စိတ်အလှဖြင့် လောကတစ်ခွင် အလှဆင်
အယ်ဒီတာ့အာဘော်
( ၁၁-၁၁-၂၀၁၃ )
သတ္တ လောကကြီး တွင် ဖြစ်ခြင်း တရားနှင့်
ပျက်ခြင်း တရားတို့သည် ထာဝစဉ် ဒွန်တွဲ နေသော်လည်း ပျက်မှန်း သိလျက် ပစ်ထားလျှင် သုံးစွဲမရ
ဖြစ်ကာ အမှိုက် ဘဝသို့ ကူးပြောင်း သွားပေလိမ့်မည်။ အချိန်မီ ပြုပြင် လိုက်သော် တစ်ခဏ
အတွင်းမှာပင် အကောင်း ပကတိသို့ ပြောင်းသွား နိုင်ပေသည်။ ထို့ကြောင့် ပျက်အစဉ် ပြင်ခဏ
ဟူသော စကားပုံသည် လူသားတို့ အတွက် သတိပေး ခေါင်းလောင်းပမာ ပေါ်ထွန်း လာခဲ့သည်။
သက်ရှိသက်မဲ့ တို့ ဖြစ်တည် လာသည့်နှင့်
အပျက်၏ လွှမ်းမိုးမှုကို မခံရ လေအောင် ပြုပြင်မှုဖြင့် ကာကွယ် ရမည် ဖြစ်သည်။ ပျက်စီးခြင်း
တာမကျိုး စေရန် ပြုပြင်မှု အုတ်တံတိုင်းဖြင့် ကာဆီး ရမည်။ သို့မှသာ အပျက် အညစ် အဟောင်း
ဘဝမှ အသစ် အကောင်း အဖြစ်သို့ ဖန်တီး နိုင်မည် ဖြစ်သည်။ ဤသည်ကို ပျက်အစဉ် ပြင်ခဏ ဟူသော
စကားပုံက မီးမောင်းထိုး၍ အသိတရား အလင်းတန်းကို ပေးစွမ်းလျက် ရှိသည်။
သက်မဲ့ ပစ္စည်းသာ မဟုတ် သက်ရှိ လူသားတို့
သည်လည်း ပျက်စီး ယိုယွင်းခြင်း သင်္ခါရ သဘောတရား ကို မလွန်ဆန် နိုင်ချေ။ လောက၌ မမှားသော
ရှေ့နေ မသေသော ဆေးသမား မရှိသကဲ့သို့ အမှား မပြုခဲ့သူနှင့် မပျက်စီး ၊ မဆုံးရှုံးခဲ့သူ
အရေအတွက် နည်းပါး လှသည်။ သို့သော် အရေးကြီး သည်မှာ တစ်ဘဝတာ အမှားကို ဆက်၍ မမှားစေဘဲ
ပြုပြင်ခြင်း တည်းဟူသော တစ်ခဏတာ ကူးခပ်ခြင်းဖြင့် အောင်မြင်မှု ကမ်းဆီသို့ လှမ်းတက်
ကြရမည်ဖြစ် သည်။
နေပူရှိန် အောက်တွင် လမ်းလျှောက် သူသည်
ထီးနှင့် ဖိနပ်အမြဲ ပါသင့် သကဲ့သို့ လူ့လောက ခရီးလမ်းကို လျှောက်လှမ်း သူများသည် စိတ်စေတနာ
ကောင်းကို ခါးဝတ် ပုဆိုးပမာ စွဲမြဲစွာ ကျင့်ကြံ အပ်သည်။ စိတ်ကောင်း စိတ်မြတ် ဟူသည်
ကာယကံ ၊ ဝစီကံ ၊ မနောကံ တည်းဟူသော ကံသုံးပါး၏ ရှေ့ဆောင် လမ်းပြ ဖြစ်သည်။ လောဘ ၊ ဒေါသ
၊ မောဟ တို့ ကင်းဝေး ခြင်းသည် စိတ်အလှပင် ဖြစ်သည်။ စိတ်ကောင်း တစ်ခုကို အခြေပြု လိုက်သော
အခါ နှုတ်အသံ နှင့် ရုပ်သဏ္ဌာန် တို့သည်လည်း လှပ လာပေမည်။ ကောင်းမြတ်သော စိတ်စေတနာကို
မဏ္ဍိုင် ပြုသောကြောင့် ပြောသမျှမှန် ၊ ကြံသမျှဟုတ် ၊ လုပ်သမျှ အကျိုး ပေးသည်။ ထို့ကြောင့်
စိတ်အလှ သည် လောကတစ်ခွင် အလှဆင်လျက် ရှိသည်။
လောက၏ အကြောင်းအကျိုး ၊ အကောင်းအဆိုး
တို့သည် လောကသား များ၏ စိတ်ထား ပေါ်တွင် မူတည်ကြောင်း သုံးလောက ထွတ်ထား မြတ်စွာ ဘုရားက
မိန့်ကြား ခဲ့သည်မှာ '' စိတ်သည် လောကကို ဖန်တီးတည် ဆောက်ပေး၏ '' ဟူ၍ မိန့်ကြား တော်မူခဲ့သည်။
လောကတစ်ခွင် သာယာ ရွှင်ကြည်မှု ကို တည်ဆောက် နိုင်ရန်မှာ လူသားတိုင်းက ဟုတ်သည့် အကြံ
၊ မှန်သည့်အကျင့် ၊ သင့်သောအယူ ၊ ဖြူသောနှလုံး ၊ သူတော်ထုံး ကို ကျင့်သုံး ကြရမည် ဖြစ်သည်။
သို့ဖြစ်၍ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး
အတွက် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက် နေချိန်တွင် တည်ငြိမ် အေးချမ်းရေး၏
တန်ဖိုးကို ယုတ်လျော့ စေသော အစွန်းရောက် သဘောထား များနှင့် အစွဲများကို ပယ်ဖျောက်ကာ
သဟဇာတ ရှိသော လူ့အဖွဲ့အစည်း တည်ဆောက် ကြရမည် ဖြစ်ကြောင်း တိုက်တွန်း နှိုးဆော်လိုက်
ရပါသည်။ ။

No comments:
Post a Comment