လူမှု ပတ်ဝန်းကျင် အတွက် တိုက်ဖျက် ရမည့်
" ကွမ်းယာ "
လွမ်းခေါင်(ရူပဗေဒ)
ရှေးခေတ် မြန်မာလူမျိုး များအား ကွမ်း
၊ ဆေး ၊ လက်ဖက် ဆိုသော ဧည့်သည်လာရင် တလေးတစား နဲ့ ဧည့်ခံတာမျိုး ရှိတတ် ပါတယ်။ ဒါဟာ
ကျန်းမာရေး ဗဟုသုတ နည်းပါးတာရယ် ၊ ခေတ်မီ ဓာတ်ခွဲ စမ်းသပ် သုတေသန ပြုထားတဲ့ ကွမ်းစား
၊ ဆေးလိပ်သောက် ခြင်းရဲ့ ဆိုးကျိုးတွေကို မသိကြလို့ပဲ ဖြစ်ပါတယ်။ အဲဒီ အထဲက အခု တင်ပြမှာ
ကတော့ ကွမ်းစားခြင်း ကြောင့် ရရှိနိုင်တဲ့ ဆိုးကျိုး အန္တရာယ် တွေပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ
ကွမ်းစားခြင်း ကို စက်ရုံ ၊ အလုပ်ရုံ ၊ ကျောင်း ၊ ဆေးရုံ ၊ ကုမ္ပဏီ ၊ ယာဉ်ရထား များပေါ်
အပါအ၀င် နေရာမျိုးစုံမှာ အရွယ် မျိုးစံသော စားသုံးသူ များက စားသုံး နေကြတာကို တွေ့နိုင်ပါတယ်။
၁၂ နှစ် ၊ ၁၃ နှစ် လူငယ် ကလေးတွေ က အစ ကွမ်းယာ စားသုံး လာကြတာကို နေရာတိုင်း မှာ မြင်တွေ့
နေရမှာ ဖြစ်ပါတယ်။
ကွမ်းစားသုံးခြင်း ဟာ ခန္ဓာကိုယ် အတွက်
အာဟာရလည်း မဖြစ်နိုင် တာမို့ ဘာဖြစ်လို့ စားတာလည်း လို့ ပတ်ဝန်းကျင်က နီးစပ်သမျှ လူတွေကို
မေးမြန်း ကြည့်ရာမှာ တော့ ခံတွင်းချဉ်လို့ ၊ ပါးစပ်အနံ့ဆိုး မထွက်အောင် လို့ စားသုံး
ကြတာပါ လို့ ပြောကြတယ်။ လူငယ်တွေ အနေနဲ့ ကတော့ စမ်းသပ် ကြည့်ချင်လို့ ၊ သူတို့ အားကျတဲ့
သရုပ်ဆောင်တွေ ကွမ်းစားတာ ၊ ဆေးလိပ် သောက်တာ ကြည့်ပြီး လိုက်စား ၊ လိုက်သောက် ကြည့်ကြတယ်။
တချို့ကတော့ စိတ်က တောင်ရောက် မြောက်ရောက်နဲ့ မဖြစ်အောင် ကွမ်းဝါးလိုက် ၊ ထွေးလိုက်နဲ့
အလုပ် လုပ်ရာမှာ စိတ်မပျံ့လွင့် အောင်လို့ ဆိုကြတယ်။ တချို့က သူငယ်ချင်း တွေ ဆွဲဆောင်လို့
၊ အလုပ်လုပ်ရင်း ၊ ကားမောင်းရင်း အိပ်ချင်ပြေ အောင်လို့ ၊ အဘိုး ၊ အဘွားတွေရဲ့ ကွမ်းအစ်
ကနေ နှိုက်စားရင်း အကျင့် ဖြစ်သွားလို့ ဆိုတဲ့ ခိုင်လုံတဲ့ အကြောင်း ပြချက် မရှိဘဲ စားသုံး
နေကြတာ တွေ့ရပါတယ်။ ယနေ့ ကျွန်တော်တို့ နိုင်ငံဟာ ကွမ်းစားသုံး မှုမှာ အိမ်နီးချင်း
နိုင်ငံတွေထက် ကို စားသုံးသူ ပိုမိုများပြား လာနေသလို ကွမ်းစားသုံးမှု အများဆုံး နိုင်ငံ
တွေထဲမှာ ထိပ်ဆုံးကို ရောက်နေပြီ ဆိုတာ ပြောလို့ ရနိုင်ပါတယ်။
ကွမ်းစားခြင်း ကြောင့် ဖြူစင် တောက်ပ
နေတဲ့ သွားတွေဟာ ပျက်စီးလွယ် ၊ ကျိုးလွယ်ပြီး သွားတွေ မည်းညစ် နေတဲ့အတွက် အလွန်ကို
အကြည့်ရ ဆိုးစေပါတယ်။ ရုပ်ရည်ကို လက်ရှိ အသက်ထက် ပိုမိုရင့်ရော် စေနိုင်ပြီး စောစီးစွာ
ပါးရေတွန့်ခြင်း ၊ မျက်နှာ အရေး အကြောင်းများ ဖြစ်ပေါ်ခြင်း တို့ကို ဖြစ်ပေါ် စေနိုင်ပါတယ်။
ကွမ်းစားခြင်း ကြောင့် ပတ်ဝန်းကျင် ညစ်ပတ် ပေရေစေတာ ကိုလည်း တွေ့နိုင် ပါတယ်။ ကျွန်တော်တို့
နိုင်ငံမှာ ကွမ်းယာဆိုင် များကို မြန်မာနိုင်ငံ အနှံ့အပြား လမ်းဆုံလမ်းခွ လူစည်ကားရာ
နေရာတိုင်းမှာ တွေ့နိုင် ပါတယ်။ ကွမ်းယာဆိုင် များမှာ ကွမ်းယာကို အချို ၊ အဆိမ့် ၊
ဆေးပါတဲ့ ကွမ်းယာ ဆိုပြီး ရောင်းကြ ပေမဲ့ ဆိုင်းတိုင်း ကတော့ သုံးမျိုးလုံး မရောင်းဘဲ
ဆေးပါတဲ့ ကွမ်းယာကိုသာ ရောင်းကြတာ တွေ့နိုင် ပါတယ်။ ဆေးရွက်ကြီး ကို အရက် ၊ ပျားရည်
၊ မန်ကျည်းမှည့် တွေနဲ့ နှပ်ထားတဲ့ ဆေးပေါင်း ၊ အိမ်နီးချင်း နိုင်ငံ တွေက သွင်းလာတဲ့
ကွမ်းစားဆေး မျိုးစုံဖြစ်တဲ့ နိုင်တီတူး ၊ ဖိုတီဖိုက် ၊ ဆစ်ဂနယ် ဆေးပြင်း တွေကိုပါ
ထည့်ပြီး စားသုံး နေကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကွမ်းစားဆေး ထဲမှာပါတဲ့ ဆေးရွက်ကြီး
ဟာ နီကိုတင်း ၊ အမိုးနီးယား ၊ ဘင်ဇိုင်း ၊ ဆိုင်ယာနိုက် ၊ ကာဗွန်မို နော့ဆိုက် ၊ ကာဗွန်ဒိုင်
အောက်ဆိုက် ၊ ကတ္တရာဓာတ် စတဲ့ အန္တရာယ် ရှိတဲ့ ဓာတ်ပစ္စည်း မျိုးစုံ ပါဝင်တဲ့ အပြင် ကွမ်းကို
ငုံထားတတ် ကြတဲ့ အတွက် သွားဖုံးကင်ဆာ ဖြစ်ပွားမှု ကိုလည်း မြင့်မား လာစေ ပါတယ်။
ကွမ်းစားခြင်း ကြောင့် ခံတွင်းထဲရှိ
သွေးကြော တွေထဲကို အဆိပ် အတောက် ဖြစ်စေတဲ့ ဓာတ်ပစ္စည်း တွေ အလွယ်တကူ ၀င်ရောက် သွားတဲ့
အတွက် သွေးကြောကျဉ်း ရောဂါ ၊ သွေးတိုး ရောဂါ ၊ နှလုံးရောဂါ ၊ လေတစ်ခြမ်း ဖြတ်ခြင်း
၊ မျက်စိ အာရုံကြော ပျက်နိုင်ခြင်း ၊ မျက်စိ မှုန်ခြင်း ၊ ပါး ၊ ပါးစောင် ၊ သွားဖုံး
၊ လည်ချောင်း ၊ လျှာကင်ဆာတွေ ဖြစ်နိုင် ပါတယ်။ မှိုတက်နေတဲ့ ဆေးရွက်ကြီး နဲ့ ကွမ်းသီး
တွေကို စားသုံးခြင်း ကြောင့်လည်း အသည်းရောင် အသားဝါ ရောဂါ ၊ လေထိုး လေအောင့် ရောဂါ
၊ ပန်းနာရင်ကျပ် ရောဂါ ၊ ဆီးအိမ် ကင်ဆာရောဂါ တွေဖြစ်နိုင်တဲ့ အပြင် ကွမ်းစားတဲ့ ကိုယ်ဝန်ဆောင်
မိခင်တွေမှာ သန္ဓေသားကို ထိခိုက် တဲ့အတွက် အန္တရာယ် ဖြစ်နိုင် ပါတယ်။
ကွမ်းမှာပါတဲ့ ဘင်ဇိုင်းကြောင့် အကြောတက်ခြင်း
၊ ချွေးစေး ပြန်ခြင်း ၊ ပါးစပ် ၊ ဆီး ၊ ချွေးများ အနံ့ဆိုး ထွက်ခြင်း ၊ နားလေးခြင်း များပါ ဖြစ်စေနိုင် ပါတယ်။ ထို့အပြင်
ကွမ်းစားထုံး ကြောင့် သွားတွေ ပွန်းပဲ့ကျိုးလွယ် တတ်ခြင်း ၊ သွားကိုက် သွားနာ ဖြစ်ခြင်း
၊ လျှာထူပြီး တော်ရုံ အရသာကို မခံစား တတ်ခြင်း ၊ အငန်ပိုစား ဖြစ်၍ သွေးတိုး ရောဂါကို
ဖြစ်စေနိုင်ခြင်း ဆိုတဲ့ ဆိုးကျိုးတွေ ရလာနိုင် ပါတယ်။ ကွမ်းစားသုံး ခြင်းဟာ လူထု လူတန်းစား
မရွေး ဈေးနှုန်း သင့်တင့်စွာနဲ့ အလွယ်တကူ ဝယ်ယူ စားသုံးနိုင်ခြင်း ကြောင့်လည်း ကွမ်းစားသုံးမှု
နှုန်း မြင့်မား လာနေတယ် လို့ ပြောနိုင် ပါတယ်။ ယခင်က အသက် ၄ဝ ကျော် ဝန်းကျင် တွေသာ
သွားဖုံးကင်ဆာ ဖြစ်ပွားမှု တွေ့ရှိ ရသော်လည်း ယခုအခါ ကွမ်းစားခြင်း ကြောင့် အသက် ၂၅
နှစ်မှ ၃ဝ ဝန်းကျင် တွေပါ ဖြစ်ပွား နေကြောင်း တွေ့ရှိ ရပါတယ်။
ဒါကြောင့် မိသားစု ကျန်းမာရေး အတွက်
ရောဂါဝေဒနာ များမှတစ်ပါး ဘာကောင်းကျိုးမှ မပေးနိုင်တဲ့ ကွမ်းစားခြင်း ဟာ ငွေကုန် ကြေးကျများခြင်း
၊ မိသားစုဝင်ငွေ ထိခိုက်ခြင်း ၊ ခန္ဓာကိုယ် အတွက် အာဟာရ မဖြစ်ခြင်း ၊ ပတ်ဝန်းကျင် ညစ်ညမ်းခြင်း
၊ အရွယ်မတိုင်မီ အိုမင်း ရင့်ရော်ခြင်း လူ့ အသိုင်းအဝိုင်း အကြား အထင်သေး ခံရခြင်းတွေပဲ
ကိုယ့်အတွက် ရလာနိုင်တဲ့ ကွမ်းစားခြင်း ဓလေ့ဆိုးကို အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ်
သတ်မှတ်ကာ ဝိုင်းဝန်း တားမြစ် ကြဖို့ အချိန်တန်ပြီ လို့သာ တိုက်တွန်း ရေးသား လိုက်ရပါတယ်
။


No comments:
Post a Comment