Pages

Thursday, December 20, 2018

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)အနီး ဘက်စုံခေတ်မီ ကစားကွင်း ဖော်ဆောင်ရန် ဒီဇိုင်းအတွက် တင်ဒါခေါ်ယူထား

-
ရန်ကုန်   ဒီဇင်ဘာ  ၁၉ 
-
တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)အနီး ဘက်စုံခေတ်မီ ကစားကွင်း ဖော်ဆောင်ရန် လက်ရှိတွင် တင်ဒါရွေးချယ်ရေး အဖွဲ့ကို  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖွဲ့စည်းထားပြီး ဖော်ဆောင်မည့် ဒီဇိုင်းအတွက် တင်ဒါခေါ်ယူထားကြောင်း   ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုး ထံမှ သိရသည်။ ယင်းနေရာတွင် တခြားသော မြေရာအသုံးချခွင့်များကို ခွင့်ပြုမည်မဟုတ်ဘဲ  နိုင်ငံတကာ ခေတ်မီ ဘက်စုံကစားကွင်း အဖြစ်သာ ဖော်ဆောင်မည်ဖြစ်သည့်အပြင် နိုင်ငံခြားခရီးသွား ဧည့်သည်များပါစိတ်ဝင်တစား လာရောက် လည်ပတ်နိုင်မည့် ကစားကွင်း ပုံစံမျိုးဖော်ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။ 
-
''နိုင်ငံခြားခရီးသွား ဧည့်သည်တွေလည်း ဒီနေရာမှာလာပြီး အပန်းဖြေနိုင်မယ့် ပုံစံမျိုး ဖော်ဆောင်မှာပါ။ ဒီလို လုပ်ဆောင်ပေးနိုင်မယ့် ကုမ္ပဏီကိုပဲ တင်ဒါရွေးချယ်မှာပါ။ လက်ရှိကတော့ ဒီဇိုင်းအတွက်  တင်ဒါခေါ်ထားပါတယ်။  ကစားကွင်း ဖော်ဆောင်ပြီးရင် ရရှိလာတဲ့ အကျိုးအမြတ်ကို  တိုင်းဒေသကြီး အစိုးရ  ရန်ပုံငွေအတွင်း ထည့်သွင်းမှာပါ။ ဒီနေရာမှာ ဟိုတယ်၊   မိုတယ်တွေနဲ့ တခြားအဆောက်အအုံတွေ တည်ဆောက်ခွင့်ပြုမှာ မဟုတ်ပါဘူး။ တင်ဒါအဖွဲ့ အစည်းကနေ လိုအပ်တဲ့ တင်ဒါတွေကိုခေါ်ယူပြီး  အမြန်ဆုံးဖော်ဆောင်နိုင်အောင် ဆောင်ရွက်မှာပါ''   ဟု  ဦးသိန်းတိုး ကပြောသည်။ 
-
လက်ရှိတွင် ဒီဇိုင်းတင်ဒါအတွက် စိတ်ဝင်စားသော ကုမ္ပဏီပေါင်း ၂၄ ခုမှ စာရင်းပေးသွင်းထားပြီး ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဒီဇိုင်းများကို တင်ပြပေးရမည်ဖြစ်ကြောင်း၊ ကစားကွင်းဖြစ်သည့်အတွက်  လုံခြုံမှုရှိစေရေးနှင့်   နိုင်ငံတကာအဆင့်မီ ဖြစ်စေရေး ဦးစားပေး ရွေးချယ်မည်ဖြစ်ပြီး တင်ဒါစည်းကမ်း ချက်များနှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 
-
ယခုဖော်ဆောင်မည့်နေရာသည် ယခင်က ဒို့ပြည်သား ကစားကွင်းအဖြစ်  ဖော်ဆောင်ခဲ့သော နေရာဖြစ်ပြီး ၂ဝ၁၂ ခုနှစ် အောက်တိုဘာလတွင် စတင်ပိတ်သိမ်းခဲ့ကြောင်း၊ယခု ထပ်မံ၍ နိုင်ငံတကာအဆင့်မီ ဘက်စုံ ကစားကွင်းအဖြစ်  ပြန်လည်ဖော်ဆောင်ရန် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး  သစ်တောဦးစီးဌာန အပါအဝင် သက်ဆိုင်ရာတိုင်းဒေသကြီး အတွင်းရှိ ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment