Pages

▼

Wednesday, December 19, 2018

၂ဝ၁၅ ခုနှစ် ရေကြီးနစ်မြုပ်ဒဏ်ခံ ကျေးရွာများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ရေစုပ်စက် လှူဒါန်း

၂ဝ၁၅ ခုနှစ် ရေကြီးနစ်မြုပ်ဒဏ်ခံ ကျေးရွာများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ရေစုပ်စက် လှူဒါန်း
-
ကလေး  ဒီဇင်ဘာ  ၁၈
-
၂ဝ၁၅ ခုနှစ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော ကျေးရွာများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်  အသုံးပြုနိုင်ရေး   ကမ္ဘာ့ဘဏ်ချေးငွေ အစီအစဉ်ဖြင့် ဝယ်ယူပေးခဲ့သည့် ရေစုပ်စက် အင်ဂျင်နှင့် ပန့်အစုံ ၆ဝ ပေးအပ်ပွဲကို ယမန်နေ့က ကလေးမြို့တော်ခန်းမ၌ ကျင်းပသည်။ ''တိုင်းဒေသကြီးအစိုးရက ကျေးရွာ ၁၃ရွာမှာ ရေတွင်း ၇ဝ တွင်းတူးဖို့နဲ့  ရေတင်စက်ရုံ၊ ရေပေးမြောင်း၊ ရေငြိမ်ကန်တွေ တည်ဆောက်နိုင်ဖို့ ငွေကျပ် ၄ဝ၄ ဒသမ ၅ သန်း ရန်ပုံငွေချထားပြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနကို ဆောင်ရွက် စေခဲ့ပါတယ်။ 
-
ရေတွင်း ၇ဝ  တူးဖော်ရာမှာ ရေလျှံတွင်း ၁၇ တွင်း တူးဖော်နိုင်ခဲ့တယ်။ ကမ္ဘာ့ဘဏ်ချေးငွေ အစီအစဉ်နဲ့  ကလေးမြို့နယ်မှာ ရေတွင်း ၇ဝ အတွက် ၄ လက်မ ဏဠဃ ပိုက် ၁၁၂ဝ လုံး၊ ဒီဇယ် ၅၂၅ဝ ဂါလန် ထောက်ပံ့ပေးခဲ့ပါတယ်။ အခုအခမ်းအနားကတော့ ၂ဝ၁၅ ခုနှစ်အတွင်း ရေကြီးနစ်မြုပ်မှုဒဏ် ခံခဲ့ရသော ကလေးမြို့နယ်ရှိ ကျေးရွာ ၆ဝ အတွက်  စိုက်ပျိုးရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့  ရေစုပ်စက်အစုံ ၆ဝ ကို ပံ့ပိုးပေးခြင်းဖြစ်ပါတယ်'' ဟု ချင်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးက ပြောသည်။
-
၂ဝ၁၅ ခုနှစ် ဇူလိုင်လအတွင်း ချင်းတောင်ပေါ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကလေးမြို့နယ်ရှိ ချောင်းမြောင်းများတွင် နုန်းတင်ပြီး ချောင်းများကောသွားခြင်း၊ ရေပေးမြောင်းများ ကောသွားခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး ချင်းတောင်ပေါ်မှ ရေစီးနှင့်အတူ မျောပါလာသည့်သစ်တုံးများ၊ အမှိုက်များ၊ ဒိုက်များကြောင့်    လယ်ကွင်းများ ပျက်စီးဆုံးရှုံးမှု  ကြုံတွေ့ခဲ့ရသည်။ ''ကလေးမြို့နယ်မှာ ၂ဝ၁၅ ခုနှစ်အတွင်း ရေဘေးသင့်မှုကြောင့် ရေဘေးဒဏ် ခံစားခဲ့ရတဲ့ တောင်သူကျေးရွာ ၆ဝ ကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက  စိုက်ပျိုးရေး ပြန်လည်ထူထောင်မှုမှာ အသုံးပြုဖို့အတွက် တစ်စုံလျှင် အမေရိကန်ဒေါ်လာ၁၃၉၈ ဒသမ ၁၃ တန်ဖိုးရှိ ရေစုပ်စက် (အင်ဂျင်နှင့်ပန့်) အစုံ ၆ဝ ပေးအပ်ခဲ့ပါတယ်။
-
အဓိကအနေနဲ့ လယ်ယာမြေ စိုက်ပျိုးရေး အတွက် ရေရဖို့ရည်ရွယ်ပြီး ပေးအပ်တာ ဖြစ်ပါတယ်။ တောင်သူတွေ အနေနဲ့ မိုးရေကိုသာအားကိုးမနေဘဲ မြစ်တွေ၊ ချောင်းတွေအတွင်းမှ ရေစုပ်တင်ပြီး စိုက်ပျိုးရေး အတွက် ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ဖို့ ရည်ရွယ် ပေးအပ်တာဖြစ်ပါတယ်''ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်း ပြောကြားသည်။ အဆိုပါပေးအပ် လှူဒါန်းပွဲသို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်  ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်သူများ  တက်ရောက်ကြောင်း  သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment