မင်္ဂလာရှိသော စကား
စကားပြောဆိုခြင်း သည် လူတစ်ဦးနှင့် တစ်ဦး ပေါင်းသင်း ဆက်ဆံရာ၌ အဓိက ကျသည့် လူမှု ဆက်ဆံရေး တစ်ခု ဖြစ်သည်။ ထိုသို့ ပြောဆို ဆက်ဆံရာတွင် မင်္ဂလာ ရှိစေရန် လိုသည်။ မင်္ဂလာ တရားနှင့် ညီသော စကားမျိုး ဖြစ်ရန် လိုသည်။ မင်္ဂလာတရား နှင့်ညီသော စကားမှာ စကားအင်္ဂါရပ် လေးရပ်နှင့် ညီရမည် ဖြစ်သည်။
စကားအရာ အင်္ဂါလေးတန် ဆိုသည်မှာ သုဘာသိတဝါစာ၊ ပီယဝါစာ၊ ဓမ္မဝါစာ၊ သစ္စာဝါစာ တို့ဖြစ်သည်။ သုဘာသိတ ဝါစာသည် ပိသုဏဝါစာ ၏ ဆန့်ကျင်ဘက် ဖြစ်သည်။ ပီယဝါစာ သည် ဖရုဿဝါစာ ၏ ဆန့်ကျင်ဘက် ဖြစ်သည်။ ဓမ္မဝါစာသည် သမ္ဖပ္ပလာပ ဝါစာ၏ ဆန့်ကျင်ဘက် ဖြစ်သည်။ သစ္စာဝါစာ သည် မုသာဝါဒဝါစာ ၏ ဆန့်ကျင်ဘက် ဖြစ်သည်။
ပိသုဏဝါစာ သည် ကတုန်းကတိုက် ကုန်းတိုက်၊ ကုန်းချောသည့် စကား ဖြစ်သည်။ ပိသုဏ ဝါစာသည် တည်ငြိမ် အေးချမ်းမှုကို ပျက်စီးစေသည်။ ထို့ကြောင့် ပိသုဏဝါစာ ကိုရှောင်၍ သုဘာသိတ ဝါစာ ကောင်းမွန်သော စကား ရင်ကြားစေ့သည့် စကားကို ပြောရာသည်။ သုဘာသိတဝါစာ သည် အေးချမ်း တည်ငြိမ်မှုကို ဖြစ်စေ၍ မင်္ဂလာ ရှိစေသည်။
ဖရုဿဝါစာ သည် ရုန့်ရင်း ကြမ်းတမ်းသော စကားဖြစ်၏။ ရုန့်ရင်း ကြမ်းတမ်းသော စကားကို မည်သူမျှ မနှစ်မြို့ပေ။ ရုန့်ရင်း ကြမ်းတမ်းသော စကားကြောင့် အမုန်းကို ပွားစေသည်။ ဂုဏ်သိက္ခာ ကျဆင်း စေသည်။ ထို့ကြောင့် ဖရုဿဝါစာ ကို ရှောင်၍ ပီယဝါစာ ချစ်ဖွယ်သော စကား၊ ယဉ်ကျေး သိမ်မွေ့သည့် စကားကို ပြောရာသည်။ ပီယဝါစာ သည် လူတိုင်း ကြိုက်ပြီး ဂုဏ်သိက္ခာ တက်ကာ လူချစ်လူခင် များစေသည့် အတွက် မင်္ဂလာ ရှိသည်။
သမ္ဖပ္ပလာပဝါစာ သည် အကျိုး မရှိသော၊ အကျိုးယုတ် စေသော သိမ်ဖျင်းသည့် စကားဖြစ်သည်။ သိမ်ဖျင်းသော စကားသည် လေးနက်မှု မရှိဘဲ ပေါ့ပြက်ပြက် ဖြစ်လျက် အနှစ်သာရ ကင်းမဲ့သည်။ အနှစ်သာရ မရှိ သိမ်ဖျင်းသည့် စကားသည် အကျိုးမဲ့သော စကားဖြစ်သည်။ ထို့ကြောင့် သမ္ဖပ္ပလာပဝါစာ ကိုရှောင်၍ ဓမ္မဝါစာ မည်သော ဟုတ်မှန် အကျိုးရှိသော စကားကို ပြောရာသည်။ ဓမ္မဝါစာ သည် လူတိုင်း မြတ်နိုး၍ ယုံကြည် ကိုးစား တန်ဖိုး ထားကြ၏။ ဓမ္မဝါစာကို ပြောကြား ခြင်းဖြင့် မင်္ဂလာ ရှိလာ စေသည်။
မုသာဝါဒဝါစာ သည် လိမ်လည် ပြောဆိုသော စကားဖြစ်သည်။ မမှန်မကန် ပြောဆိုသော စကား ဖြစ်သည်။ လိမ်လည် လှည့်စား ပြောဆိုမှုကို မည်သူမျှ မကြိုက်ကြချေ။ မမှန်မကန် ပြောဆိုသော စကားကြောင့်၊ လှည့်စားသော စကားကြောင့် ထင်ယောင် ထင်မှား ဖြစ်ရသည်။ ထို့ကြောင့် မုသာဝါဒ ဝါစာ ကို ရှောင်၍ သစ္စာဝါစာ မှန်သော စကားကို ဆိုရာသည်။ မှန်သော စကားကို ဆို၍ ယုံကြည် ကိုးစားမှုကို ရရှိစေသည်။ သစ္စာဝါစာ ကို ဆောင်ခြင်းဖြင့် မင်္ဂလာ ရှိစေသည်။
သို့ဖြစ်ရာ နေ့စဉ် ပြောဆို ဆက်ဆံရာတွင် အသုံးပြုသော စကားသည် မင်္ဂလာရှိလျှင် ပြောသူ နှင့် နားထောင်သူတို့ အကျိုးများ ကြီးပွားချမ်းသာ စေနိုင်၍ စကားအင်္ဂါ လေးတန်နှင့် ညီသော မင်္ဂလာ စကားကို မိမိနှင့် သူတစ်ပါး ကောင်းကျိုး ပွားစေရန် သတိဖြင့် ဆင်ခြင်၍ ပြောဆို သွားကြ ရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။
( အယ်ဒီတာ့အာဘော် )
No comments:
Post a Comment