Social Icons

Pages

Monday, December 9, 2013

ဆောင်းရာသီနှင့်အတူ လိုက်ပါလာမည့် နိုရိုဗိုင်းရပ်စ်



ဆောင်းရာသီနှင့်အတူ လိုက်ပါလာမည့် နိုရိုဗိုင်းရပ်စ်

ဆောင်းရာသီတွင် ပြည်သူ့ရန်သူ နံပါတ်တစ် မှာ နိုရိုဗိုင်းရပ်စ် ဖြစ်သည်။ နိုရိုဗိုင်းရပ်စ် ကို အစာအိမ် တုပ်ကွေး ဟုလည်း ခေါ်ဆိုကြပြီး အမေရိကန် ပြည်ထောင်စု တွင် နှစ်စဉ် လူပေါင်းသန်း ၂ဝ ခန့်ကို ဖျားနာ စေသော တရားခံ ဖြစ်သည်။

နိုရိုဗိုင်းရပ်စ် ကြောင့် ရှေးဦးစွာ အစာအိမ် နာကျင်မှုကို ခံစားရပြီး အစာအိမ် ရောင်နာ ဆက်လက် ဖြစ်ပွားသည်။ အစာအိမ် ရောင်နာ ဝေဒနာခံစား ရသူထက်ဝက် ခန့်ကို ဆေးရုံတင် ရလေ့ရှိပြီး ၄င်းတို့ အနက် ၈၆ ရာခိုင်နှုန်းခန့် မှာ အသက်ဆုံးရှုံး ရလေ့ရှိသည်။ နိုရိုဗိုင်းရပ်စ် သည် ကလေးသူငယ် များကို အဓိကထား ရွေးချယ် ကူးစက်ကြောင်း သိရသည်။

နိုရိုဗိုင်းရပ်စ် သည် တစ်ဦးနှင့် တစ်ဦး ကူးစက်နိုင်ပြီး မသန့်ရှင်းသော ပရိဘောဂ မျက်နှာပြင် ၊ အစားအစာ ၊ ရေ စသည်တို့ကို သုံးစွဲမိခြင်း ကြောင့်လည်း ကူးစက် နိုင်သည်။ ပိုးကူးမိလျှင် အစာအိမ် နှင့် အူများတွင် ဆိုးရွားသော နာကျင်မှုကို ခံစားရမည် ဖြစ်သည်။ ဝေဒနာရှင်မှာ ခံရခက် လှသော အထက်လှန် အောက်လျှော ဝေဒနာကို ခံစားရပြီး နှစ်ရက်ခန့် ရေအိမ်မှ မခွာနိုင် ဖြစ်နေ တတ်ကြောင်း သိရသည်။

ရောဂါပိုးမွှားများ နှင့် ထိတွေ့မိလျှင် ဖျားနာမည်ပင်။ နိုရိုဗိုင်းရပ်စ် ကလည်း သင့်အား ဆိုးရွားစွာ ဒုက္ခပေးမည်မှာ မလွဲနိုင်ပေ။ ထို့ကြောင့် ကူးစက်ရောဂါ တိုက်ဖျက်ရေး ပါရဂူများက ရောဂါပိုးမွှား မကူးစက်ရန် ၊ ကျန်းမာစွာ နေထိုင်နိုင်ရန် ၊ ဖျားနာလျှင် အမြန် သက်သာရန် အောက်ပါ အတိုင်း အကြံပြု ထားသည်။

  • သင့်ရန်သူကိုသိပါ


နိုရိုဗိုင်းရပ်စ် သည် ကူးစက်မှုနှုန်း အလွန် လျင်မြန်သည်။ ဗိုင်းရပ်စ် ကူးစက်ခံ နေရသူ တစ်ဦး စွန့်လိုက်သော ကျင်ကြီး တစ်ဂရမ်တိုင်း တွင် ဗိုင်းရပ်စ် အကောင် တစ်ဘီလီယံ ပါဝင်သည်။ နိုရိုဗိုင်းရပ်စ် အကောင် ၁ဝဝဝ ခန့်က လူတစ်ဦးကို ဆိုးရွားစွာ ဖျားနာ စေနိုင်သည်။ ပိုးကူးစက်ခံ နေရသူမှ အဆက်မပြတ် အော့အန်ခြင်း ၊ ဝမ်းသွားခြင်း တို့ဖြင့် ရက်သတ္တ ခြောက်ပတ် အထိ နိုရိုဗိုင်းရပ်စ် ပိုးဖြန့်ဖြူး နေမည် ဖြစ်သည်။ မိသားစုဝင် တစ်ဦးက နိုရိုဗိုင်းရပ်စ် ကူးစက်ခံရလျှင် သာမန်အားဖြင့် အော့အန်ခြင်း ၊ ဝမ်းသွားခြင်းသာ ဖြစ်သည့်အတွက် ခပ်ပေါ့ပေါ့ တွေးကာ ရေအိမ် တစ်ခုတည်း သုံးခြင်း ၊ အန်ဖတ်များကို ဆေးကြောခြင်း တို့ ပြုခြင်းဖြင့်ပင် အလွယ်တကူ ပိုးကူး
စက်ခံရမည် ဖြစ်သည်။

  • ဆပ်ပြာနှင့်ရေဖြင့်ဆေးပါ။ရေမလိုသောလက်ဆေးဆပ်ပြာများ မသုံးပါနှင့်


အယ်လ်ကိုဟော ပါဝင်သော လက်ဆေး ဆပ်ပြာ များသည် ဘက်တီးရီးယား ပိုးမွှားများကို သေစေနိုင် သည်မှာ မှန်ပါသည်။ သို့သော် နိုရိုဗိုင်းရပ်စ် ကို လက်ဆေး ဆပ်ပြာများဖြင့် မသတ်နိုင်ပေ။

  • အစွန်းချွတ်ဆေး ကို အသုံးပြုပါ


လူနာ အသုံးပြု ထားသော လက်ကိုင်ပဝါ စသည်တို့ကို သာမန် ဆပ်ပြာဖြင့် လျှော်ဖွပ်ပါက နိုရိုဗိုင်းရပ်စ် မသေနိုင်ပါ။ ပြင်းထန်သော အစွန်းချွတ်ဆေး အသုံးပြု၍ လျှော်ဖွပ်ရန် လိုအပ်ပါသည်။ လူနာ နေထိုင်သည့် အခန်းကြမ်းပြင် ၊ နံရံ ၊ ကုလားထိုင် ၊ တံခါးလက်ကိုင် စသည် တို့ကိုလည်း ကြွေပြား ဆေးရည် ၊ ပိုးသတ်ဆေးရည် စသည်ဖြင့် ဆေးကြောပါ။ တိုက်ချွတ် ဆေးကြောခြင်း မပြုမီ ၁ဝမိနစ်ခန့် ကြို၍ ပတ်ထားပါ။

  • အိုးခွက်ပန်းကန်များကိုလက်ဖြင့်မဆေးပါနှင့်


နိုရိုဗိုင်းရပ်စ် သည် ပစ္စည်းပစ္စယ များ၏ မျက်နှာပြင်တွင် နေလေ့ရှိပြီး  အလွန် အသက်ပြင်း ပါသည်။ လက်ဖြင့် ဆေးကြောလျှင် ပွက်ပွက် ဆူသော ရေနွေးကို သင်ကိုင်နိုင်မည် မဟုတ်ပါ။ လူနာ အသုံးပြုသည့် ပန်းကန် ခွက်ယောက်များ နှင့် အိမ်တွင် အသုံးပြုသော ဇွန်း ၊ တူ ကအစ ပန်းကန် ဆေးစက် အသုံးပြု၍ ပွက်ပွက် ဆူသော ရေနွေး အသုံးပြုကာ ဆေးကြောပါ။ ပန်းကန်ဆေးစက် မရှိလျှင် ၁ဝ မိနစ်ခန့် ပွက်ပွက် ဆူအောင် ပြုတ်ပေးရ ပါမည်။

  • အဝတ်လျှော်စက်ကို ဂရုပြုသုံးစွဲပါ


အတွင်းခံ အဝတ်အစား များကို အဝတ်လျှော်စက် ဖြင့် လျှော်ခြင်းမှာ မထူးဆန်းပါ။ သို့သော် သင်နေ့စဉ် ဝတ်သော အတွင်းခံ ဘောင်းဘီ တိုင်းတွင် မစင် တစ်ဂရမ် ၏ ဆယ်ပုံ တစ်ပုံခန့် ပါလာ လေ့ရှိသည်။ အဆိုပါ ဘောင်းဘီ များကို အဝတ်လျှော်စက် ထဲတွင် ပုံမှန်လျှော်ဖွပ် ရာမှ အဝတ်ကန်တွင် မစင်များ စုနေလေ့ ရှိသည်။ လူနာ၏ အန်ဖတ် ၊ မစင် စသည်တို့ ပေကျံနေသော အဝတ်အစား များကို အခြား အဝတ်အစား များနှင့်ရောပြီး မလျှော်ပါနှင့်။ လျှော်သည့် အခါလည်း ရေနွေး ပွက်ပွက်ဆူ နှင့် အစွန်းချွတ်ဆေး အသုံးပြု ရမည် ဖြစ်သည်။ အခြား အဝတ်အစား များ မလျှော်မီ အဝတ်ကန်ကို ပိုးသတ်ဆေး သို့မဟုတ် အစွန်းချွတ်ဆေး ပက်ဖျန်းကာ ၁ဝ မိနစ်ခန့် ထားပေး ရမည်ဖြစ်သည်။

  • အမှတ်တမဲ့ကျန်ခဲ့သောနေရာများမှ ပိုးကူးနိုင်သည်


နိုရိုဗိုင်းရပ်စ် သည် နှစ်ရက်ခန့် အထိ သားဥ ဘဝဖြင့် နေထိုင် နိုင်သည်။ ကြမ်းပြင် ၊ စားပွဲ စသည်တို့ကို သန့်ရှင်းရေး လုပ်သည့်အပြင် တံခါး လက်ကိုင် ၊ ရီမုတ်ကွန်ထရိုး ၊ ကွန်ပျူတာ ကီးဘုတ် နှင့် လူနာမှ ထိတွေ့ကိုင်တွယ်
ခဲ့ဖွယ်ရှိသော ပစ္စည်း သေးသေးမွှားမွှား များကိုပင် ပိုးသတ်ဆေး ရည်ဖြင့် ဆေးကြော သုတ်သင်ရန် လိုအပ်ပါသည်။

  • ကော်ဇောကို အထူးသန့်ရှင်းရေးလုပ်ပါ


နိုရိုဗိုင်းရပ်စ် သည် ကော်ဇောများတွင် ရက်သတ္တပတ် များစွာ ခိုအောင်း နေနိုင်သည်။ လူနာက ကော်ဇောအပေါ် အန်ချမိလျှင် အဆိုပါ ကော်ဇောကို အပြင်ထုတ်၍ ပိုးသတ်ဆေးဖြင့် ဆေးကြောရန် လိုအပ်သည်။

  • သင် လူနာဖြစ်နေလျှင် အခြားသူများနှင့်ရောထွေးကာမနေပါနှင့်


နိုရိုဗိုင်းရပ်စ်ပိုး ကြောင့် ဝေဒနာ ပြင်းထန်စွာ ခံစားရပြီး နောက် သက်သာ လာသည့်အခါ လူအများနှင့် ချက်ချင်း မရောထွေး ပါနှင့် တစ်ပတ် အကြာအထိ သင့်တွင် နိုရိုဗိုင်းရပ်စ် ရှိနေနိုင် သေးသည်။ ဝေဒနာမှ သက်သာပြီး ခုနစ်ရက်ခန့် တစ်ကိုယ်တည်း နေနိုင်အောင် ကြိုးစားပါ။

  • ရေများများသောက်ပါ


နိုရိုဗိုင်းရပ်စ် ကူးစက် ခံရလျှင် ချက်ချင်းသတ်၍ မရနိုင်ပါ။ အတိုင်းအတာ တစ်ခုအထိ ဝေဒနာ ခံစားကာ နေထိုင် ရမည်ပင်။ သင်သည် အဆက်မပြတ် အော့အန်ပြီး ဝမ်းသွား နေမည် ဖြစ်သည့် အတွက် ရေဓာတ် ခန်းခြောက်မှု ဆိုးရွားစွာ ဖြစ်ပါလိမ့်မည်။ သင် ရေဓာတ် ပြန်လည် မဖြည့်နိုင် ပါက ဆေးရုံတက် ရမည်ပင်။ ထို့ကြောင့် ရေကို တောက်လျှောက် မသောက် နိုင်လျှင်လည်း တစ်ငုံချင်း သောက်ပေးပါ။ အန်သောအခါ ၊ ဝမ်းသွားသော အခါ ခန္ဓာကိုယ်မှ အလက်ထရို လိုက်ဓာတ် ကုန်ခန်း သွားသည့် အတွက် သင် မောပန်း နွမ်းနယ်ခြင်း ဖြစ်ပါသည်။ ထို့ထက် ပိုဆိုးလာလျှင် ကြွက်သားများ ညှစ်အား ကျသွား ပါလိမ့်မည်။ သင့်နှလုံးသည် ကြွက်သား ဟုတ်သည်ကို မမေ့ပါနှင့်။ နှလုံးညှစ်အား ကျသွားလျှင် သင့်အတွက် အသက် အန္တရာယ် ရှိမည်ပင်။ ထို့ကြောင့် ဓာတ်ဆားရည် ၊ ဖျော်ရည် ၊ ဂလူးကို့စ်ရည် များကို ခန္ဓာကိုယ်မှ ဆုံးရှုံးသည့် ရေဓာတ် ထက်ပင် ပို၍ သောက်ပေးရန် လိုအပ် ပါသည်။

  • မျိုးရိုးဗီဇ ကံကောင်းပါစေ


ကမ္ဘာ့ လူဦးရေ၏ ၂ဝ ရာခိုင်နှုန်း ခန့်ကို နိုရိုဗိုင်းရပ်စ် ရောဂါပိုး မကူးစက် နိုင်ပါ။ အူနံရံရှိ ဗီဇ လက္ခဏာဆောင် ပရိုတိန်းများ တွင် နိုရိုဗိုင်းရပ်စ် ပွားများ နိုင်သည့် နေရာပုံစံခွက် မပါရှိ သောကြောင့် ဖြစ်သည်။ ဆောင်းကာလတွင် လူသားများ၏ အဓိက ရန်သူ ဖြစ်သော နိုရိုဗိုင်းရပ်စ် ဘေးမှ အားလုံး ကင်းဝေး ကြပါစေ။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...