Social Icons

Pages

Wednesday, March 5, 2014

မုဒိတာပွား အားပေးပါသည်


မုဒိတာပွား အားပေးပါသည်

ရှေးခေတ် ဘိုးဘွားများ အမြော်အမြင် နှင့် ရေအကြောင်း၊ မြေအကြောင်း ကောင်းစွာ သိနားလည် ကြသည့် နိုင်ငံသားများ၊ မိမိနိုင်ငံ ပိုင်နက် နယ်မြေကို ရေဝေရေလဲ ဒေသအထိ ပိုင်ဆိုင်အောင် စွမ်းဆောင် ခဲ့ကြသူ နိုင်ငံသားများ ရေဆုံးရေဖျား အထိ လုပ်တတ် ကိုင်တတ်သည့် မြန်မာ့ စိတ်ဓာတ် အရင်းခံ အလေ့အကျင့် ကောင်းများ လက်ဆင့်ကမ်း ထိန်းသိမ်း ထားခဲ့ကြသည့် အကျိုးဆက် အဖြစ် Water Dispute, Water Politics, Water War တို့ကို ကြုံတွေ့ ရခြင်းမရှိ ရေမြေ သယံဇာတ နှင့် ပတ်သက်၍ ပြည့်စုံ ကြွယ်ဝသည့် အကျိုး ကျေးဇူးများ ခံစား ကြရသည်။

မြန်မာနိုင်ငံ၏ မြေပေါ်ရေ ပမာဏ စုစုပေါင်း ၁ဝ၈၁ ဒသမ ၈၈၅ ကုဗမီတာ၊ မြေအောက်ရေ ပမာဏ ၄၉၄ ဒသမ ၇၁၃ ကုဗမီတာ စုစုပေါင်း ၁၅၇၆ ဒသမ ၅၉၈ ကုဗမီတာ ရှိသည်ဟု သိပ္ပံပညာရှင် များ၏ ဖော်ထုတ်ချက် များအရ ရေအရင်း အမြစ် ပေါကြွယ်ဝသည့် နိုင်ငံ ဖြစ်သည် ကိုလည်း သိရသည်။ သို့ရာတွင် မြို့ပြနှင့် ကျေးလက်နေ လူဦးရေ တိုးပွားနှုန်း မြင့်မားလာခြင်း၊ ရေဝေရေလဲ ဒေသ သစ်တောကြီးများ ပျက်စီး ဆုံးရှုံးနေခြင်း၊ သဘာဝ ပတ်ဝန်းကျင် ယိုယွင်း ပျက်စီးလာခြင်း၊ ရာသီဥတု ဖောက်ပြန် လာခြင်း တို့ကြောင့် ရေကောင်း၊ ရေသန့် ရှားပါး လာခြင်းကို ပြည်သူများ ရင်ဆိုင် လာရသည်။

ကျေးလက် ဒေသနေ ပြည်သူ ၇ဝ ရာခိုင်နှုန်း ခန့်၏ လူမှု စီးပွားဘဝ မြှင့်တင်ရေး လုပ်ငန်း အစိတ်အပိုင်း တစ်ရပ် ဖြစ်သည့် ကျေးလက်ဒေသ ရေကောင်း ရေသန့် ရရှိရေး လုပ်ငန်းကို ရေရှည် လုပ်ငန်း အဖြစ် ဆောင်ရွက်ရန် နယ်စပ် ရေးရာ ဝန်ကြီးဌာန အောက်တွင် စည်ပင် သာယာရေး ဦးစီးဌာန ကို ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အဖြစ် ဖွဲ့စည်း တာဝန် ပေးအပ် ခဲ့သည်။

ဦးစီးဌာန၏ မူဝါဒမှာ ကျေးလက် ဒေသ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး ဖြစ်သည်။ ဦးစီး ဌာန၏ ရည်မှန်းချက် များမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ်ကို ဝိုင်းဝန်း ဆောင်ရွက် ပေးရန် ကျေးလက် ပြည်သူများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရန် နှင့် မြို့ပြ နှင့် ကျေးလက် လူမှု စီးပွားဘဝ ကွာဟမှု ကျဉ်းမြောင်း စေရန်၊ မြန်မာ့ ကျေးလက် ယဉ်ကျေးမှုကို ထိန်းသိမ်းရန် တို့ဖြစ်သည်။

မြန်မာ့ ကျေးလက် ယဉ်ကျေးမှု သည် ရပ်ရွာများတွင် ရေချမ်းစင် ဆောက်လုပ် လှူဒါန်းခြင်း မှအစ ရေတွင်း ရေကန် တူးဖော်မှု လှူဒါန်းမှု စသည်တို့ကို စေတနာ ဆန္ဒ အလျောက် ဆောင်ရွက် ကြသည်။ နိုင်ငံတော်မှ မတည်ငွေ၊ စေတနာရှင် တို့ လှူဒါန်းငွေ တို့ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန သည် တွင်းတိမ်၊ တွင်းနက်၊ လက်တူးတွင်း၊ စိမ့်စမ်း ရေသွယ်ခြင်း၊ ရေကန်တူးခြင်း တို့ကို တိုင်းဒေသကြီး နှင့် ပြည်နယ်များ တွင် လွှမ်းခြုံ ဆောင်ရွက် ပေးလျက် ရေအခက်အခဲ ကို ဖြေရှင်း ပေးနိုင် ခဲ့သည်။

သို့ဖြစ်ရာ မြန်မာ့ ရေသယံဇာတ မဆုံးရှုံး မပျက်စီးရေး နှင့် ရေအခက်အခဲ မဖြစ်ပေါ် ရေးအတွက် နိုင်ငံတော် နှင့် စေတနာရှင် ပြည်သူများ၏ စိတ်တူ သဘောမျှ ဆောင်ရွက် ကြသည့် ရေအကျိုး ၁ဝ ပါး အလှူဒါန များကို မုဒိတာပွား အားပေး ဂုဏ်ပြု ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...