွင်း မကျရောက်ခြင်း၊ တိုင်တန်းသူ အတွက် ပို၍ သင့်လျော်သော ကုစားမှု သို့မဟုတ် ကြောင်းကျိုး ညီညွတ်စွာ တိုင်တန်း နိုင်သည့် နည်းလမ်းများ ရှိခြင်းဟူ၍ ကော်မရှင်က ဆောင်ရွက်ခြင်း မပြုရန် ဆုံးဖြတ် နိုင်သည့် ကိစ္စရပ်များ ဖော်ပြ ထားသည်။

သို့ဖြစ်၍ မြန်မာမှု နယ်ပယ်တွင် " ဆန်စင်ရာ ကျည်ပွေ့မလိုက်နိုင် " ဆိုသော စကားရှိသည့် အားလျော်စွာ နိုင်ငံတော်တွင် လူ့အခွင့်အရေး များ နည်းလမ်းတကျ ရှင်သန်ရေး ပြည်သူ အားလုံးက အသိတရားဖြင့် ဝိုင်းဝန်း ပါဝင် ကူညီကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...