Pages

Wednesday, December 19, 2018

မြန်မာနိုင်ငံသား အများအပြား သွားရောက် လုပ်ကိုင်နေကြသည့် ဒေသတွင်းနိုင်ငံများ၏ အစိုးရများနှင့် ဆွေးနွေး ညှိနှိုင်းကာ မြန်မာရွှေ့ပြောင်း လုပ်သားများ၏ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်မှု မြှင့်တင်ပေးလျက်ရှိ

မြန်မာနိုင်ငံသား အများအပြား သွားရောက် လုပ်ကိုင်နေကြသည့် ဒေသတွင်းနိုင်ငံများ၏ အစိုးရများနှင့် ဆွေးနွေး ညှိနှိုင်းကာ မြန်မာရွှေ့ပြောင်း လုပ်သားများ၏ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်မှု မြှင့်တင်ပေးလျက်ရှိ
-
နေပြည်တော်  ဒီဇင်ဘာ  ၁၈
-
ယနေ့ကျင်းပသည့်  အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားကို ကျင်းပရသည့် ရည်ရွယ်ချက်မှာ   ရွှေ့ပြောင်းသွားလာ နေထိုင်လုပ်ကိုင်နေကြသည့်  မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကြုံတွေ့ခံစားနေကြ ရသည့် အခြေအနေများ၊ ၎င်းတို့၏ အခွင့်အရေးများနှင့်  လူမှုအကျိုးစီးပွားများကို  ကာကွယ်မြှင့်တင်နိုင်ရေးအတွက်  နိုင်ငံတော် အစိုးရနှင့် မိတ်ဖက် အဖွဲ့အစည်းများ၏  ကြိုးပမ်းအားထုတ် ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင် ရွက်သွားမည့် အစီအမံများကို  အများပြည်သူ သိရှိစေနိုင်ရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ယနေ့နံနက်  ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည့် ၂ဝ၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့(International Migrants Day) အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
-
ဒုတိယသမ္မတက  ဆက်လက်ပြောကြားရာတွင်   အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း အလုပ်သမားများနှင့် ပတ်သက်၍ ၂ဝဝဝ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် (၅၅)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ဒီဇင်ဘာ ၁၈  ရက်ကို  ''နိုင်ငံတကာ ရွှေ့ပြောင်း သွားလာသူများနေ့''အဖြစ်  သတ်မှတ်ကာ နိုင်ငံအလိုက် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် အဆိုပါ အခမ်းအနားကို ကျင်းပခဲ့သည်မှာ ယခုဆိုလျှင် သတ္တမအကြိမ် တိုင်ခဲ့ပြီဖြစ်ကြောင်း။ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် လူဦးရေတိုးတက်မှုနှုန်း မတူညီခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း၊ လုပ်သား အင်အားနှင့် လုပ်အားခမညီမျှခြင်း၊ သဘာဝ ဘေးအန္တရာယ် ကျရောက်ခြင်း၊  လူသား များကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများနှင့် လူမှုစီးပွား အကျပ်အတည်းများ၏   တွန်းအားရှိနေခြင်း၊  ဖွံ့ဖြိုး တိုးတက်လာသည့် သတင်း၊ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး နည်းပညာများကို လွယ်လင့်တကူ ရယူ အသုံးပြုနိုင်ခြင်းများကြောင့် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းများသည် ကမ္ဘာအနှံ့၊ နိုင်ငံအနှံ့ တိုးပွားပျံ့နှံ့လျက်ရှိနေကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ လူခုနစ်ဦးတွင်  တစ်ဦးသည် ရွှေ့ပြောင်းသွားလာ နေထိုင်ကြသူများ ဖြစ်သည်ဟု သိရှိရကြောင်း။
-
မြန်မာနိုင်ငံအနေဖြင့်  စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အခြေခံကောင်းများ ရှိနေသော်လည်း ကာလရှည်ပြည်တွင်း ပဋိပက္ခများနှင့် သဟဇာတ မရှိမှုများကြောင့်  အလုပ်အကိုင် အခွင့်အလမ်းဖန်တီးမှုများ မလုံလောက်သဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်သည့် ပြည်ပနိုင်ငံများသို့ မြန်မာနိုင်ငံသား နှစ်သန်းကျော်သည် သွားရောက်ရွှေ့ပြောင်း နေထိုင်လုပ်ကိုင်လျက် ရှိနေကြကြောင်းကို ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ သိရှိရကြောင်း၊ ၎င်းတို့၏ မိသားစု လွှဲပို့ငွေသည် ၂ဝ၁၆ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၃၉၅ သန်းခန့်ရှိပြီး ၂ဝ၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၇ဝဝ ခန့်ရှိနေကြောင်းကို ကမ္ဘာ့ဘဏ်၏ ၂ဝ၁၇ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်ကို သိရှိရကြောင်း။ Globalization  ဖြစ်စဉ်နှင့်အညီ ကမ္ဘာအနှံ့ ရွှေ့ပြောင်းသွားလာမှုသည် ဆက်လက်တိုးပွား ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့မြင်ရပြီး ရွှေ့ပြောင်း အလုပ်သမားများသည် မူရင်းနိုင်ငံနှင့် လက်ခံနိုင်ငံတို့၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အထောက်အကူပြုလျက်ရှိကြောင်း၊နိုင်ငံတကာ၌ ရွှေ့ပြောင်း အလုပ်သမားများသည်  အခြေခံအခွင့်အရေးနှင့် ဝန်ဆောင်မှုများကို အနိမ့်ဆုံး အဆင့်ဖြင့်သာ ခံစားခွင့်ရရှိနေကြပြီး ခြိမ်းခြောက် အနိုင်ကျင့်ခံရခြင်း၊ ဆိုးရွားစွာ အကြမ်းဖက်ခံရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ အလေးထားမှုနှင့်   တန်ဖိုးထားမှု မခံရခြင်း   စသည်တို့ကို တွေ့ကြုံခံစားရလျက် ရှိကြောင်း။
-
ရွှေ့ပြောင်းသွားလာသူများ အနေဖြင့် ရွှေ့ပြောင်းသွားလာခြင်း မပြုမီကတည်းက သွားရောက်မည့် ဒေသနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များနှင့်  ကုန်ကျမည့်စရိတ်အတွက် ရှာဖွေစုဆောင်းခြင်းတို့ ပြုလုပ်ကြရမည့် အပြင်   မိမိလုပ်ကိုင်မည့် အလုပ်များအတွက် လိုအပ်သည့် ကျွမ်းကျင်မှုများ၊ ဘာသာစကားအခြေခံများနှင့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းအစဉ်အလာများကို ပြည်ပသို့ မထွက်ခွာမီ လေ့လာသင်ယူကြရကြောင်း၊   ဖြတ်သန်းသွားရာ နေရာများတွင် လူအမျိုးမျိုး၊ အခြေအနေ အမျိုးမျိုးနှင့် တွေ့ကြုံရနိုင်သည့် အတွက် အခန့်မသင့်လျှင် ဒုက္ခအမျိုးမျိုးနှင့် ကြုံတွေ့ရနိုင်ကြောင်း။ ရွှေ့ပြောင်းသွားလာရသည့်လုပ်ငန်းစဉ် ကြမ်းတမ်းနိုင်သော်လည်း ပါဝင်ပတ်သက်ကြသည့် သက်ဆိုင်သော အဖွဲ့အစည်းများ အားလုံးအနေဖြင့် လူသားချင်းစာနာစွာ စနစ်တကျ စီမံခန့်ခွဲမည်ဆိုပါက ရွှေ့ပြောင်းသွားလာသူများ အပါအဝင် လူ့အသိုက်အဝန်း တစ်ခုလုံးကို အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ပြီး ဆင်းရဲမှုကို လျော့ကျစေနိုင်ခြင်း၊ အလုပ်လက်မဲ့ပြဿနာ ကို ဖြေရှင်းပေးနိုင်ခြင်း၊ လွှဲပို့ငွေများဖြင့် မိသားစုဝင်ငွေနှင့် တိုင်းပြည်၏ နိုင်ငံခြားဝင်ငွေ တိုးတက်စေနိုင်ခြင်း၊ ကျွမ်းကျင်မှုနှင့်  အရင်းအနှီး စုဆောင်းမိနိုင်ခြင်း၊ တီထွင်ဖန်တီးမှုနှင့် စွန့်စားလုပ်ကိုင်တတ်သည့် အလေ့အထနှင့် ကြိုးစား အားထုတ်တတ်သည့် လူမှုအသိုက်အဝန်းဖြစ်လာစေရေးကို  အထောက်အကူဖြစ်စေခြင်း စသည့်ကောင်းကျိုးများကို    ဖြစ်ထွန်းစေကြောင်း။
-
ရွှေ့ပြောင်းသွားလာသူများ လုံခြုံစိတ်ချရသည့် ရွှေ့ပြောင်း သွားလာနေထိုင်မှု  Safe Migration ဖြစ်စေရန်အတွက် အားလုံးက ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးရန်နှင့် စနစ်တကျစီမံခန့်ခွဲရန် လိုအပ်မည်ဖြစ်ကြောင်း၊  ထိုသို့ လုပ်ဆောင်ရာတွင် ဝန်ကြီးဌာန တစ်ခုတည်း၊ တစ်နိုင်ငံတည်း ဖြေရှင်းခြင်းထက် ဝန်ကြီးဌာန ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာနိုင်ငံများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းများရှိမှသာ ထိရောက်အကျိုးရှိနိုင်မည်ဟု ယုံကြည်ကြောင်း။ ကုလသမဂ္ဂအဖွဲ့ကြီးက ''ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ၂ဝ၃ဝ လုပ်ငန်း အစီအစဉ် (UN 2030 Agenda)'' ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ''မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း    (Myanmar Sustainable Development Plan- MSDP)'' ကို အာဆီယံ၏ ကတိကဝတ်များ၊ ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးမှု ရည်မှန်းချက်ပန်းတိုင် များနှင့်အညီ  ဘက်စုံဖွံ့ဖြိုးမှု စီမံချက်တစ်ခုအနေဖြင့် ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများ ကဏ္ဍစုံ ပါဝင်နိုင်မည့် မူဘောင်တစ်ခုအနေဖြင့် ဆောင်ရွက်နေကြောင်း။ မြန်မာနိုင်ငံအနေဖြင့်  ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပခဲ့သည့် (၃၁)ကြိမ်မြောက် အာဆီယံ အစည်းအဝေးတွင် ''ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံ သဘောတူညီချက်''ကို အာဆီယံနိုင်ငံများ၏ နိုင်ငံ့ ခေါင်းဆောင်များနှင့် အတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ အာဆီယံ သဘောတူညီချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံအစည်းအဝေးများတွင် ဆွေးနွေးခဲ့ကြရာ ၂ဝ၁၉ ခုနှစ်အတွင်း  တိုးတက်မှုများကို  အကဲဖြတ်ဆန်းစစ်နိုင်မည်ဖြစ်ကြောင်း။ 
-
ထို့ပြင် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းနှင့် စပ်လျဉ်း၍   ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးတွင် အကျိုးကျေးဇူး ရရှိစေရေးအတွက် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်မှ ၁၁ ရက်အထိ မော်ရိုကိုနိုင်ငံ၌ ကျင်းပခဲ့သော ကမ္ဘာလုံးဆိုင်ရာ အစည်းအဝေးတွင် ''လုံခြုံစိတ်ချရပြီး စနစ်ကျသည့် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းနှင့် စပ်လျဉ်းသည့်  ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် (Global Compact for Safe, Orderly  and Regular Migration - GCM)  ''ကို  အတည်ပြုချမှတ်ခဲ့ရာ မြန်မာနိုင်ငံ အနေဖြင့်လည်း အခြားသော နိုင်ငံများနှင့်အတူ သဘောတူညီချက် အတည်ပြုချမှတ်နိုင်ရေး အတွက် ပါဝင် ဆောင်ရွက်ခဲ့ကြောင်း။ အလုပ်သမား၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အနေဖြင့် ရွှေ့ပြောင်းသွားလာသူများနှင့်   နိုင်ငံတော်၏ အကျိုးဖြစ်ထွန်းစေရေးအတွက်   အလုပ်သမားများ ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ အမျိုးသား မူဝါဒများ ချမှတ်ခြင်းနှင့် အဆိုပါ မူဝါဒများကို အကောင်အထည်ဖော်နိုင်မည့် မဟာဗျူဟာများ၊ နည်းဗျူဟာများ ပါရှိသော ဒုတိယအမျိုးသား ငါးနှစ်တာစီမံချက် (၂ဝ၁၈-၂ဝ၂၂) ရေးဆွဲခြင်းကို သက်ဆိုင်ရာနိုင်ငံများ၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စနစ်တကျ စီမံခန့်ခွဲ လုပ်ဆောင်လျက် ရှိကြောင်း။
-
မြန်မာနိုင်ငံသား အများအပြား သွားရောက် လုပ်ကိုင်နေကြသည့် ဒေသတွင်းနိုင်ငံများ၏ အစိုးရများနှင့် ဆွေးနွေးညှိနှိုင်းကာ မြန်မာရွှေ့ပြောင်း လုပ်သားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်မှု မြှင့်တင်ပေးလျက် ရှိကြောင်း၊ အဆိုပါလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေကြသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်  လိုင်စင်ရပုဂ္ဂလိက အေဂျင်စီများနှင့် သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာများကို ဥပဒေ၊ ကျင့်ဝတ်များနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။ ယနေ့ကျင်းပသည့်  အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနား၏ ရည်ရွယ်ချက်နှင့်အညီ ရွှေ့ပြောင်းလုပ်သားများ လုံခြုံစိတ်ချရသည့်  ရွှေ့ပြောင်းသွားလာမှု ဖြစ်စေရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့်  လူသားချင်း စာနာထောက်ထားမှု မြှင့်တင်ရေး တို့ကို   ရွှေ့ပြောင်းအလုပ်သမားများ ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်နေမှု များကို ပိုမိုထိရောက်အောင် ဆောင်ရွက်ပြီး ရွှေ့ပြောင်း လုပ်သားများ၏ ဘဝလုံခြုံဖွံ့ဖြိုး တိုးတက်စေရေးနှင့်   နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင်  အထောက်အကူ ပြုနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက် သွားကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။ ထို့နောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
-
ယင်းနောက်     အခမ်းအနားအစီအစဉ် ''ဒုတိယပိုင်း'' ကို   ဆက်လက်ကျင်းပရာ ရွှေ့ပြောင်း အလုပ်သမားနှင့် ပတ်သက်သည့် လှုပ်ရှားဆောင်ရွက်မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။ ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အပြည်ပြည်ဆိုင်ရာ   ရွှေ့ပြောင်း သွားလာသူများနေ့နှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားသည်။ ထို့နောက် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း၏  Chief  of Mission ဖြစ်သူ Mr. Akio Nakayama က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ  နိုင်ငံတကာ အဖွဲ့အစည်း၏ ညွှန်ကြားရေးမှူးချုပ်တို့က ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။ ယင်းနောက် မြန်မာနိုင်ငံအတွက် ဆင်းရဲမှုလျှော့ချရေးနှင့် အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်ရေး အတွက် လူသားရွှေ့ပြောင်း သွားလာမှုကို မြှင့်တင်ခြင်းဆိုင်ရာ စီမံချက်မှ တွေ့ရှိချက်များကို အများပြည်သူတို့ သိရှိစေရန်အတွက် ဗီဒီယိုမှတ်တမ်းကို ပြသသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး၊ မိသားစုဝင်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးတို့တွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့သည့်  မြန်မာပြည်သား များအရေး   ပူးတွဲလှုပ်ရှားမှု ကော်မတီ၊  ဗန်ကောက်အခြေစိုက်  ရွှေ့ပြောင်းအလုပ်သမား ကွန်ရက်၊   ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်၊   ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းနှင့်  အလုပ်သမားဟစ်တိုင် တို့အား   ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများသည်   အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ် ပြခန်းများကို လှည့်လည်ကြည့်ရှု ခဲ့ကြသည်။
-
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊  ဦးသိန်းဆွေ၊  ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေးနှင့် ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့်  ဗိုလ်ချုပ် သန်းထွဋ်နှင့် ဦးကျော်မျိုး၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊  အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ   တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်း (INGOs) များမှ ကိုယ်စားလှယ်များ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်း (NGOs) များမှ ကိုယ်စားလှယ်များ၊  ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။             
-
(၅ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment