ကိုယ်တိုင် ရွေ့လျား သက်ရှိလူသား
အယ်ဒီတာ့အာဘော်
( ၁၆-၁-၂၀၁၄ )
လောက လူသားတို့ သဘာဝ မည်သူမပြု မိမိမှု ဆိုဘိ သကဲ့သို့ ကောင်းသည် ဖြစ်စေ ၊ မကောင်းသည် ဖြစ်စေ သူတစ်ပါးက လာရောက် ပြုပြင်စီမံခြင်း မဟုတ်ဘဲ မိမိကိုယ်တိုင် ပြုပြင်စီမံ ကြခြင်းကြောင့် ဘယ်သူမပြု မိမိမှုဆိုသည့် စကား ပြောစမှတ် ပြုကြခြင်း ဖြစ်သည်။
အကျင့် စာရိတ္တ ကောင်းခြင်း ၊ မကောင်းခြင်း ဆိုသည်မှာလည်း တစ်ပါးသူတို့ က လာ၍ ပေးခြင်း မဟုတ်ဘဲ ထိုသူ၏ အမူအကျင့် ကိုသာလိုက်၍ ဖြစ်ရသည်။ အသိ Óဏ်ပညာ ထက်မြက် ကောင်းမွန်ခြင်း ဆိုရာ၌လည်း ထိုသူ ကိုယ်တိုင်က မိမိÓဏ်ကို စေစား အသုံးပြု ခြင်းကြောင့်ပင် ဖြစ်သည်။ ကျောင်း တစ်ကျောင်း တည်း၌ အတန်း တစ်တန်းတည်း တွင် ဆရာ တစ်ဦးက တပည့် အားလုံးကို အတူတူ သင်ကြား ပေးပါလျက် သင်ယူသူ တို့၏ အာရုံ စူးစိုက်မှု နှင့် လုံ့လ ဝီရိယ စိုက်ထုတ်မှု တို့ ကွာခြား ကြခြင်းကြောင့် ထို ဘာသာရပ် တွင် ထူးချွန်သူ နှင့် မထူးချွန်သူ ဟူ၍ ကွဲပြား နေကြခြင်း ဖြစ်သည်။ ဤ သာဓကအရ လူသည် မိမိအတွက် မိမိ ကိုယ်တိုင်သာလျှင် အားထားရာ ဖြစ်ကြောင်း ကောင်းစွာ ထင်ရှားသည်။
မိမိ ကိုယ်တိုင်သာ အားထားရာ ဖြစ်ခြင်းကြောင့် သူတစ်ပါး အပေါ် အားထားရန် မလိုအပ် ၊ သူတစ်ပါးကို အားထား ခြင်းဖြင့် အကျိုး ကျေးဇူး မရှိနိုင်ဟု ယူဆရန် မဟုတ်ပါ။ ဘုရားသော်မှ အမှီရှိမှ ပွင့်နိုင်သည် ဟူသော စကားကဲ့သို့ လောက၌ အမှီသဟဲ ဆိုသည်မှာ ရှိကောင်း ၊ ရှာကောင်း ၊ မှီခိုကောင်း သော အရာ ဖြစ်သည်။ ဤသို့ ရှိကောင်း ၊ ရှာကောင်း ၊ မှီခိုကောင်း လျက် မိမိအား အကျိုးကျေးဇူး ပြုနိုင်စွမ်းသော အမှီသဟဲ ကို အကြောင်းပြု၍ ပင်လျှင် မိမိ၌ အကျိုးမဲ့ ရသည့် အကြောင်းများ ပေါ်ပေါက် လာတတ်သည့် သာဓက များစွာ ရှိသည်။
သူတစ်ပါးအား အမှီ ရသဖြင့် သူတစ်ပါး၏ အထောက် အပံ့ဖြင့် သာလျှင် မိမိ၏ လုပ်ငန်း ဆောင်တာ အကြောင်း ကိစ္စများ ပြီးစီး အေးငြိမ်း သွားဖန်များ သောအခါ မိမိကိုယ်တိုင် ကြံစည် တွေးတော အားထုတ်လိုစိတ် ယုတ်လျော့ ကာ သူတစ်ပါး ကိုသာ အားကိုး အားထား လိုသော ဆန္ဒများ စွဲမြဲ နေတတ်သည်။ နောက်ဆုံး၌ သူတစ်ပါး လာရောက် ထောက်ပံ့ လုပ်ကိုင် ဆောင်ရွက် ပေးခြင်းမရှိ သည့် အချိန်နှင့် ကြုံရသော အခါ တွန်းသောသူ မရှိက မရွေ့လျား သော သက်မဲ့ သစ်တုံးကြီး နှင့် တူသည့် ဘဝဆိုးကြီး သို့ ဆိုက်ရောက် သွားတတ်သည်။ ထို့ကြောင့် မိမိကိုယ်တိုင် တစ်ဦးတည်းသော အင်အားဖြင့် မဆောင်ရွက် နိုင်သည့် ကိစ္စများမှ သာလျှင် အမှီသဟဲ အထောက်အပံ့ ရှာကောင်း ၊ ရှိကောင်း ၊ မှီခိုကောင်း သည်ကို နှလုံးသွင်းလျက် မိမိကိုယ်တိုင် သာလျှင် လုံ့လထုတ်၍ မိမိကိုယ်ကို သာလျှင် အားထားသည့် အလေ့အကျင့် ကောင်းများ ရှိကြရ ပေမည်။
မိဘတို့၏ လက်ကို ဆွဲကိုင်လျက် လမ်းလျှောက်သော ကလေးငယ်သည် မိဘတို့၏ အထောက်အပံ့ ဖြစ် သော လက်ကိုလွှတ်၍ တစ်ခါတစ်ရံ အရဲစွန့် လမ်းလျှောက်စဉ် လဲကျဖူး သော်လည်း လေ့ကျင့်ဖန် များသော် မိဘ အကူအညီ မလိုဘဲ ကိုယ်တိုင် လမ်းလျှောက် နိုင်သော အခြေအနေ သို့ ရောက်ရသည်။ ဤလောက၌ အရာရာ တိုင်းသည် ကိုယ်တိုင်ပြုဖူး တွေ့ကြုံဖူး မှသာလျှင် တတ်မြောက် နိုင်သည်။ ကိုယ်တိုင် မတတ်မြောက် သေးသဖြင့် တတ်မြောက်သူ၏ အကူအညီ မရှိလျှင် မှားယွင်း ချွတ်ချော်ခြင်း ရှိနိုင်သည်။ သို့သော် နောက်တစ်ကြိမ် ထပ်မမှားအောင် ကြိုးစားသော် အမှန်သို့ ရောက်မည် ဖြစ်သည်။ အမှားကြောက်၍ မလုပ်ဘဲ နေသော် လဲကျမည်ကို ကြောက်သော ကလေးငယ် ကဲ့သို့ အများနည်းတူ လမ်းမလျှောက် တတ်ဘဲ ရှိချေမည်။
သို့ဖြစ်၍ သက်ရှိ လူသား တို့သည် မိမိတို့ဘဝ ရပ်တည်ရေး အတွက် ရုန်းကန် လှုပ်ရှား ကြရာ၌ သူတစ်ပါးတွန်း မှ ရွေ့လျားမည့် သက်မဲ့သစ်တုံး မဟုတ်သဖြင့် မိမိကိုယ်တိုင် ရွေ့လျား နိုင်သူ တစ်ယောက် ဖြစ်စေရန် အားထုတ် ကြရမည် ဖြစ်ပေသည်။ ။
No comments:
Post a Comment