Social Icons

Pages

Tuesday, May 7, 2013

သက်ကြီးရွယ်အို များအား အပတ်စဉ်တိုင်း ဆေးဝါးအခမဲ့ ကုသပေးလျက်ရှိ



မုံရွာ ၊ ၇-၅-၂၀၁၃

အသက်ရှည်ရှည် နေနိုင်ခြင်းသည် လူ့ဘ၀ အတွက် အနှိုင်းမဲ့သော ဆုလာဘ်ပင် ဖြစ်သည်။ " အာရောဂျံ ပရမံ လာဘံ " ကျန်းမာခြင်း သည် လာဘ်ကြီး တစ်ပါး ဖြစ်သည်။ ကျန်းမာခြင်း ၏ တန်ဖိုးကို မကျန်းမာသော အချိန်တွင် ပိုမို သိရှိ နိုင်ပေသည်။ ထို့အတူ သက်ကြီးရွယ်အို များအနေဖြင့် လည်း မကျန်းမာ သည့် အခါတွင် ပိုမို နားလည်နိုင် ပေသည်။ အသက်ကြီး လာလျှင်လည်း ကြင်နာ ယုယမှုကို ခံယူ လိုကြ သကဲ့သို့ ငယ်ရွယ်သူများ အနေဖြင့်လည်း ကြင်နာ ယုယစွာ ပြုစု စောင့်ရှောက်ရန် လိုအပ်ကြောင်း သိရသည်။

ထိုသို့ သက်ကြီးရွယ်အို အဘိုးအဘွား များ၏ ကျန်းမာရေး ကို စောင့်ရှောက် နိုင်ရန် အတွက် စစ်ကိုင်းတိုင်း ဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဒီပဲယင်း မြို့တွင် အသက် ၆၀ နှစ်နှင့် အထက် ရဟန်း ၊ သံဃာ ၊ အဘိုး နှင့် အဘွား များကို မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာန တို့ ပူးပေါင်းကာ အပတ်စဉ် ဗုဒ္ဓဟူး နေ့တိုင်း မြို့နယ် မိခင် နှင့် ကလေး စောင့်ရှောက်ရေး အသင်းရုံးတွင် ကုသ ပေးလျက် ရှိရာ မေလ ၃ ရက်နေ့ နံနက် ၉ နာရီတွင်လည်း ကျန်းမာရေး စောင့်ရှောက် မှုများ ဆောင်ရွက် ပေးခဲ့သည်။ ထိုသို့ ကုသ ပေးစဉ် မြို့နယ် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ အောင်ကျော်ဝင်း က သက်ကြီးရွယ်အို များတွင် ဖြစ်ပွားတတ်သော သွေးတိုး ၊ ဆီးချို ၊ နှလုံး ၊ ပန်းနာရင်ကြပ် ရောဂါ စသော အထွေထွေ ရောဂါများကို အပတ်စဉ် ကုသပေးလျက် ရှိကြောင်း ၊ အဆိုပါ ရောဂါ များနှင့် ပတ်သက်ပြီး ရှောင်ရန် ၊ ဆောင်ရန် များကို အသိပညာပေး ဟောပြောကာ လိုအပ်သော ကျန်းမာရေး စစ်ဆေးမှု များကို ဆောင်ရွက်ကာ ကုသပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။ အဆိုပါ အခမဲ့ ဆေးကုသ ပေးရာသို့ သက်ကြီး ရဟန်း ၊ သံဃာ ၊ အဘိုး နှင့် အဘွား ၉၀ ဦးတို့ လာရောက် ဆေးကုသမှု ခံယူ ခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...