Pages

Monday, December 10, 2018

ထိုင်ဝမ်ပြောင်းဖူး ခေါ် သကြားဟြေင်းဖူး စိုက်ပျိုးကြသူများ အကျိုးအမြတ်ရရှိ

-
စစ်ကိုင်း ဒီဇင်ဘာ ၉
-
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် ဆင်တပ်ကျေးရွာ၌ စိုက်ပျိုးသော ထိုင်ဝမ်ပြောင်းဖူး ခေါ် သကြားပြောင်းဖူးများမှာ အောင်မြင်ဖြစ်ထွန်းသဖြင့် စိုက်ပျိုးကြသူများ အကျိုးအမြတ် ရရှိ ကြောင်း သိရသည်။
-
အဆိုပါ ထိုင်ဝမ်ပြောင်းဖူး ခေါ် သကြားပြောင်းဖူးများကို စစ်ကိုင်းမြို့နယ်အတွင်း ဆင်တပ် ကျေးရွာရှိ တောင်သူအချို့မှာ လျှပ်စစ်မြစ်ရေ တင်လက်တံမြောင်းနှင့် နီးသည့် နေရာများတွင် မြစ်ရေတင်မှ ရေကို အသုံးပြု၍ တစ်နှစ်ပတ်လုံး နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးကြသည်။
-
အချို့တောင်သူများက မြစ်ရေတင် လက်တံမြောင်းနှင့်ဝေးသည့် နေရာများတွင် ကိုယ်ပိုင် စက်များနှင့် ငါးပေါက်တွင်းများမှ မြေအောက်ရေကို အသုံးပြု၍ မိမိတို့စိုက်ပျိုး မြေများကို ရာသီဥတုနှင့် ကိုက်ညီပြီး အပိုဝင်ငွေ ရရှိသည့် အမြင့်ပိုင်း မြေကွက်များ၌ ပဲစင်းငုံနှင့် နှံစား ပြောင်း များကိုလည်းကောင်း၊ အနိမ့်ပိုင်း မြေများ၌ မြေပဲနှင့် ဈေးကွက်ဝင် ထိုင်ဝမ်ပြောင်းဖူး ခေါ် သကြား ပြောင်းဖူးများကို လည်းကောင်း စိုက်ပျိုးကြသည်။
-
စိုက်ပျိုးရာတွင် မျိုးစေ့အမျိုးအစားအလိုက် 1kg တစ်ထုပ်ကို မျိုးစေ့ပေါင်း ၃ဝဝဝ မှ ၅ဝဝဝ အထိ ပါရှိပြီး မျိုးစေ့ထုပ်၏တန်ဖိုးမှာ ငွေကျပ် ၁၅ဝဝဝ မှ ၁၈ဝဝဝ အထိပေးရသည်။ ''ပြောင်း ဖူး ခုတ်သိမ်းပြီး ယခုမြေပြုပြင်၍ ပြောင်းဖူး ပြန်စိုက်မှာပါ။ ထွက်ရှိတဲ့ ပြောင်းဖူးများကို မြို့မ ဈေး အရောက်ပို့ပေးပါတယ်။
-
အများယူ ဖောက်သည်ဈေး ပြောင်းဖူးတစ်ဖူးကို ငွေကျပ် ၉ဝ မှ ပြောင်းဖူးလှပါက ငွေကျပ် ၁ဝဝ နှင့် အထက်ပေးပါတယ်။ ပြောင်းဖူး စိုက်ပျိုးချိန်ကို အများနဲ့ပြိုင်တူ မစိုက်တဲ့အတွက် ပြိုင်တူ မပေါ်၍ ရောင်းအား ကောင်းပြီး တစ်ခါတည်း အပြီးမချိုးဘဲ ဈေး၏ ရောင်းအားကို ကြည့်ပြီး ချိုးရောင်းတဲ့အတွက် လက်ကျန်မှာ အနွမ်းမဖြစ်ဘဲ ဝယ်ယူသူ အကြိုက်တွေ့တဲ့ အတွက် အကျိုးအမြတ်ရရှိပါတယ်'' ဟု ဆင်တပ်ကျေးရွာမှ ထိုင်ဝမ်ပြောင်းဖူး စိုက်တောင်သူ ဦးသန်းဝင်းကပြောသည်။
-
ထိုင်ဝမ်ပြောင်းဖူး ခေါ် သကြား ပြောင်းဖူး စိုက်ပျိုးရာတွင် အပင်ပေါက်သည့် အခြေအနေပေါ် မူတည်၍ အပင်ပေါက် ထူပါက အပင်နုတ်ပေးပြီး သက်တမ်းရက် ၇ဝ လောက်နှင့် မြေ ပြုပြင် ရက်အပါအဝင် ရက် ၈ဝ နှင့် တစ်ဧက ငွေကျပ်နှစ်သိန်းခွဲ လောက်ရရှိသဖြင့် တောင်သူများ အကျိုး အမြတ်ရရှိကြောင်း သိရသည်။
-
(၄ဝ၉)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment