Social Icons

Pages

Sunday, December 1, 2013

လူငယ်နှင့် ကိုယ်ကျင့်တရား


လူငယ်နှင့် ကိုယ်ကျင့်တရား

မျက်မှောက်ခေတ် ပြောင်းလဲလာမှု နှင့်အတူ မြန်မာ တစ်နိုင်ငံလုံး နိုးကြား တက်ကြွစွာ နေရာတိုင်းတွင် ၊ ကဏ္ဍတိုင်းတွင် အင်တိုက် အားတိုက် ဆောင်ရွက် လုပ်ကိုင်လျက် ရှိနေသည်ကို တွေ့ရသည်။ ထိုသို့ ဆောင်ရွက် ရာတွင် ဦးစီး ဦးဆောင် ပြုသူများ ကလည်း နိုင်ငံနှင့် လူမျိုး အကျိုးကို စေတနာ အပြည့်ဖြင့် ဆောင်ရွက်လျက် ရှိနေသည်ကို တွေ့ရသည်။

ထိုသို့ တစ်နိုင်ငံလုံး တစ်မျိုးသားလုံး အကျိုးကို သယ်ပိုး ဆောင်ရွက်ရာ၌ ခေါင်းဆောင် ချည်း ဆောင်ရွက်၍ မရသကဲ့သို့ နောက်လိုက် များဖြင့်သာ ဆောင်ရွက် နေ၍လည်း မပြီးပေ။ ရှေ့ဆောင် ရှေ့ရွက် ပြုသူများ နှင့် နောက်လိုက်များ တညီတညွတ် တည်း စုပေါင်း ဆောင်ရွက် မှသာ အောင်မြင် မည်ဖြစ်သည်။

ဤတွင် လူငယ် အချို့၏ အခန်း ကဏ္ဍမှာ အရေးကြီး သည်။ မြန်မာပြည် ၏ အနာဂတ် သည် ယနေ့ လူငယ် မျိုးဆက်သစ် များ၏ အပေါ်၌ မူတည် နေသည်။ ယနေ့ ကျောင်းသား အရွယ် လူငယ်များသည် နောက်တစ်ချိန် တွင် ရှေ့နေ ရှေ့ရပ် ၊ သူဌေး သူကြွယ် ၊ ကုန်သည် လယ်လုပ် ၊ မြို့နေ ရပ်ရွာ အုပ်ချုပ်သူများ မှအစ အလုပ်သမား ၊ လယ်သမား အလွှာ အသီးသီး၌ ဦးဆောင်သူ နှင့် နောက်လိုက် သူများ ဖြစ်လာ ပေမည်။ ယခုအခါ၌ လူငယ်လူရွယ် အဖြစ် ရပ်တည် နေကြ သူများသည် နောင်တစ်ချိန်၌ မိဘများ ဖြစ်လာ ကြပေမည်။

ကောင်းမွန်သော နိုင်ငံနှင့် လူမျိုး ဖြစ်ထွန်း လာရေးအတွက် တစ်နေ့ ဦးဆောင် ဦးရွက် ပြုကြမည့် လူငယ်များ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး အရည်အချင်း ပြည့်ဝသော မျိုးဆက်သစ် ဖြစ်ရန် လိုသည်။ မြန်မာပြည်သား ဆိုသည်မှာ တိုင်းရင်းသားအားလုံး ၊ အမျိုးသား ၊ အမျိုးသမီး အားလုံး တစ်ယောက် စီကို စုဝေး၍ ရသော အမည်ဖြစ်ရာ တစ်ဦးချင်း ၊ တစ်ယောက်ချင်း ၊ တစ်မိသားစုချင်း မှသည် မြို့ရွာ ၊ ရပ်ကွက် အလိုက် နိုင်ငံနှင့် လူမျိုးအကျိုး ကို ရှေးရှု ဆောင်ရွက် ကြရမည် ဖြစ်သည်။

လူတစ်ဦး ကိုယ်ကျင့်တရား ပျက်ပြားပါက ထိုသူ တစ်ဦးသာ နစ်နာသည် မဟုတ် ၊ အမျိုးအနွယ် အားလုံး နာမည်ပျက် ဆုံးရှုံး နစ်နာ ကြရသည်။ ထို့ကြောင့် မည်သူမဆို ကိုယ်ကျင့် တရားအတွက် ၊ မိမိအတွက် မငဲ့ကွက် သော်လည်း အမျိုးအနွယ် အတွက် ငဲ့ကွက်ကာ ထိန်းသိမ်း စောင့်ရှောက် သင့်သည်။ အမျိုးစောင့် တရား ဆိုသည်မှာ အမျိုးအနွယ် ကို စဉ်ဆက် မပြတ် ထိန်းသိမ်း စောင့်ရှောက် အပ်သည့် မှန်ကန်သော ကိုယ်ကျင့် တရား ဖြစ်၍ မြန်မာပြည်သား အားလုံး ကိုယ်ကျင့်တရား စောင့်ထိန်း၍ အမျိုးအနွယ် ကို ထိန်းသိမ်း စောင့်ရှောက် ကြရမည် ဖြစ်သည်။

သို့ဖြစ်၍ အနာဂတ် နိုင်ငံတော် သည် ဖွံ့ဖြိုး သာယာ အေးချမ်း၍ တိုးတက်သော နိုင်ငံ ၊ ကိုယ်ကျင့် တရား ကောင်းမွန်၍ အများက အတုယူ ရသော နိုင်ငံ ဖြစ်ပေါ်လာရေး မြန်မာပြည်သား အားလုံးသည် လူငယ်များ၏ ကိုယ်ကျင့် တရား ကောင်းမွန် ခိုင်မာရေး ပြုစုပျိုးထောင် ထိန်းသိမ်း သွားကြရမည် ဖြစ်ကြောင်း ရေးသား လိုက်ရပေသည်။

( ၁-၁၂-၂၀၁၃ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...