
-
စစ်တွေ ဒီဇင်ဘာ ၁၈
-
မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးံ H.E. Mr.Manjurel Karim Khan Chowdhury ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိပြီး ဓမ္မသုခကျောင်း တိုက် ဆရာတော်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌတို့နှင့် သီးခြားစီတွေ့ဆုံသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ဓမ္မသုခကျောင်းတိုက်သို့ သွားရောက်ပြီးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသောမနှင့် တွေ့ဆုံကာ သာသနာတော်ဆိုင်ရာများ မေးမြန်းလျှောက်ထားပြီး ဆရာတော်က ဗြဟ္မစိုရ်တရားလေးပါးကို ရှင်းလင်း ဟောကြားခဲ့သည်။
-
ထို့နောက် သံအမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နံနက် ၁၁ နာရီတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် လည်းကောင်း၊ မွန်းတည့် ၁၂ နာရီတွင် ရခိုင်ပြည်နယ် လွှတ်တော်အဆောက်အအုံ ဧည့်ခန်းမ၌ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် လည်းကောင်း တွေ့ဆုံသည်။
-
ထိုသို့တွေ့ဆုံစဉ် နယ်စပ်ဒေသများတွင် ကုန်သွယ်ရေးနှင့် စီးပွားရေး ကဏ္ဍများ ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ပူးပေါင်းဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ မွန်းလွဲပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ စစ်တွေမြို့ ချောင်းနွေမင်းဂံကျေးရွာရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရမှ ဆောက်လုပ် လှူဒါန်းထားသည့် မုန်တိုင်းဒဏ်ခံ အဆောက်အအုံ (Cyclone Shelter) ကို သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment