Pages

Thursday, December 20, 2018

မိတ္ထီလာမြို့ ပေါက်ချောင်းပျံကျဈေး မိုးလုံကွန်ကရစ်ခင်း ဈေးဆိုင်ခန်း နေရာများကို မဲစနစ်ဖြင့် ချပေး

မိတ္ထီလာမြို့ ပေါက်ချောင်းပျံကျဈေး မိုးလုံကွန်ကရစ်ခင်း ဈေးဆိုင်ခန်း နေရာများကို မဲစနစ်ဖြင့် ချပေး
-
မိတ္ထီလာ  ဒီဇင်ဘာ  ၁၉ 
-
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် စည်ပင်သာယာရေး ဌာနမှ ပေါက်ချောင်းပျံကျဈေး မိုးလုံကွန်ကရစ်ခင်း ဈေးဆိုင်ခန်းနေရာများကို ပြန်လည်နေရာ ချပေးနိုင်ရေး ယမန်နေ့ မွန်းလွဲပိုင်းက  ကန်တော်မင်္ဂလာခန်းမ၌ မဲစနစ်ဖြင့် ဆိုင်ခန်းနေရာများ ချထားပေးခြင်း အခမ်းအနား ကျင်းပသည်။ မိတ္ထီလာမြို့နယ် ပေါက်ချောင်းပျံကျဈေးကို အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ ဈေးသည်များအား ပြန်လည် နေရာချထားနိုင်ရေး အတွက် ပျံကျဈေးအတွင်း ရောင်းချလျက်ရှိသည့် ကုန်ခြောက်ရောင်းချသူ ၆၃ ဦး၊ ကုန်စိမ်းရောင်းချသူ ၈ဝ ဦး၊ ပန်းသည် ၂၁ ဦး၊ စားသောက်ကုန် ရောင်းချသူ ၄၄ ဦး၊ စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချသူ ၁၈ ဦး၊ အထည်၊ ဖိနပ်ရောင်းချသူ ၁၄ ဦးနှင့် အသားငါးရောင်းချသူ ၆၆ ဦး စုစုပေါင်း ၃ဝ၆  ဦးတို့ကို ကန်တော်မင်္ဂလာ ခန်းမ၌ တွေ့ဆုံပြီး မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင် အရာရှိတို့က ပေါက်ချောင်းပျံကျဈေး ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 
-
ထို့နောက် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်တစ်ဦးက ဈေးခင်းကျင်း ရောင်းချမည့် ပုံစံများကို ရှင်းလင်းပြောကြားပြီး ပေါက်ချောင်း ပျံကျဈေးအတွင်း ရောင်းချလျက်ရှိသည့် ဈေးသည်များကို အုပ်စုအလိုက်ခွဲ၍ မဲစနစ်ဖြင့် ဆိုင်ခန်းနေရာများအား ရွေးချယ်ပြီး ဒီဇင်ဘာ ၂ဝ ရက်တွင် ဆိုင်ခန်းနေရာ အပြီး ပြန်လည်ရွှေ့ပြောင်း ရောင်းချရမည်ဖြစ်သည်။ 
-
အဆိုပါပေါက်ချောင်းပျံကျဈေး၌ ဈေးသည် ၃ဝ၆ ဦး ရောင်းချလျက်ရှိသည့် အသားငါးဆိုင်များ၊ ကုန်စိမ်းဆိုင်များ၊ ကုန်ခြောက်ဆိုင်များနှင့် စားသောက်ဆိုင်များမှာ ရောထွေးလျက် ရှိခြင်းကြောင့် ဈေးသည်များနှင့် ဈေးဝယ်ပြည်သူများ သွားလာဝယ်ယူ ရောင်းချရာတွင် အဆင်မပြေမှုများရှိ၍ ၎င်းဈေးသည်များ ရောင်းချလျက်ရှိသည့် ဆိုင်နေရာများ စနစ်တကျဖြစ်အောင် နေရာချထားပေးနိုင်ရန်နှင့် မိုးလုံကွန်ကရစ်ခင်း ပျံကျဈေးဆိုင်ခန်းများဖြစ်စေရန် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဖြည့်စွက် ရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးက တာဝန်ယူကာ မိုးလုံကွန်ကရစ်ခင်း ပျံကျဈေးဆိုင်ခန်းများ တည်ဆောက်ပေးခြင်း ဖြစ်သည်။ 
-
ထို့ပြင် ဈေးသည်များ၊ ဈေးဝယ်များ သွားလာရ အဆင်ပြေစေရေး ပလက်ဖောင်းခင်းခြင်း လုပ်ငန်း၊ ဈေးပတ်လည်၌ ရေဆိုးရေညစ်များ ထွက်ရှိနိုင်စေရေး ရေမြောင်းတည်ဆောက်ခြင်း လုပ်ငန်းများကို ဧပြီ ၂၅ ရက်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ   ပျံကျဈေးအဆင့်မြှင့်တင်ခြင်း  လုပ်ငန်းများပြီးစီး၍  အသားငါးဆိုင်များ၊ ကုန်စိမ်းဆိုင်များ၊ ကုန်ခြောက်ဆိုင်များနှင့် စားသောက်ဆိုင်များကို အုပ်စုအလိုက် မဲစနစ်ဖြင့် နေရာများ ပြန်လည်ချပေးခြင်းဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေး အဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment