-
ရန်ကုန် ဒီဇင်ဘာ ၁၈
-
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်တို့ရှိ စပါးစိုက် တောင်သူ လယ်သမားများအတွက် ရာသီဥတုညွှန်းကိန်း အခြေပြု သီးနှံအာမခံ အကာအကွယ် တစ်နှစ်စမ်းသပ်စီမံကိန်းကို ၂ဝ၁၉ ခုနှစ် မိုးရာသီတွင် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းရုံး(ရန်ကုန်) မှသိရသည်။ တောင်သူများအတွက် သီးနှံအကာအကွယ် ဆောင်ရွက်ပေးနိုင်ရေး MoU လက်မှတ်ရေးထိုးပွဲကို ယနေ့တွင် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ မြန်မာ့အာမခံလုပ်ငန်း ရုံးခန်းမ၌ ကျင်းပရာ ဂျပန်နိုင်ငံ SOMPO ဂြိုဟ်တုနည်းပညာ၏ မိုးရေချိန်လက်မ တိုင်းတာရေး စံသတ်မှတ်ချက်အတိုင်း ဆောင်ရွက်နိုင်ရေးကို မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦး၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် ဂျပန်နိုင်ငံ SOMPO မှ မြန်မာပြည် ကိုယ်စားလှယ် Mr. Keiji Okada တို့က လက်မှတ်ရေးထိုးကြသည်။
-
ထိုရာသီဥတုညွှန်းကိန်း အခြေပြု သီးနှံအာမခံစနစ်ကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီမှ မတ်လအတွင်း မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် ထုတ်ချေးမည်ဖြစ်သည်။ယင်းအချိန်တွင် အာမခံအကာအကွယ်အား ထည့်ပေး မည်ဖြစ်သည်။ နစ်နာကြေးအဖြစ် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာနှင့် အောက်တိုဘာလတို့တွင် သတ်မှတ်ထားသော မိုးရေချိန်တစ်ခုကို ပေးမည်ဖြစ်သည်။ ထိုမိုးရေချိန် လက်မအောက် လျော့နည်းပြီး ရရှိမည်ဆိုလျှင် အာမခံနစ်နာကြေး အကျိုးခံစားခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
-
အာမခံထားရှိသူ တောင်သူများအတွက် ဇူလိုင်လနှင့် သြဂုတ်လကို ပထမကာလ သတ်မှတ်ထားပြီး စက်တင်ဘာလနှင့် အောက်တိုဘာလကို ဒုတိယကာလအဖြစ် သတ်မှတ်ထားသည်။ ယင်းတွင် ရွှေဘိုမြို့နယ်အတွက် ဂျပန်နိုင်ငံ SOMPO ၏ ဂြိုဟ်တုမှ ရရှိသော မိုးရေချိန် ၁၁၂ မီလီမီတာကို လက်မသတ်မှတ်ပြီး ပထမကာလ စံနှုန်းသတ်မှတ်ကာ ယင်းမိုးရေချိန်အောက် လျော့နည်းလျှင် အာမခံထားငွေ တစ်ဧက ငွေကျပ်တစ်သိန်းခွဲ၏ ၂ဝ ရာခိုင်နှုန်း ငွေကျပ်သုံးသောင်းကို အကျိုးခံစားခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
-
ဒုတိယကာလအတွက် မိုးရေချိန် ၁၁၄ မီလီမီတာကို လက်မသတ်မှတ်ပြီး ယင်းအောက် ရောက်ရှိလျှင် ၃ဝ ရာခိုင်နှုန်း ငွေကျပ် လေးသောင်းခွဲ အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပြီး နှစ်ခုပေါင်းဖြစ်ပေါ်လျှင် ငွေကျပ်ခုနစ်သောင်းခွဲ ရရှိမည်ဖြစ်သည်။ နောက်ပိုင်းကာလများတွင် မိုးခေါင်အာမခံအပြင် ရေကြီးနစ်မြုပ် ပျက်စီးမှုများပါ အာမခံ အကာအကွယ် ပေးမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment