Social Icons

Pages

Monday, December 2, 2013

ရိုးသားမှု နှင့် ကျေးဇူးသစ္စာ


ရိုးသားမှု နှင့် ကျေးဇူးသစ္စာ

မျက်မှောက် ကာလတွင် သူတော်ကောင်း နှင့် မပေါင်းဖော် ခဲ့ရသူ ၊ သူတော်ကောင်း များ၏ တရားများကို နာကြားခွင့် မရရှိသူများ အများစုမှာ တစ်ဝမ်းတစ်ခါး တစ်ဘဝစာ အတွက် မိမိတို့၏ ရိုးဂုဏ်ကို အရင်းအနှီး ကြီးစွာ ပေးဆပ် လဲလှယ် နေကြသည်။

အမှန်မှာ ရိုးသားခြင်းသည် ပစ္စက္ခဘဝ ၏ တက်လမ်း တစ်ခုသာ ဖြစ်သည်။ ထိုမျှမက ဘဝ သံသရာ ခရီးလမ်း အတွက်ပါ လက်ကိုင်ပြု အားထား ရမည့် ကုသိုလ် တရားလည်း ဖြစ်သည်။ ငါးပါး သီလမြဲ သူသည် အများအလယ် ၌ ရဲရင့် တည်ကြည်စွာ ဝင်ဆံ့၏။ တွေဝေမှု ကင်းစွာ သေရ၏။ သေလွန်သည် ၏နောက် ကောင်းသော သုဂတိသို့ လားရ၏။ လူတို့၏ ဘဝကို ဖြတ်သန်း ရာတွင် ကျေးဇူးတရား သည် လူတိုင်းနှင့် မကင်းကြ။ အမိ ၊ အဖ ကျေးဇူးတရား ၊ ဆရာသမား တို့၏ ကျေးဇူးတရား ၊ ဆွေမျိုး မိတ်သင်္ဂဟ တို့၏ ကျေးဇူးတရား စသည်ဖြင့် ကျေးဇူးတရား သည် တစ်နည်းနည်း ဖြင့် ရှိနေကြ ပေသည်။

ထို ကျေးဇူးတရား ကိုသိ၍ ပြန်ဆပ် ကြသူများ ရှိသကဲ့သို့ မဆပ်နိုင် ကြသူများလည်း ရှိ၏။ အမှန်တွင် ကျေးဇူးဆပ် နိုင်သူများက ရှား၏။ သို့သော် အချို့မှာ ကျေးဇူးဆပ် ရုံမျှမက အသက်ထက်ဆုံး ကျေးဇူး သစ္စာကို စောင့်သိ ကြသည်။ ကျေးဇူးသစ္စာ စောင့်သိခြင်း ဆိုသည်မှာ မိမိအား တစ်သက်လုံး ကျေးဇူးပြု နေ၍ ထိုကျေးဇူးကို တစ်ဖန်ပြန်၍ ကျေးဇူးဆပ် ခြင်း ဖြစ်သည်။ ထိုသို့ တဒင်္ဂ မဟုတ် ထာဝရ ကျေးဇူးဆပ် ခြင်းကို ကျေးဇူးသစ္စာ စောင့်သိခြင်း ဟုခေါ်သည်။

ထို ကျေးဇူးသစ္စာ စောင့်သိခြင်း သည် ရိုးသားခြင်း နှင့်အတူ ပေါ်ပေါက် ဖြစ်တည်လျက် ရှိပြီး ရိုးသား၍ သစ္စာစောင့် သိသူ၏ ဘဝသည် လက်ရှိဘဝ နှင့် တမလွန်ဘဝ အတွက်ပါ ကောင်းကျိုး နှင့်ပြည့်စုံ စေသည်။ ထို့ကြောင့် လူတိုင်းသည် သူ့ဆန်စားလျှင် ရဲဖို့လို ပါသည်။ မိမိကို ကျွေးမွေး နေသော အလုပ်အကိုင် အပေါ် သစ္စာစောင့် သိတတ်ရန် လိုသည်။ ရိုးသားမှု ရှိရန် လိုသည်။ မိမိကို အလုပ်အကျွေး ပြုနေသော အလုပ်အပေါ် တစ်ဖန်ပြန်၍ တိုးတက်ရာ တိုးတက်ကြောင်း ၊ ကောင်းရာ ကောင်းကြောင်း ဖြစ်စေရန် ကြိုးစားရမည် ဖြစ်သည်။

ထိုသို့ ရိုးသား ကြိုးစား၍ ကျေးဇူးသစ္စာ စောင့်သိသော သူ၏ လောကသည် တိုးတက်၏။ ကျေးဇူး သစ္စာစောင့်သိ ၍ ရိုးသားသူ၏ ဘဝသည် တိုးတက်၏။ ထိုကျေးဇူး သစ္စာ စောင့်ထိန်း၍ ရိုးသား သူများ၏ နိုင်ငံသည် တိုးတက်၏။ ထိုနိုင်ငံသည် အများ၏ လေးစားမှုကို ခံရ၏။ သို့ဖြစ်ရာ မိမိကို ထမင်းကျွေး နေသော အလုပ် ၊ မိမိအပေါ် စောင့်ရှောက် နေသော အလုပ်တို့ အပေါ် တိုးတက်ရာ တိုးတက်ကြောင်း ၊ ကြီးပွားရာ ကြီးပွားကြောင်း သစ္စာရှိစွာ ၊ ရိုးသားစွာ ကြံဆောင် အားထုတ်ခြင်းဖြင့် မိမိလုပ်ငန်း ၊ မိမိကျေးဇူးရှင် နှင့် မိမိဘဝ အပါအဝင် အားလုံး၏ တိုးတက် အောင်မြင်မှုကို ဖန်တီး နိုင်ကြောင်း ရေးသား လိုက်ရပေသည်။

( ၂-၁၂-၂၀၁၃ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...